All News Local News Peace

မြောက်ဦး၊ ကျောက်တောင်ရွာတွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ

မြောက်ဦး၊ ကျောက်တောင်ရွာတွင် လက်နက်ကြီးကျည်ကျ၍ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၄

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကျောက်တောင်မြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၄ရက်နေ့ နေ့လည် ၁၂နာရီအချိန်ခန့်တွင် နေအိမ်ခြံဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောဆိုသည်။

အသက် ၃၄နှစ်အရွယ် မထွေးလေးဆိုသူသည် ၎င်း၏ နေအိမ်ခြံဝင်းရှိ အိမ်အောက်တွင် ထိုင်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပြီး ကျည်စများထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“သူကသူအိမ်မှာသူနေတာပဲ လက်နက်ကြီးကျည်က ခြံဝင်းထဲကျလာတာ ဒဏ်ရာအခြေအနေကတော့ သိပ်မစိုးရိမ်ရဘူးလို့တော့ ပြောတယ်။ ခြေထောက်မှာ ထိသွားတာလို့ သိရတယ် ”ဟု ဦးထွန်းသာစိန်ကဆိုသည်။

လက်နက်ကြီးကျရောက်မှုကြောင့် မထွေးလေး ပေါင်တွင် ကျည်စထိမှန်ခဲ့ပြီး လက်ရှိချိန်တွင် မြောက်ဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကျောက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကဆိုသည်။

“ကျွန်တော်တို့ သိသိချင်းသွားရောက်ကြည့်တော့ ခြံဝင်းတည်းမှာ လက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရရှိသူကိုတော့ အိမ်အောက်မှာတွေ့တယ်။ ကျွန်တော်တို့ဆီမှာ ဒီလိုလက်နက်ကြီးကျည် ကျရောက်တာတွေဟာ ဖြစ်နေတာပဲ။ နေ့စဉ်တော့ မဟုတ်ပေမယ့် ခဏခဏတော့ ဖြစ်လေ့ရှိတယ်။ ဘယ်အဖွဲ့ပစ်တယ်ဆိုတာ ကျွန်တော်တို့လည်းမသိဘူး”ဟု ကျောက်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA(ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့)တို့အကြား တိုက်ပွဲများ ပြင်းထန်းစွာဖြစ်ပွားလျက်ရှိပြီး နေရပ်စွန့်ခွာနေသော အရပ်သားပြည်သူများလည်း နေ့စဉ်တိုးပွားလျက်ရှိကာ ထိုသို့ လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု သေဆုံးမှုများလည်း တိုးပွားလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts