Local News Peace political news

ရသေ့တောင် တိုက်ပွဲတွင် တပ်မတော်သား ၈ ဦးကျဆုံးပြီး AA ၁ ဦးကျဟု AA ထုတ်ပြန်၊ စစ်ပွဲ ပြင်းထန်၍ ဒေသခံပြည်သူသောင်းချီ ထွက်ပြေးနေရ

ရသေ့တောင် တိုက်ပွဲတွင် တပ်မတော်သား ၈ ဦးကျဆုံးပြီး AA ၁ ဦးကျဟု AA ထုတ်ပြန်၊ စစ်ပွဲ ပြင်းထန်၍ ဒေသခံပြည်သူသောင်းချီ ထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် နိုဝင်ဘာလ ၁၅ ရက်နေ့ တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေပြီး ယင်းတိုက်ပွဲများကြောင့် တပ်မတော်သား ၈ ဦးကျဆုံးပြီး AA ဘက်မှ ၁ ဦးကျဆုံးကြောင်း AAက နိုဝင်ဘာ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ရသေ့တောင်မြို့နယ်၊ “ရေဘုတ်ကျေးရွာ”၏အရှေ့ဖက် ၂ ဒသမ ၅ ကီလိုမီတာခန့်အကွာ(သို့မဟုတ်) ရသေ့တောင်မြို့နယ်၊ကျောက်တန်းကျေးရွာ၏အရှေ့မြောက်ဖက် ၃ ကီလိုမီတာခန့်အကွာအဝေးရှိတောင်တန်းပေါ်တွင်မြန်မာ့တပ်မတော်၏ တပ်မ ၂၂ (ဘားအံ) လက်အောက်ခံ၊ ကျောက်တလုံးအခြေစိုက် ခမရ (၂၁၀) တပ်ရင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ၈ ဦးကျဆုံးကြောင်း၊ AA ဘက်မှ တစ်ဦး ကျဆုံးကြောင်း ၊ တပ်မ ၂၂ ၏ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း AA ကသတင်းထုတ်ပြန်သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်များထံ ရန်ကုန်ခေတ်သစ် သတင်းဌာနက တိုက်ပွဲ အကျအဆုံးနှင့်ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း ဖုန်းစက်ပိတ်ထားခြင်း၊ ဖုန်းမကိုင်ခြင်းတို့ကြောင့် အဆက်အသွယ် မရရှိပေ။ ထို့ကြောင့် AA ဘက်မှ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တပ်မတော်၏ အတည်ပြုချက် ရယူနိုင်ခြင်းမရှိပေ။

ရသေ့တောင်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကမူ နိုဝင်ဘာလ ၁၂ ရက်နေ့မှစတင် ဖြစ်ပွားနေသော ရသေ့တောင်မြို့နယ် အတွင်းတိုက်ပွဲများသည် အလွန်ပြင်းထန်ပြီး ၆ ရက်နီးပါးရှိလာချိန်တွင် ဒေသခံ သောင်းချီ ထွက်ပြေးနေရကြောင်း ပြောဆိုသည်။

“အခုက စပါးရိတ်ရမယ့် အချိန်။တိုက်ပွဲဖြစ်တော့ ဒေသခံ ထောင်နဲ့ သောင်းနဲ့ချီပြီး ထွက်ပြေးနေရတာ။ တိုက်ပွဲဖြစ်နေတဲ့ ကျောက်တန်းရွာဆိုရင် တစ်ရွာလုံးမှာ လူဦးရေ ၂၅၀၀ နဲ့ ၃၀၀၀ ကြားရှိတယ်။ အခု ဘယ်သူမှ မရှိတော့ဘူး။ အကုန်လုံးနီးစပ်ရာတွေ ပြေးနေရတာ။ ရသေ့တောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းမှာလည်း လူဦးရေ ၂၀၀၀ လောက်ရှိတယ်။ ရသေ့တောင်မှာ ဒီလောက် အပြင်းအထန် တိုက်ပွဲမဖြစ်ဖူးသေးဘူး။ အခုမှ ဖြစ်တာ။ တစ်ရွာမှာဆိုရင် လူဦးရေ ထောင်နဲ့ချီရှိနေတာ။ အဲဒီရွာတွေ ဘယ်သူမရှိတော့ဘူး။ ရသေ့တောင်မြို့ပေါ်ကနေလည်း အမြှောက်နဲ့ တောင်ဘက်တွေကို လှမ်းပစ်နေတာတွေလည်းရှိတယ်။ အခုထက်ထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဆိုသည်။

မြေပြင်အခြေအနေများအရ စစ်ဘေးရှောင်ဒုက္ခသည်များမှာ နေအိမ်များ စွန့်ခွာ ထွက်ပြေးနေရ၍ အလွန်ဒုက္ခရောက် နေရသည်ဟု သိရှိရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“အခုက ဒုက္ခသည်တွေ အရမ်းကို ဒုက္ခဖြစ်နေကြတယ်။ အိုးပစ် အိမ်ပစ်။ နီးစပ်ရာ ရွာတွေ ဆွေမျိုးရှိတဲ့ ရွာတွေကို ပြေးပြီး ခိုလှုံနေရတယ်” ဟု ဦးခင်မောင်လတ်က ရှင်းပြသည်။

Photo – AA ဘက်က ထုတ်ပြန်သည့် သိမ်းဆည်းရမိသော တပ်မတော်စစ်ပစ္စည်းများ။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts