All News China Watch

မြစ်ဆုံစီမံကိန်းလုပ်ခွင့်ရ တရုတ်CPIနှင့်အေးရှားဝေါလ်ကို တရားစွဲရန် ခရိုင်တရားရုံးပယ်ချမှု ပြည်နယ်တရားရုံးချုပ်ထံ အယူခံဆက်တက်မည်

မြစ်ဆုံစီမံကိန်းလုပ်ခွင့်ရ တရုတ်CPIနှင့်အေးရှားဝေါလ်ကို တရားစွဲရန် ခရိုင်တရားရုံးပယ်ချမှု ပြည်နယ်တရားရုံးချုပ်ထံ အယူခံဆက်တက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၉

မြန်မာနိုင်ငံတွင် မြစ်ဆုံစီမံကိန်း လုပ်ဆောင်နေသော တရုတ်အစိုးရပိုင် CPI လျှပ်စစ်ကုမ္ပဏီနှင့် အေးရှားဝေါလ်ကုမ္ပဏီတို့ကို တရားစွဲဆိုရန် ခရိုင်တရားရုံး ဦးတိုက်လျှောက်ထားမှုကို နိုဝင်ဘာလ ၈ရက်နေ့တွင် မြစ်ကြီးနားခရိုင်တရားရုံးက ပယ်ချလိုက်သော်လည်း ပြည်နယ်တရားရုံးထံ အယူခံဆက်တက်မည်ဖြစ်ကြောင်း ရှေ့နေ ဦးဖိုးဖြူကပြောဆိုသည်။

မြစ်ဆုံစီမံကိန်းသည် နှစ်နိုင်ငံ စာချုပ်ဖြစ်သည့်အတွက် စီမံကိန်းအကောင်အထည်ဖော်သော ကုမ္ပဏီများသည် တိုက်ရိုက်မသက်ဆိုင်သည့်အတွက် တရားစွဲဆိုလို့မရဟု ဆိုကာ ခရိုင်တရားရုံးက အဆိုပါပယ်ချခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“တရားသူကြီးအမိန့်ထဲမှာတော့ ဒါကနိုင်ငံနှစ်ခုချုပ်ဆိုတဲ့ စာချုပ်ဖြစ်တယ်။ ဒါကြောင့်မို့ စီမံကိန်းကိုအကောင်အထည်ဖော်နေတဲ့ကုမ္ပဏီနှစ်ခုနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ မဆိုနိုင်ဘူးပေါ့။ သူတို့ကို စွဲဆိုဖို့ အကြောင်း မပေါ်ပေါက်ဘူးပေါ့။ ဒါကြောင့်မို့လို့ ဒီအဆိုလွှာကိုပယ်တယ်ဆိုပြီးတော့ အမိန့်ချတာ ဒါပါပဲ အခုဒီချမှတ်တဲ့ အမိန့်အပေါ်မှာ ကျွန်တော်တို့ တရားစွဲဆိုတာက စာချုပ်ပေါ်မှာတရားစွဲတာလည်း မဟုတ်ဘူး။ စီမံကိန်းအကောင်အထည်ဖော်နေခြင်းအပေါ်မှာ အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတွေအပေါ်မှာ တရားစွဲဆိုတာ အဲတော့ တိုက်ရိုက်သက်ဆိုင်တဲ့သူ တိုက်ရိုက်သက်ဆိုင်တဲ့အဖွဲ့အစည်း တိုက်ရိုက်တိုက်ဆိုင်တဲ့ စီမံကိန်းအကောင်အထည်ဖော်နေတဲ့အပေါ် ကုမ္ပဏီအဖွဲ့အစည်းကိုစွဲဆိုတာဟာ စွဲဆိုခွင့်ရထိုက်တယ်။ ဒီအဆိုလွှာဟာ လက်ခံထိုက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို အထက်အဆင့် ရုံးမှာ ဆက်ပြီၤး အယူခံတင်သွင်းသွားမှာပါ” ဟုဦးဖိုးဖြူ ပြောဆိုသည်။

အမှုအယူခံကို ကချင်ပြည်နယ်တရားလွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ပြီး အယူခံ တစ်လအတွင်းတင်သွင်းသွားမည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

“ဒီအမှုကနိုင်ငံတော်မှာရှိတဲ့ လူထုတစ်ရက်လုံးကော တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကိုကော ဒီအမှုဟာ အချက်ပြလိုက်တဲ့ ကိစ္စတစ်ခုပဲလို့ပြောချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တရားသူကြီးရဲ့ စီရင်ချက်မှာ ဒါဟာနှစ်နိုင်ငံချုပ်ဆိုတဲ့ စာချုပ်ဖြစ်တယ်။ နိုင်ငံတော်နဲ့ ပတ်သက်နေတဲ့ နိုင်ငံတော်အစိုးရတွေနဲ့ ပတ်သတ်နေတဲ့ ကိစ္စဖြစ်တယ်ဆိုတဲ့ အချက်ကိုထည့်သွင်းကြေညာနေပြီဖြစ်ပါတယ်။ ဒီအချက်ကို ထည့်သွင်းကြေညာလိုက်ချင်းအတွက်ကြောင့်မို့လို့ နောင်ဆက်လုပ်ရမယ့် မြစ်ဆုံစီမံကိန်းတားဆီးရေး ဖြတ်သိမ်းရေး ဒီစာချုပ်ကိုအများပြည်သူချပြရေးဆိုတဲ့လုပ်ငန်း စဉ်တွေအားလုံးတိုင်းမှာ ကျွန်တော်တို့ဟာ နိုင်ငံတော်အစိုးရဆိုတာကြီးကို ထည့်သွင်းပြီးတော့ လျှောက်ထားရတော့မယ်။ ထည့်သွင်းပြီး အရေးဆိုရတော့မယ်။ တနည်းအားဖြင့် တရားပြိုင်အဖြစ် နိုင်ငံတော်အစိုးရကိုတရားတဘောင် ထည့်သွင်းစွဲဆိုရတော့မယ်ဟု ဒါမှသာလျှင် ကျွန်တော်တို့တောင်းဆိုလိုတဲ့ သက်သာခွင့်ကို ထိထိရောက်ထည့်သွင်းတောင်းဆိုနိုင်မယ်။ အရေးဆိုနိုင်မယ်လို့ ဒီအမှုကအလိုအလျှောက်အချက်ပြလိုက်တာပါပဲ”ဟု ဦးဖိုးဖြူကပြောဆိုသည်။

မြစ်ဆုံရေကာတာစီမံကိန်းလုပ်ဆောင်နေသော ကုမ္ပဏီနှစ်ခုကို စီမံကိန်းပြုလုပ်စဉ်က ရွေ့ပြောင်းခံထားရသော အောင်မြင်သာ၊ မလိယန်၊ ကျိန်ခရန်ကျေးရွာသုံးရွာမှ ဒေသခံများကို အထက်တန်းရှေ့နေ ဦးဖိုးဖြူကဦးဆောင်ကာ အောက်တိုဘာ ၂၅ ရက်နေ့က မြစ်ကြီးနားခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းသည် စစ်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများနှင့် ပညာရှင်များ ကဝိုင်းဝန်းကန့်ကွက်ခဲ့ခြင်းကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ခေတ္တရပ်ဆိုင်းခဲ့ကာ လက်ရှိအစိုးရသစ်လက်ထက်တွင် ပြန်လည်အကောင်အထည်ဖော်ရန် တရုတ်နိုင်ငံက ကြိုးစားနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com