All News Local News

ဘားအံ ထောက်ခံပွဲအတွက် စစ်ဗိုလ်ချုပ်ကြီး ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ပိုစတာကို ဖယ်ရှား

ဘားအံ ထောက်ခံပွဲအတွက် စစ်ဗိုလ်ချုပ်ကြီး ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ပိုစတာကို ဖယ်ရှား

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်ကျင်းပရန်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် ဘားအံမြို့လယ်တွင် စိုက်ထူထားသော စစ်ဗိုလ်ချုပ်ကြီး ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ပိုစတာကို ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း ဘားအံမြို့နယ် NLD တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့ညက ဖြုတ်ချလိုက်တယ်။ အသစ်ပြန်တင်မယ်။ ကျနော်တို့ ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံ ပြန်တင်မယ်” ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် မြန်မာနိုင်ငံကို အမှုစတင်စစ်ဆေးမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲများ တစ်နိုင်ငံလုံး ကျင်းပသွားမည်ဖြစ်ပြီး ဘားအံမြို့တွင် ပြုလုပ်ရန်ရှိနေသည့် ဗီနိုင်းကြော်ငြာအတွက် စစ်ဗိုလ်ချုပ် ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ထောက်ခံပွဲ ပိုစတာကို နိုဝင်ဘာလ ၂၆ ရက်နေ့က တင်ခဲ့ခြင်းဖြစ်သည်။

ဘားအံမြို့တွင် ကျင်းပပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲအတွက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းတို့ ၃ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ရယ်မောနေသည့် ဓာတ်ပုံကို ထောက်ခံပွဲ ပိုစတာ တင်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂတရားရုံးဖြစ်သည့် International Court of Justice ICJ က ရခိုင်မှ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့်လူ့အခွင့်အရေးချိုးဖောက်သည်ဟု အမှုတိုင်ကြားထားမှုနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာလတွင် စတင်ကြားနာမည်ဖြစ်ပြီး တရားလို ဂမ်ဘီယာနိုင်ငံနှင့် စွပ်စွဲခံရသူ မြန်မာနိုင်ငံတို့ တက်ရောက်မည်ဖြစ်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဂမ်ဘီယာနိုင်ငံကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ မြန်မာနိုင်ငံကိုလည်းကောင်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ ဂမ်ဘီယာနိုင်ငံကိုလည်းကောင်း၊ ညနေ ၄ နာရီခွဲမှ ၆ နာရီအထိ မြန်မာနိုင်ငံကိုလည်းကောင်း အသီးသီးကြားနာမည်ဖြစ်ကြောင်း ICJ က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်စလင်များအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် အစ္စလမ်နိုင်ငံ ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံက စတင်တရားစွဲဆိုထားခြင်းဖြစ်သည်။

အစ္စလမ်နိုင်ငံများ အဖွဲ့ဟု ခေါ်ဆိုသည့် OIC အဖွဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်းရှိ၊ မရှိ ICJ တရားရုံးထံသို့ တိုင်ကြား တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး ယင်းစွဲဆိုမှုကြောင့် ICJ အဖွဲ့ဝင် နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ခံရမည်ဖြစ်သည်။

Photo Credit – ထိန်လင်းနှင့်စောသာပိုး Facebook

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com