China Watch Local News Peace political news

မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်အစိုးရ ကြားဝင်စေ့စပ်သော်လည်း ကိုယ်ကျိုးစီးပွားအခြေခံထား၍ မအောင်မြင်ဖြစ်နေ

မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်အစိုးရ ကြားဝင်စေ့စပ်သော်လည်း ကိုယ်ကျိုးစီးပွားအခြေခံထား၍ မအောင်မြင်ဖြစ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၈

တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်း မြန်မာနိုင်ငံသို့ ၃ ကြိမ်မြောက်လာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကို တွေ့ဆုံခဲ့သော်လည်း လက်ရှိ အချိန်အထိ မြန်မာ့ငြိမ်းချမ်းရေး ရှေ့ဆက်မတိုးနိုင်ခြင်းမှာ တရုတ်၏ အကျိုးစီးပွား ကို အခြေခံသော မူများကြောင့် သုံးသပ်ပြောဆိုကြသည်။

တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာ စွန်းဂေါ်ရှန်းသည် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ၃ ကြိမ်လာရောက်ပြီး ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီလအတွင်းကလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ဇွန်လအတွင်းက လည်းကောင်း ၊ ယခု လာရောက်မှုသည် တတိယအကြိမ်အဖြစ်လည်းကောင်း လာရောက်ခြင်းဖြစ်သည်။

မစ္စတာ စွန်းဂေါ်ရှန်းသည် နိုဝင်ဘာ ၇ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့အတွက် တရုတ်နိုင်ငံက အပြုသဘောဆောင် ဆက်လက်ကူညီဆောင်ရွက်ပေးသွား မည့် ကိစ္စရပ်များဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

မစ္စတာ စွန်းဂေါ်ရှန်း လာရောက်သည့်အကြိမ်တိုင်း ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များရှိနေသည်ဟု ထင်မြင်ခဲ့ကြသော်လည်း လက်တွေ့တွင်မူ ငြိမ်းချမ်းရေး မှာ ရှေ့ဆက်တိုးနိုင်ခြင်းမရှိဟု ဝေဖန်သုံးသပ်မှုများရှိနေသည်။

“သူကဒီမလာခင်မှာ မြန်မာပြည်ကို မလာခင်မှာ နယ်စပ်မှာရှိတဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ကိုလည်း ငြိမ်းချမ်းရေးအတွက် ခေါ်ယူပြီး ဆက်လက် အမြန်ဆုံးလုပ်ဆောင်ကျဖို့ခေါ်တွေ့တယ်လို့ ကြားပါတယ်။ သူ့အနေနဲ့ကတော့ဒီ မြောက်ပိုင်းလေးဖွဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပြန်စနိုင်ဖို့အတွက် ကျွန်တော်တို့ စက်တင်ဘာ ၁၇ရက်နေ့မှာ ရပ်သွားပြီးတော့ အောက်တိုဘာ တစ်လလုံးနားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အမြန်စတင်နိုင်ဖို့ ဝင်ရောက်ညှိနှိုင်းတယ်လို့ထင်ပါတယ်”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကဆိုပြောဆိုသည်။

လက်ရှိချိန်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် ရပ်တန့်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တရုတ်နိုင်ငံက တွန်းတွန်းတိုက်တိုက်ဝင်ရောက် ညှိနှိုင်းမှုများ လုပ်ဆောင်လျှင် ငြိမ်းချမ်းရေး ညှိနှိုင်းပွဲများ ဖြစ်နိုင်သည့် အလားအလာများကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“ ဒီလို တရုတ်ကိုယ်တိုင် ပါဝင်လာတာဟာ ကောင်းတဲ့ လက္ခဏာ တစ်ခုလို့ဆိုနိုင်ပါတယ်။ ဆွေးနွေးပွဲအောင်မြင်ဖို့ကျတော့ ချက်ခြင်းကြီးအောင်မြင်ဖို့ကျတော့ ခက်ဦးမယ်ထင်ပါတယ်။ ဒါပေမယ့် အဆက်မပြတ်တွေ့ဆုံနေရင်းတော့ နားလည်မှုပိုပြီးတော့ တဖြည်းဖြည်းကောင်းလာမယ်ထင်ပါတယ်။ သူလာတာ တိုက်ပွဲတွေ လျှော့ချဖို့ထက် တွေ့ဆုံဆွေးနွေးမှုက အဓိကလို့ထင်ပါတယ်။ တွေ့ဆုံဆွေးနွေးနိုင်ရင်တော့ တိုက်ပွဲတွေ လျှော့ချနိုင်မယ်လို့ထင်ပါတယ်”ဟုစာရေးဆရာ ဦးမောင်မောင်စိုးကပြောဆိုသည်။

တရုတ်အထူးကိုယ်စားလှယ်သည် ယခုခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကို အထောက်အကူပြုဖြစ်စေရန် အမေရိကန် ဒေါ်လာ တစ်သန်းလှူဒါန်းခဲ့သည်။

တရုတ်ကိုယ်စားလှယ်များ မကြာခဏဆိုသလို မြန်မာနိုင်ငံလာရောက်၍ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေးမည်ဟု ပြောဆိုသော်လည်း လက်တွေ့တွင် မအောင်မြင်ရခြင်းမှာ တရုတ်နိုင်ငံ၏ ကိုယ်ကျိုးစီးပွား အတွက် မြန်မာ့ငြိမ်းချမ်းရေးကို အသုံးချနေခြင်းကြောင့်ဖြစ်သည်ဟု ISP Myanmar မှ ဦးအောင်သူငြိမ်းက သုံးသပ်သည်။

“ကျွန်တော်ထင်တယ်။ တရုတ်ကတော့ အခုနောက်ပိုင်းပေါ့နော် ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တည်းကို ပိုပြီးတော့ နည်းနည်း တွန်းတွန်းတိုက်တိုက်လည်းလုပ်လာတယ်။ ပိုပြီးတော့လည်း ပါဝင်ပတ်သက်လာတယ်ပေါ့နော်/ ဒါပေမယ့် ကျွန်တော်ထင်တာတော့ တရုတ်က သူရဲ့တခြားစီးပွားရေးအကျိုးစီးပွားတွေလည်း အများကြီးရှိတယ်လေ။ ရှိတဲ့အခါကျတော့ ကျွန်တော်ထင်တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ကို လုံးဝငြိမ်းချမ်းရေး အပြည့်အဝရသွားအောင်ဆိုတဲ့ သဘောမျိုးထက်စာရင် သူရဲ့ရင်းနှီးမြုပ်နှံမှုတွေ စီးပွားရေးတွေ လုပ်တာကိုင်တာ အဲလိုအခြေအနေလောက်ထိ ပဲရည်ရွယ်တယ်လို့ထင်တယ်။ သိတဲ့အတိုင်းပဲဗျာ AAတို့ ပလောင်တို့ဆိုရင် တရုတ်ရင်းနှီးမြုပ်နှံမှုတွေလုံးဝမထိဘူးဆိုတဲ့ဟာမျိုး မထိရဲဘူးပေါ့နော်။ နောက်တစ်ခါကျတော့လည်း တရုတ်ရဲ့ OBOR စီမံကိန်းကိုထောက်ခံတယ် ဘာညာဆိုပြီးတော့ သူတို့ထောက်ခံကြေညာချက်တွေ ဘာတွေလုပ်ထားတာပေါ့။ ကျွန်တော်ထင်တာ တရုတ်က သူတို့စီးပွားရေးလုပ်လို့ရရင် ရပါပြီ ဒီလောက်လို့ပဲထင်ပါတယ်” ဟု ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်အမတ်တစ်ဦးကမူ လက်ရှိ ငြိမ်းချမ်းရေးတွင် တရုတ်ကို အားကိုးနေရခြင်းထက် လက်နက်ကိုင်များ၊ တပ်မတော်နှင့် အစိုးရအကြား ယုံကြည်မှု ပြန်လည် တည်ဆောက်ပြီး ဆွေးနွေးမှသာ စစ်မှန်သော ငြိမ်းချမ်းရေး ရနိုင်ကြောင်း၊ တရုတ်ဖိအားကြောင့် ဖြစ်ပေါ်လာသော ငြိမ်းချမ်းရေးသည် စစ်မှန်သော ငြိမ်းချမ်းရေးမဟုတ်ဘဲ ယာယီ သဘောသာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com