Local News Peace political news

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် ကျောက်စိမ်း၊ သယံဇာတတူးဖော်နေသော လုပ်ငန်းများအကြောင်း တစေ့တစောင်း

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် ကျောက်စိမ်း၊ သယံဇာတတူးဖော်နေသော လုပ်ငန်းများအကြောင်း တစေ့တစောင်း

By ရန်ကုန်ခေတ်သစ်

စစ်အစိုးရလက်ထက်မှာ စစ်တပ်က မြန်မာ့စီးပွားရေးဦးပိုင်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းအမည်တွေနဲ့ ကုမ္ပဏီတွေ ထူထောင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေ လက်ဝါးကြီးအုပ်လုပ်ကိုင်ခဲ့ပါတယ်။

အဲဒီလုပ်ငန်းတွေဟာ စစ်အစိုးရသက်တမ်း နှစ်ပေါင်း ၂၀ ကျော်ကြာ ကာလတစ်လျှောက်လုံး အခွန်မဆောင်ဘဲ အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းကြီးတွေအဖြစ် ရပ်တည်ခဲ့တာပါ။

၂၀၁၁ ခုနှစ် ဒီမိုကရေစီ အမည်ခံ ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေ မဖြစ်မနေ အခွန်ဆောင်လာရပေမယ့်လည်း အခွင့်ထူးခံ လက်ဝါးကြီးအုပ်ထားတာတွေကိုတော့ မဖြေလျှော့သေးပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေတာရဲ့ အဓိက ရည်ရွယ်ချက်မှာ တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ သက်သာချောင်ချိရေး ဆောင်ရွက်ပေးရန် အဓိက ရည်ရွယ် တာဖြစ်ကြောင်း၊ နောက်တစ်ချက် နိုင်ငံတော် ရဲ့လိုအပ်ချက်များဖြစ်သည့် စီးပွားရေးအရ သွင်းကုန် များကြောင်း၊ သွင်းကုန်အစားထိုး နိုင်ရန် မိမိတို့အနေဖြင့် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးဖို့ ရည်ရွယ် ဆောင်ရွက် တာ ဖြစ်ကြောင်း၊ ၎င်းနှင့်ပတ်သက်ပြီး တရားဝင် အဖွဲ့ဖွဲ့စည်းမိန့်၊ ဖွဲ့စည်းခွင့်၊ တရားဝင်အခွန်ဆောင်၊ တရားဝင်စာရင်း အစစ်ဆေး ခံပြီးဆောင်ရွက်နေတာဖြစ်ကြောင်း၊ မိမိ တို့တပ်မတော်သားတွေထည့်ဝင်ထားတဲ့ အစုရှယ်ယာတွေရှိ ကြောင်း၊ ရရှိ လာသည့် အကျိုးအမြတ်ကိုလည်း ၎င်းတို့အတွက် တစ်ဦးချင်းရဲ့သက်သာ ချောင်ချိရေး၊ တပ်ဖွဲ့ အလိုက် သက်သာ ချောင်ချိရေးလုပ်ငန်းများ မှာအသုံးပြုကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တပ်မတော် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တရားဝင်လူသုံးကုန်ပစ္စည်းများကို တရားဝင်ထုတ်လုပ်တာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သက်သာ ချောင်ချိရေးနှင့် နိုင်ငံအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူဖြစ်စေမည့်လုပ်ငန်းဆောင်ရွက်နေတာဖြစ်ကြောင်း၊တစ်ဖက်ကလည်း နိုင်ငံတော်ကမဆောင်ရွက်နိုင်သည့်၊ ဆောင်ရွက်ရန်ခက်ခဲသည့်၊ ဆောင်ရွက်ရန်အကြောင်း အမျိုးမျိုး ရှိသည့် အချို့ကိစ္စ ရပ်များကို ဆောင်ရွက်နိုင်ရန် မိမိတို့တွင် ပညာရှင်နှင့် လုပ်ငန်းကျွမ်းကျင်သူများ ရှိကြောင်းနှင့် ၎င်းတို့ ဆောင်ရွက်လျက် ရှိ ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ရန် ဆောင်ရွက်နေတာဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ တပ်မတော်က လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အဓိက ဝင်ငွေ ရှာပေးနေတာက ကျောက်စိမ်း၊ သဘာ၀ သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေ ဖြစ်ပါတယ်။ ပြည်သူလူထု အလုပ်အကိုင်ရရှိတဲ့ လုပ်ငန်းတွေကို ဦးပိုင်ဘက်က လုပ်ကိုင်တာ နည်းပါးလှပါတယ်။

စီးပွားရေးဦးပိုင်အနေနဲ့ သယံဇာတ တူးဖော်မှု လုပ်ငန်းတွေမှာ ဘယ်လောက် ပါဝင်ပတ်သက်နေပါသလဲ။ MATA အဖွဲ့က တရားဝင် ထုတ်ပြန်တဲ့ စီးပွားရေးဦးပိုင်ရဲ့ သယံဇာတ လုပ်ကိုင်မှု ဆိုင်ရာ အချက်အလက်တွေကို ကိုးကားပြီး ပြန်လည် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

စပယ်တောင် ကြေးနီသတ္တုတွင်းလုပ်ငန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်မှာ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီဟာ တရုတ်နိုင်ငံ Yang Tse Mining Limited လက်အောက်ခံ Myanmar Yang Tse Copper Limited ကုမ္ပဏီနဲ့ ပူးပေါင်းပြီး စပယ်တောင် ကြေးနီ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်။

လုပ်ငန်းတွေကို MoU နားလည်မှု စာချွန်လွှာ ရေးထိုး လုပ်ကိုင်တာဖြစ်ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ စာချုပ်လက်မှတ်ထိုးတာပါ။ စာချုပ်သက်တမ်းက ၂၅ နှစ်ဖြစ်ပါတယ်။

အဲဒီလုပ်ငန်းရဲ့ ရင်းနှီးမြုပ်နှံမှုက အမေရိကန်ဒေါ်လာ ၃၉၈ ဒသမ ၅၆ သန်းရှိပါတယ်။ အဲဒီလုပ်ငန်းမှာ မြေဧက ၆၀၃၅ ဒသမ ၅၅ ဧက အပေါ်မှာ အကောင်အထည်ဖော်တာဖြစ်ပါတယ်။

နိုင်ငံတော်ကို ပေးသွင်းရတဲ့ အခွန်အခ များ၊ ထုတ်လုပ်မှု စရိတ်နဲ့ သတ္တု
တွင်း ဝန်ကြီးဌာနကို ပေးသွင်းရမယ့် Royalty များနုတ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်က ၅၁ ရာခိုင်နှုန်း၊ Myanmar Yang Tse Copper Limited ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း နှစ်အကျိုးအမြတ် ခွဲဝေပါတယ်။

လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ မြန်မာ့စီးပွားရေးဦးပိုင်က တရုတ် Wanbao Mining Limited လက်အောက်ခံကုမ္ပဏီ Myanmar Wanbao Mining Copper Limited နဲ့ ပူးပေါင်းပြီး လက်ပံတော်ငးတောင်မှာ ကြေးနီသတ္တုတွေ တူးဖော်နေပါတယ်။
ဒီတူးဖော်မှုမှာတော့ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့စီးပွားရေးဦးပိုင်၊ မြန်မာဝမ်ပေါင် ကုမ္ပဏီတွေက ထုတ်လုပ်မှု အပေါ် အကျိုးအမြတ် ခွဲေ၀ ခံစားတဲ့ စနစ်နဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။
စာချုပ်ကို မူလက ၂၀၁၀ ခုနှစ် ဇွန်လ ၃ ရက်နေ့မှာ ချုပ်ဆိုခဲ့ပေမယ့် ကန့်ကွက်ဆန္ဒပြမှုတွေ ကြောင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂၄ ရက်နေ့မှာ ပြန်လည် ချုပ်ဆိုခဲ့တာပါ။
အဲဒီစာချုပ်အရ လက်ပံတောင်းတောင်စီမံကိန်းမှာ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်က ၁၉ ရာခိုင်နှုန်း၊ Myanmar Yang Tse ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း အကျိုးအမြတ် ခွဲဝေကြရမှာပါ။စီမံကိန်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၉၉၇ သန်း ဖြစ်ပါတယ်။

ကျောက်အုံချောင်းဒေသ ကျောက်မီးသွေး ထုတ်လုပ်မှု လုပ်ငန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ကျောက်အုံချောင်းဒေသ၊ မြေဧက ၅၁၆၅ ဒသမ ၂၅ ဧကမှာ ထူးဟန်သစ်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားဦးပိုင်လီမိတက် ပူးပေါင်းပြီး ကျောက်မီးသွေး ထုတ်လုပ်နေပါတယ်။ လုပ်ငန်းသက်တမ်းကာလက ၂၀၀၅ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ဖြစ်ပါတယ်။ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုက ကျပ် သန်း ၁၀၀၀ ပါ။

ကျောက်စိမ်းရိုင်းတူးဖော်ခြင်း

မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက မြန်မာအင်ပီးရီးရယ်ဂျိတ်(ကျောက်မျက်ရတနာ) ကုမ္ပဏီကို ၁၉၉၆ ခုနှစ်မှာ ထူထောင်ပြီး ဖားကန့်၊ လုံးခင်းဒေသမှာ မြန်မာအောင်နိုင်ရေး မုခ်ဦး ကုမ္ပဏီနဲ့လည်းကောင်း၊ စစ်ကိုင်း၊ ခန္တီးဒေသမှာ ဂျိန်းဖောအောင် ကျောက်မျက်ရတနာကုမ္ပဏီနဲ့လည်းကောင်း ပူးပေါင်းပြီး ကျောက်စိမ်းရိုင်းတွေ တူးဖော်ခဲ့ပါတယ်။

ကျောက်မျက်ရတနာတူးဖော်ထုတ်လုပ်ခြင်း

ဒါ့အပြင် မြန်မာ့စီးပွားရေးဦးပိုင်ကပဲ မြန်မာရူဘီအင်တာပရိုက်(စ်) နာမည်နဲ့ ကုမ္ပဏီတစ်ခုကို ၁၉၉၆ ခုနှစ်မှာပဲ ထူထောင်ပြီး ကျောက်မျက်ရတနာ ထုတ်လုပ်ရောင်းချမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ မြန်မာရူဘီကုမ္ပဏီက ကုမ္ပဏီခွဲ ၇ ခု ထပ်မံ ဖွဲ့စည်းခဲ့ပြီး ဓူဝံကြယ်၊ စိတြကြယ်၊ သိန်းငှက်ကြယ်၊ ဓနသိဒ္ဓိကြယ်၊ သစ္စာပန်း၊ စံပယ်၊ ပုန်းညက် ဆိုတဲ့ ကုမ္ပဏီခွဲတွေ ထပ်မံ ထူထောင်ခဲ့ပါတယ်။

မြန်မာတပ်မတော်အနေနဲ့ ကုမ္ပဏီတွေ ထူထောင်လို့ စက်မှု လက်မှု စီးပွားရေး လုပ်ငန်းတွေ အပြင် ဘဏ်လုပ်ငန်း၊ သင်္ဘောဆိပ်ကမ်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ လောင်စာဆီ လုပ်ငန်း အပါအဝင် လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေတဲ့ မြန်မာနို်င်ငံရဲ့ ထိပ်ဆုံး စီးပွားရေးလုပ်ငန်စုကြီးးအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com