Local News Peace political news

ဘားအံ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် စစ်ဗိုလ်ချုပ် ၃ ဦးနှင့် ဓာတ်ပုံကို ပိုစတာအဖြစ် စတင်အသုံးပြု၊ နိုင်ငံတစ်ဝန်း ထောက်ခံပွဲများ တပြိုင်နက်တည်း ကျင်းပမည်

ဘားအံ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် စစ်ဗိုလ်ချုပ် ၃ ဦးနှင့် ဓာတ်ပုံကို ပိုစတာအဖြစ် စတင်အသုံးပြု၊ နိုင်ငံတစ်ဝန်း ထောက်ခံပွဲများ တပြိုင်နက်တည်း ကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို အမှုစတင်စစ်ဆေးမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲများ တစ်နိုင်ငံလုံး ကျင်းပသွားမည်ဖြစ်ပြီး ဘားအံမြို့တွင် ပြုလုပ်ရန်ရှိနေသည့် ဗီနိုင်းကြော်ငြာအတွက် စစ်ဗိုလ်ချုပ် ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ထောက်ခံပွဲ ပိုစတာအဖြစ် စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ မြို့တော်ခန်းမရှေ့တွင်လည်းကောင်း၊ မန္တလေးမြို့တွင်လည်း ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံမြို့တွင် ထောက်ခံပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က စုံစမ်းသိရှိရသည်။

“အခုပွဲက ပါတီဘက်ကရော ပြည်သူတွေ ရော အကုန်ပေါင်းလုပ်တဲ့သဘောပဲ။ ဒါက အရေးကြီးလို့ပါ ” ဟု ရန်ကုန်ပွဲ ပါဝင်မည့် ကားဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဘားအံမြို့တွင် ကျင်းပပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းတို့ ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ရယ်မောနေသည့် ဓာတ်ပုံကို ထောက်ခံပွဲ ပိုစတာ အဖြစ် စတင်အသုံးပြုနေကြောင်း ဘားအံ ဒေသခံ တစ်ဦးထံမှ သိရှိရသည်။

“မနေ့ညနေ ၆ နာရီကျော်လောက်မှာ ဘားအံရုံးကုန်းအဝိုင်းမှာ အဲဒါ တပ်ထားတာ” ဟု ဘားအံဒေသခံ ကိုထိန်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က “ NLDရယ်မဟုတ်ပါဘူး။ ပြည်သူအားလုံး ကျွန်တော်တို့ နိုင်ငံခေါင်းဆောင်ရဲ့ လုပ်ရပ်က နိုင်ငံအကျိုးစီးပွား အတွက် ဖြစ်တဲ့ အတွက် တစ်သားတည်းဖြစ် အောင် ရပ်တည်ဖို့အတွက် ရည်ရွယ်တာပါ။ အဲဒီတော့ ပြည်သူတွေ လုပ်ဆောင်တဲ့ပွဲမှာ ကျွန်တော်တို့ပါမယ်။ လိုအပ်လို့ ဦးဆောင်စီစဉ်ရတဲ့ ကဏ္ဍေ တွရှိရင်လည်း ကျွန်တော်တို့ ပူးပေါင်းပါဝင်ပါမယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲများနှင့်ပတ်သက်၍ ပြောဆိုသည်။

ကုလသမဂ္ဂတရားရုံးဖြစ်သည့် International Court of Justice ICJ က ရခိုင်မှ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်လူ့အခွင့်အရေးချိုးဖောက်သည်ဟု အမှုတိုင်ကြားထားမှုနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာလတွင် စတင်ကြားနာမည်ဖြစ်ပြီး တရားလို ဂမ်ဘီယာနိုင်ငံနှင့် စွပ်စွဲခံရသူ မြန်မာနိုင်ငံတို့ တက်ရောက်မည်ဖြစ်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဂမ်ဘီယာနိုင်ငံကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ မြန်မာနိုင်ငံကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ ဂမ်ဘီယာနိုင်ငံကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲမှ ၆ နာရီအထိ မြန်မာနိုင်ငံကိုလည်းကောင်း အသီးသီးကြားနာမည်ဖြစ်ကြောင်း ICJ က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင်များအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် အစ္စလမ်နိုင်ငံ ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက စတင်တရားစွဲဆိုထားခြင်းဖြစ်သည်။

အစ္စလမ်နိုင်ငံများ အဖွဲ့ဟု ခေါ်ဆိုသည့် OIC အဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းရှိ၊ မရှိ ICJ တရားရုံးထံသို့ တိုင်ကြား တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ယင်းစွဲဆိုမှုကြောင့် ICJ အဖွဲ့ဝင် နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ခံရမည်ဖြစ်သည်။

Photo Credit – Htain Lin
(ဓာတ်ပုံဆရာ ကိုထိန်လင်းထံမှ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဓာတ်ပုံ အသုံးပြုရန် ခွင့်ပြုချက်ဖြင့် ဖော်ပြ အသုံးပြုခြင်းဖြစ်ပါသည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com