All News Local News Peace

မြောက်ဦးတွင် စစ်မှူးထမ်းဟောင်း တစ်ဦး ဖမ်းဆီးခံထားရမှု မိသားစုနှင့်ဒေသခံများ စိုးရိမ်

မြောက်ဦးတွင် စစ်မှူးထမ်းဟောင်း တစ်ဦး ဖမ်းဆီးခံထားရမှု မိသားစုနှင့်ဒေသခံများ စိုးရိမ်

ရန်ကုန်၊ နိုဝင်ဘာ ၂

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဘုရားဦးကျေးရွာတွင် တပ်မတော်စစ်မှူးထမ်းဟောင်းတစ်ဦးကို အရပ်ဝတ်ဝတ်ဆင်ထားသူများက အောက်တိုဘာလ ၂၆ရက်နေ့တွင်ဖမ်းဆီးခေါ်ဆောင်သွားကာ လက်ရှိချိန်တွင်ဒေသခံပြည်သူများက ထိုသို့ လာရောက်ဖမ်းဆီးမှုများပြုလုပ်မည်ကို စိုးရိမ်လျက်ရှိသည် ဘုရားဦးကျေးရွာဒေသခံများကပြောဆိုသည်။

ထိုသို့ဖမ်းဆီးခေါ်ခံရသူမှာ အသက်၇ဝကျော် ဦးဘိုနီဆိုသူဖြစ်ပြီး ၎င်းသည် တပ်မတော် စစ်မှူးထမ်းဟောင်းတစ်ဦးဖြစ်ကာ ကျောက်ဖြူတွင် နှစ်၃ဝခန့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ မြောက်ဦးဒေသခံ အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျကာ ဘုရားဦးကျေးရွာတွင် နှစ်၃ဝခန့်နေထိုင်ခဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆိုသည်။

“ဦးဘိုနီကို လာဖမ်းတာက အရပ်ဝတ်ဝတ်ထားတဲ့သူတွေ ရခိုင်စကားပြောတယ်။ ဦးဘိုနီက တပ်မတော်စစ်မှူးထမ်းဟောင်းတစ်ဦး ဗမာလူမျိုး သူက ဒီဇာတိတော့မဟုတ်ဘူး။ ဘုရားဦးမှာနေတာ နှစ်၃ဝလောက်တော့ရှိပြီး ကျွန်တော်တို့ အဲလိုဖမ်းဆီးသွားတာကို ဘယ်ကိုမှအကြောင်းသွားမကြားရဲဘူး။ ဘယ်အချိန်များ ငါတို့ကိုလည်း လာဖမ်းမှာလည်းလို့ စိုးရိမ်နေရတယ်။ လွှတ်တော်အမတ်တွေကိုလည်း မပြောရဲဘူး။ စိုးရိမ်စိတ်တွေနဲ့ နေနေရတာ သူအသက်ရှင်သေးလား။ဘယ်အဖွဲ့က လာဖမ်းသွားတာလည်း ကျွန်တော်တို့ တစ်ရွာလုံး သူပြန်လွတ်အလာကိုဆုတောင်းနေရတယ်”ဟု ဒေသခံက ပြောဆိုသည်။

မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသားစိန်ကမူ ဦးဘိုနီ ဖမ်းဆီးခံရမှု မသိရှိဟုဆိုသည်။

“ကျွန်တော် အဲဒီကိစ္စ မသိသေးဘူး။ ကျွန်တော့်ကို လာရောက်အကြောင်းကြားတာလည်းမရှိဘူး။ သွားရောက်စစ်ဆေးဖို့ကျတော့ ဖမ်းဆီးခံရတဲ့မိသားစုဝင်တွေ လာရောက်အကြောင်းကြားရင်တော့ စစ်ဆေးတာာတွေပြုလုပ်ဖို့တော့ရှိတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA (ရခိုင်တိုင်းရင်းသားလက်နက်ကိုင်)တို့ကြား တိုက်ပွဲဖြစ်များ ပြင်းထန်လျက်ရှိပြီး စစ်ဘေးရှောင်ပြည်သူအရေအတွက် နေ့စဉ်မြှင့်မားလျက်ရှိကာ အရပ်သားပြည်သူများ ဖမ်းဆီးခံရခြင်းများ၊ သေဆုံးမှုများလည်း ဖြစ်ပွားလျက်ရှိသည်။

တပ်မတော်၏ အောက်တိုဘာလ ၃၀ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊ သရက်အုပ်ကျေးရွာနေ စစ်မှုထမ်းဟောင်းဦးဘိုနီကို အောက်တိုဘာ ၂၆ ရက် ည ၇ နာရီခွဲခန့်၌ အရပ်ဝတ်ဝတ်ဆင်ထားသည့် AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းထုတ်ပြန်သည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ဦးဘိုနီသည် ၁၉၉၉ ခုနှစ်တွင် ကျောက်ဖြူမြို့ရှိ နယ်မြေခံတပ်ရင်းမှ တပ်ကြပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး သားသမီး လေးဦးနှင့်အတူ ဇနီးဖြစ်သူ၏နေရပ်ဖြစ်သော သရက်အုပ်ကျေးရွာသို့ လိုက်ပါနေထိုင်ခဲ့ပြီး ဆေးကုသသည့် အလုပ်အား ရိုးသားစွာ လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မင်းပြားမြို့နယ်၊ အိုးပုံတောင်ကျေးရွာနေ ဦးထွန်းမင်းသိန်းသည် အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီခန့်တွင် ပြိုင်းချောင်းကျေးရွာသို့ ဆန်ကွဲဝယ်ယူရန် သွားရောက်စဉ် အိုးပုံတောင်ကျေးရွာ၏ မြောက်ဘက် မီတာ ၄ဝဝဝ ခန့်အကွာ ပြိုင်းချောင်းကျေးရွာသွား ကားလမ်းပေါ်သို့ အရောက်၌ AA အဖွဲ့ဝင် ၁ဝ ဦးခန့်က ဖမ်းဆီးခေါ်သွားကြောင်း သတင်းထုတ်ပြန်သည်။

AA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts