All News Local News

မန္တလေးတိုင်းအစိုးရ၏ ဒေသန္တရအမိန့် များ ငြိမ်းစုစီ ဥပဒေနှင့် မညီညွတ်၊ ပြည်သူများ ဒီမိုကရေစီရသင့်ဟု ကြံ့ခိုင်ရေးအမတ် ဦးသောင်းအေးထောက်ပြ

မန္တလေးတိုင်းအစိုးရ၏ ဒေသန္တရအမိန့် များ ငြိမ်းစုစီ ဥပဒေနှင့် မညီညွတ်၊ ပြည်သူများ ဒီမိုကရေစီရသင့်ဟု ကြံ့ခိုင်ရေးအမတ် ဦးသောင်းအေးထောက်ပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီးအစိုးရ ထုတ်ပြန်သော ဒေသန္တရအမိန့်များသည် တည်ဆဲဥပဒေဖြစ်သော ငြိမ်းစုစီ ဥပဒေနှင့် မညီညွတ်ဘဲ ပြည်သူများအနေဖြင့် နိုင်ငံတော်မှ ပေးအပ်ထားသည့် ဒီမိုကရေစီ အခွင့်အရေး လမ်းကြောင်း ပြည်သူတွင် ရှိသင့်ကြောင်း ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်အမတ် ဦးသောင်းအေးက ပြောဆိုသည်။

နိုဝင်ဘာလ ၅ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးကငြိမ်းစုစီ ဥပဒေအရ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များက ထုတ်ပြန်ထားသော ဒေသန္တရစည်းကမ်းချက်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့် သဘောထားကွဲလွဲဆန့်ကျင်မှုများကို ပယ်ဖျက်ပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ရာတွင် နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးအေးမောင်စိန် က အမိန့်များသည် ဥပဒေနှင့်မညီပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံသို့ ပယ်ဖျက်ရန် စာချွန်လွှာလျှောက်ထားနိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

“မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ငြိမ်းစုစီဥပဒေအရ ထုတ်ပြန်တဲ့ ဒေသန္တရအမိန့်တွေဟာ ငြိမ်းစုစီ ပြုလုပ်လိုသူတွေကို အနှောင့်အယှက်နှင့်ဟန့်တားမှု၊ စိတ်ကိုငြိုငြင်မှုများပေါ်ပေါက်ပြီး တည်ဆဲဥပဒေနဲ့ ညီညွတ်ခြင်းမရှိဟုယူဆပါက ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၆) တရားစီရင်ရေးပုဒ်မ ၂၉၆ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ခ)တို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပယ်ဖျက်ပေးဖို့ စာချွန်တော် လျှောက်ထားခွင့်ရှိပါ တယ်၊ အခုအချိန်ထိ စာချွန်တော် ထုတ်ဆင့် ပေးဖို့ လျှောက်ထားဆောင်ရွက်ခြင်း မရှိပါသေးပါ”ဟု နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးအေးမောင်စိန်က ဖြေကြားသည်။

နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၏ ဖြေကြားချက်အပေါ် မကျေနပ်ကြောင်း ဦးသောင်းအေးက ပြောဆိုသည်။

“တိုင်းဒေသကြီးအနေနဲ့ ဖွဲ့စည်းပုံဥပဒေအရကော ငြိမ်းစုစီဥပဒေအရကော တည်ဆဲဥပဒေအရကော သဘောထားကွဲလွဲပြီးဆန့်ကျင်နေတဲ့ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်ထားတာဖြစ်တယ်၊ ဆန္ဒဖော်ထုတ်မယ့် ပြည်သူလူထုအနေနဲ့ အခက်အခဲတွေအများကြီးဖြစ်တာပေါ့၊ ဥပဒေနဲ့မညီတာတွေကို ပယ်ဖျက်ပေးဖို့ တင်ပြတယ်၊ ပြည်သူလူထုအနေနဲ့ စိတ်အနှောင့်အယှက်ဖြစ်တယ်၊ကန့်သတ်မှုတွေဖြစ်တယ်၊ ဥပဒေအရဘယ်လိုအရေးယူပေးမလဲ မေးတာပါ၊ သူ့ရဲ့အဖြေကတော့ စာချွန်လွှာလျှောက်တင်ပေးဖို့ပေါ့၊ ဒါကိုတော့ ကျေနပ်လက်ခံဖို့တော့ အကြောင်းမရှိဘူးလေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူအနေနဲ့ ကိုယ်လုပ်တဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ညီမညီဆိုတာ သိနေတဲ့ကိစ္စကြီးလေ၊ ဒါကို စာချွန်လွှာထောက်မှ ပြင်မယ်ဆိုတော့ ခပ်ကြမ်းကြမ်းဝေဖန်ရရင် ပြင်ချင်စိတ်မရှိလို့ကို ပြောတယ်လို့ အဖြေရတယ်၊ ကိုယ်မှားနေရင် ပြင်ရမှာပေါ့၊ ကျွန်တော်တင်ပြတဲ့ အချက်အလက်တွေဟာလည်း လုပ်မရတဲ့အနေအထားဖြစ်အောင် ထုတ်ပြန်ထားတာ ဖြစ်နေတော့ ပြည်သူလူထုမှာ ဥပဒေအရ အခွင့်အရေးပေးထားပေမယ့် ပေးကားပေး၏မရ ဖြစ်နေတာပေါ့”ဟု ဦးသောင်းအေး က ပြောသည်။

ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ညွန်ကြားချက်များသည် သာမန်ဦးနှောက်ဖြင့် စဉ်းစားလျှင် ကိုက်ညီမှုမရှိကြောင်း၊ ငြိမ်းစုစီဥပဒေအရလည်း ကိုက်ညီမှုမရှိကြောင်းကို စဉ်းစားဉာဏ်ရှိသည့်သူတိုင်း သိပါကြောင်း၊ နိုင်ငံတော်မှ ပေးထားသည့် ဒီမိုကရေစီအခွင့်အရေးလမ်းကြောင်း ပြည်သူများမှာ ရှိပါကြောင်း၊ စာချွန်လွှာလျှောက်တင်မည်ဆိုရင် အချိန်ယူရမည်ဖြစ်ကာ ဒီမိုကရေစီလို့ ကြွေးကြော်နေသည့် တိုင်းပြည်တွင် ဒီမိုကရေစီနည်းလမ်းတကျ အဖြေပေးရန်သင့်ပါကြောင်း ဦးသောင်းအေးမှ ထပ်ဆင့်မေးမြန်းခဲ့ရာ မန္တလေးတိုင်းအစိုးရအဖွဲ့သို့ မေးမြန်းပေးမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးအေးမောင်စိန်က ပြန်လည်ဖြေကြားခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com