All News Local News Peace

မင်းပြားတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် အသက် ၇ဝကျော် အဖွားအိုတစ်ဦး ကျည်ထိမှန်ဟုဆို

မင်းပြားတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် အသက် ၇ဝကျော် အဖွားအိုတစ်ဦး ကျည်ထိမှန်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရခိုင်ပြည်နယ် မင်းပြားမြို့ ပန်းမြောင်းရွာဟောင်းတွင် ယနေ့ နံနက်ပိုင်း ရွာရှိတပ်စွဲထားသော တပ်မတော်စစ်ကြောင်း ပစ်ခတ်မှုကြောင့် အသက်၇ဝကျော်အရွယ်အဖွားအိုတစ်ဦး ဦးခေါင်း ငယ်ထိပ်တွင်ကျည်ရှပ်ထိခဲ့ကြောင်း အဖွားအို၏ သားမက်ဖြစ်သူဦးထွန်းဝင်းက ပြောဆိုသည်။

ထိုသို့ ကျည်ထိမှန်ခဲ့သော အဖွားအိုအမည်မှာ ဒေါ်မဝါစိန်ဖြစ်ပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း၊ လက်ရှိချိန်တွင် မင်းပြားမြို့နယ် တိုက်နယ်ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“ဒီနေ့ မနက်အစောကြီးက ပန်းမြောင်ကျေးရွာ အရှေ့ဘက်တောင်တန်းက တပ်မတော်ကဝင်တယ်။ ကလေးတွေရွာပြင်မှာ ပြေးနေတာကို တပ်မတော်ကမြင်တော့ပစ်တယ်။ တပ်မတော် စစ်ကြောင်းက ပန်းမြောင်းရွာထဲကို ရိက္ခာယူမလို့လာတာ။ အဲလိုပစ်တော့ မီးလှုံနေတဲ့ ကျွန်တော်အမေကိုထိတာ ဒီဒေသမှာက မနက်ဆိုရင် ချမ်းတော့ အသက်အရွယ်ကြီးသူတွေက မီးလှုံတတ်တယ်။ အခုချိန်ထိတော့ တပ်မတော်ဖက်က ဘာမှလာပြောမရှိသေးဘူး”ဟု ဦးထွန်းဝင်းကဆိုသည်။

ထို့ပြင် ပန်းမြောင်းကျေးရွာအတွင်းရှိ အောင်မင်္ဂလာဘုရားတောင်ကုန်းပေါ်တွင်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော်က စတင်ကာ လက်ရှိချိန်ထိ တပ်မတော်က တပ်စွဲထားကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

မင်းပြားမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က“ကျွန်တော့်ကိုတော့ အဲဒီရွာနဲ့ အနီးအနားမှာရှိတဲ့ ရွာကလူတွေကအကြောင်းကြားတာတော့ရှိတယ်။ ပစ်ခတ်ခံရတာကဟုတ်တယ်လို့တော့သိရတယ်။ အသေးစိတ်အခြေအနေနဲ့ ဖြစ်စဉ်အတိအကျကိုတော့ ကျွန်တော်မသိသေးဘူး”ဟု ၎င်းကပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သတ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလက စတင်ကာ တပ်မတော်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(AA) တို့ကြားတိုက်ပွဲများပြင်းထန်လျက်ရှိပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများဖြစ်ပွားလျက်ရှိသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com