China Watch Local News political news

ရခိုင်မှ ထွက်သည့် သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်မည့် တရုတ်ပိုင်ဓာတ်အားထုတ်စက်ရုံမှ လျှပ်စစ် ပြန်ဝယ်ရန် မြန်မာအစိုးရနှင့် တရုတ် သဘောတူလက်မှတ်ထိုး

ရခိုင်မှ ထွက်သည့် သဘာဝဓာတ်ငွေ့ဖြင့် ထုတ်လုပ်မည့် တရုတ်ပိုင်ဓာတ်အားထုတ်စက်ရုံမှ လျှပ်စစ် ပြန်ဝယ်ရန် မြန်မာအစိုးရနှင့် တရုတ် သဘောတူလက်မှတ်ထိုး

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံ Power China Resources Limited နှင့် မြန်မာနိုင်ငံ Supreme Group of Companies တို့ ပူးပေါင်းဆောင်ရွက်မည့် ကျောက်ဖြူလျှပ်စစ်ဓာတ်အားထုတ်စက်ရုံမှ ဓာတ်အားများ ဝယ်ယူရန် မြန်မာအစိုးရက သဘောတူညီ လက်မှတ်ရေးထိုးလိုက်ကြောင်း သိရှိရသည်။

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်သည့် ကျောက်ဖြူလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးစီးပွားရေးသံမှူး Mr. Tan Shufu တို့ တက်ရောက်ခဲ့ကြသည်။

ကျောက်ဖြူလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်မည်ဖြစ်ကြောင်း၊ စက်တပ်ဆင်အား ၁၃၅ မဂ္ဂါဝပ်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် တိုးတက်လိုအပ်လာမည့် ဓာတ်အားလိုအပ်ချက်ကို အချိန်တို အတွင်း ဖြည့်ဆည်းပေးနိုင်ရန် ၁၁၆၆ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်း (၇) ခုကို ရေတိုစီမံချက်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၂၁ ခုနှစ်တွင် ထပ်မံလိုအပ်လာမည့် ဓာတ်အားလိုအပ်ချက် ၁၀၀၀ မဂ္ဂါဝပ်ခန့်ကို ဖြည့်ဆည်းပေးနိုင်ရန်ကိုလည်း ရေတို အစီအစဉ်ဖြင့် ဆက်လက်စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်မှစတင်ပြီး ရေရှည်စီမံကိန်းအနေဖြင့် Notice to Proceed ထုတ်ပေးထားခဲ့သော စီမံကိန်း ၄ ခုအနက် ယနေ့လက်မှတ်ရေးထိုးမည့် စီမံကိန်းမှ ၁၃၅ မဂ္ဂါဝပ်နှင့် ကျန်စီမံကိန်း ၂ ခုမှ ၈၂၆ မဂ္ဂါဝပ် စုစုပေါင်း ဓာတ်အားပမာဏ ၉၆၁ မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်ပေးနိုင်မညဖြစ်ကြောင်း၊ လတ်တလော ရွှေလီ (၁) ၄၀၀ မဂ္ဂါဝပ်၊ ချီဖွေငယ် ၉၉ မဂ္ဂါဝပ်၊ သာကေတ CCGT ၁၀၆ မဂ္ဂါဝပ် စီမံကိန်းများမှ နိုင်ငံ၏ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အားများကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်က ပြောဆိုကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကျောက်ဖြူဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ စုစုပေါင်း ၁၄၆ မဂ္ဂါဝပ်ဖြစ်ပြီး ထုတ်လုပ်နိုင်မည့်ဓာတ်အား ပမာဏမှာ ၁၃၅ မဂ္ဂါဝပ်ဖြစ်ကာ ဒီဇိုင်းအရ တစ်နှစ်ထုတ်လုပ်နိုင်မှုမှာ ယူနစ်သန်းပေါင်း ၁,၀၀၅ ဖြစ်ကြောင်း သိရှိရသည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com