All News Election interview

“ပြည်ခိုင်ဖြိုးတို့လို့ NLDတို့လိုမျိုးကျတော့ ဒါသူတို့အတွက် အခွင့်အလမ်းပိုသာလာစေတာပေါ့။တိုင်းရင်းသားပါတီတွေအနေနဲ့ ကျတော့ တော်တော်အခက်အခဲတွေတွေ့စေတယ်”

“ပြည်ခိုင်ဖြိုးတို့လို့ NLDတို့လိုမျိုးကျတော့ ဒါသူတို့အတွက် အခွင့်အလမ်းပိုသာလာစေတာပေါ့။တိုင်းရင်းသားပါတီတွေအနေနဲ့ ကျတော့ တော်တော်အခက်အခဲတွေတွေ့စေတယ်”

By မိုးယံခ/ ရန်ကုန်ခေတ်သစ်

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေကို ပြင်ဆင်ကြောင်း အမိန့်ကို အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပြီး အဲဒီကြေညာချက်မှာ တိုင်းရင်းသားတွေ သဘောမတူတဲ့ ပြဋ္ဌားချက်တစ်ခု ပါဝင်လာပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ၊ နည်းဥပဒေ ၁၀ မှာပါရှိတဲ့ အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း ဆိုတဲ့စကားရပ်ကို ရက်ပေါင်း ၉၀ ထက်မနည်းဆိုတဲ့ စကားရပ်နဲ့ အစားထိုးပြီး မဲစာရင်းမှာ အမည်ထည့်သွင်းခွင့်နဲ့ မဲပေးခွင့်ပြုဖို့ ပြင်ဆင်လိုက်တာဖြစ်ပါတယ်။

ဒီပြင်ဆင်ချက်ကို တိုင်းရင်းသားပါတီတွေက အကြီးအကျယ်ကန့်ကွက်နေပြီး အဓိကအားဖြင့်တော့ တိုင်းရင်းသား ဒေသတွေမှာ ရွှေ့ပြောင်းသူက လူနည်းစု တိုင်းရင်းသားတွေထက် များပြားပြီး မဲပေးခွင့်ပြုလိုက်ရင် တိုင်းရင်းသား ပါတီတွေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ခက်လာနိုင်တာကို ထောက်ပြနေကြတာပါ။

မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ တိုင်းရင်းသားဒေသတွေပအပါဝင် မဲဆန္ဒနယ်တွေမှာ ရွှေ့ပြောင်းနေထိုင်မှု ရက်ပေါင်း ၁၈ဝ ဆိုရင် မဲပေးလို့ရတယ် ရွေးကောက်ပွဲ နည်းဥပဒေ ပြဋ္ဌာန်းချက်ကို ရက်ပေါင်း ၉ဝ ဆိုပြီးတော့ ပြင်ဆင်ပြောင်းလဲ လိုက်တယ်။ ဒါက ဘာသက်ရောက်မှုတွေရှိနိုင်မလဲ။ တိုင်းရင်းသားပါတီတွေကို ထိခိုက်နိုင်လား။

ဖြေ။ ။ ပထမသက်ရောက်မှုကတော့ ဥပမာအားဖြင့်ကြည့်ရင်တော့ ကျွန်တော်တို့က မပေးသင့်တဲ့သူတွေ ကို ပေးလိုက်တဲ့သဘောလို့ ကျွန်တော်ယူဆတယ်။ မပေးသင့်ဘူးဆိုတာကဘာလဲဆိုတော့ ဥပမာအားဖြင့် ဒေသတစ်ခု ကိုပြောင်းရွေ့သွားတဲ့ ယာယီပြောင်းရွေ့နေထိုင်တာဖြစ်တယ်။ အတိအကျပြောင်းရွေ့တာမဟုတ်ဘူး။ ယာယီပြောင်းရွေ့ပုံစံမျိုးနဲ့ သူပြောင်းတဲ့ အဲဒီလူတွေအတွက် သုံးလပြည့်တာနဲ့ အဲဒီဒေသခံမဲပေးတဲ့ သူတွေအတွက် ကိုယ်စားပြုပြီးတော့ မဲပေးခွင့်ရတာက ကျွန်တော်တို့ အမြင်အားဖြင့်ပြောရရင် မဖြစ်သင့်ဘူးလို့ယူဆတယ်။

ဒီဘက်က လဝကတွေလုပ်ထုံးလုပ်နည်းအရ ကျွန်တော်တို့ သိရသလောက်တော့ လဝကဆိုတာ သူတို့က ၆လဆိုရင် တကယ့် တာဝန်ပြောင်းရွေ့လို့အတည်ပြုထားတာကို ၆လမပြည့်မချင်းကတော့ တစ်နည်းအားဖြင့်ယာယီပြောင်းရွေ့အဆင့်လို့ပဲ သတ်မှတ်ထားတာ အဲဒါကြောင့်မို့ သုံးလ ကျော်ကျော်လေးနေထိုင်ပြီးတဲ့ သူတစ်ယောက်ဟာ ဒီဒေသနဲ့ ပတ်သက်ပြီးတော့ သူအလုံးစုံ သိချင်မှသိမယ်။ နောက်ပြီးတော့ ဒေသခံတစ်ယောက်လို ကိုယ်စားပြုခွင့်ရတယ်ဆိုတာကလည်း မဖြစ်သင့်တဲ့ကိစ္စပေါ့။ အရင်နည်းဥပဒေမှာဆိုရင် ရက်ပေါင်း ၁၈ဝကျော်နေထိုင်ဖူးတဲ့သူမှသာလျှင် အဲဒီဒေသအတွက်မဲပေးခွင့်ရတယ်ဆိုတဲ့ အခွင့်အလမ်းဖန်တီးထားတာပေါ့။

အခုကျတော့ သုံးလကျော်နဲ့ပေးတယ်ဆိုတာကတော့ ဒါကတော့ ပြောင်းလိုက်တဲ့ ရက်၉ဝ ကိစ္စကမဖြစ်သင့်ဘူးလို့ ကျွန်တော်ကတော့ယူဆတယ်။ လဝက စံနှုန်းနဲ့ဆိုရင်တော့ နည်းဥပဒေပြောင်းလိုက်တာ ကိုက်ညီမှုမရှိဘူးလို့ ကျွန်တော်မြင်တယ်။ သက်ရောက်မှုကတော့ တိုင်းရင်းသားဒေသတွေအတွက်တော့ ကိုယ်စားပြုမှုတွေက ခက်ခဲသွားစေတယ်လို့ ယူဆတယ်။

တိုင်းရင်းသားဒေသတွေမှာက သိတဲ့အတိုင်းပဲ သူ့တိုင်းရင်းသား နယ်မြေတွေက ကိုယ်စားပြုခွင့်ရအောင်လို့ သူတို့လည်း အတတ်နိုင်ဆုံးကြိုးစားနေတယ်။ ရုန်းကန်နေရတဲ့အနေအထားမျိုးရှိတယ်။

တိုင်းဒေသကြီးတွေမှာကတော့ ပြဿနာမရှိဘူးပေါ့။ ဒါကတော့ ဗမာလူမျိုးစုကြီးတွေပဲရှိနေတဲ့နေရာ တိုင်းရင်းသားဒေသတွေမှာကျတော့ သူ့သက်ဆိုင်ရာမျိုးနွယ်စု သူ့သက်ဆိုင်ရာကိုယ်စားပြုခွင့်ရအောင် သူ့တိုင်းရင်းသားမျိုးစုကို ကိုယ်စားပြုခွင့်ရအောင် မျှော်ကိုးပြီးတော့ရွေးကောက်ပွဲဝင်ကျရတာကို အဲဒီဒေသတွေမှာ ယာယီပြောင်းရွေ့ခွင့် ပြည်ပကနေရောက်လာတဲ့သူတွေ တခြားလူမျိုးစုကနေ သုံးလကျော်လောက်ရတာနဲ့ ဒေသခံတစ်ယောက်လို မဲပေးခွင့်ရရင် ဒေသခံတွေအတွက်က ပြောရရင်တော့ နိုင်နိုင်ခြေတာ်တော်နည်းသွားတာပေါ့။

ဒါသူတို့အတွက်လည်း ကြီးမားတဲ့အခက်အခဲဖြစ်စေတယ်လို့ ကျွန်တော်တို့ယူဆတယ်။ အဲဒီဒေသခံတွေအတွက် ကိုယ်စားပြုခွင့်အားလျော့သွားရင် ဘာဖြစ်လာမလည်းဆိုတော့ တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီးတော့ ရပ်တည်နေရတဲ့ တိုင်းရင်းသားပါတီတွေ အနေနဲ့ကျတော့ ပိုပြီးတော့ နိုင်ငံရေးအတွက် ရပ်တည်နိုင်စွမ်းပိုပြီးတော့ ခက်ခဲလာတာပေါ့။

တနည်းအားဖြင့်ပြောရရင်တော့ တရားမျှတမှုအရကြည့်ရင်တော့ တိုင်းရင်းသားဒေသခံတွေကို ကိုယ်စားပြုပြီးတော့ ရပ်တည်နေရတဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့ကျတော့ ပိုပြီးတော့ နစ်နာစေတဲ့ ကိစ္စမျိုးတွေပါလာတယ်ပေါ့။

အဲဒါကြောင့်မို့ တိုင်းရင်းသားဒေသတွေအတွက်လည်း ကိုယ်စားပြုမှု အရကြည့်ရင်တော့ အခက်အခဲဖြစ်လာစေတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ရွေးကောက်ပွဲ နိုင်နိုင်ခြေနဲ့ ကိုယ်စားပြုခွင့်ရနိုင်ခြေရေရှည်ရပ်တည်နိုင်စွမ်းဟာ ပိုပြီးတော့ အခက်အခဲဖြစ်စေတယ်လို့ မြင်ပါတယ်။

မေး။ ။ ဒီလိုမျိုးဘာကြောင့် ရက်ပေါင်း ၉ဝလို့ ပြင်ဆင်လိုက်တယ်လို့ဆရာအနေနဲ့ ထင်လဲ။

ဖြေ။ ။ ဒါကတော့ အမျိုးမျိုးဖြစ်နိုင်ခြေရှိတာပေါ့။ ကော်မရှင်အနေနဲ့ ဒါကတော့ ရောက်နေတဲ့ ဒေသအသီးသီးမှာ ရှိနေတဲ့ ပြောင်းရွေ့လုပ်သားတွေကို ဖြေလျော့မှုတွေအနေနဲ့ သူကတော့ ဖန်တီးပေးတယ်လို့ ဒီလိုမျိုးကြောင့်လည်းဖြစ်နိုင်တယ်။ ဒါကတော့ ဖြစ်နိုင်ချေပေါ့။ ဒါမှမဟုတ်ရင် လက်ရှိအာဏာရပါတီကြီးတွေက ဒီလိုပြောင်းရွေ့ချင်းအားဖြင့် သူတို့အတွက် အခွင့်အလမ်းအားကောင်းစေမယ့် ရည်ရွယ်ချက်နဲ့ တစ်ဖက်နေပြီးတော့ ဒီရွေးကောက်ပွဲကော်မရှင်ကို ဖိအားပေးပြီးတော့ ဒါကိုပြောင်းရွှေ့ နိုင်အောင် ဖိအားတွေနောက်ကွယ်ကပေးတာလား။

ဒါလည်းဖြစ်နိုင်ခြေရှိတယ်ပေါ့လေ အတိအကျတော့ မပြောနိုင်ဘူးပေါ့လေ။ ဖြစ်နိုင်ခြေ ပာတာပေါ့။ ဒီအင်အားကြီးပါတီတွေက မပြောသော်လည်းဘဲ လက်ရှိရှိနေတဲ့ ကော်မရှင်ထဲက လူတချို့ကအင်အားကြီးပါတီတွေရဲ့ တစ်ဖက်ကနေပြီးတော့ သွေးထိုးလှုံ့ဆော်လို့လား ဒါမှမဟုတ်ရင် အကြံပြုတိုက်တွန်းလို့လား အဲဒီအပေါ်မှာဖြစ်လာတဲ့ လိုက်လျောညီထွေမှုရှိအောင်ပြင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြင်ပေးတာလား။

ဒါတွေလည်း ဖြစ်နိုင်ချေရှိတယ်ပေါ့ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘယ်ဟာကအတိအကျလည်းတော့ ကျွန်တော်တို့ကတော့မသိဘူးပေါ့။ ဘယ်အကြောင်းကြောင့် ဒီဟာကြီးကို နည်းဥပဒေကိုပြင်လိုက်တယ်ဆိုတာကတော့ အတိအကျမသိပေမယ့်လည်း ဒီပြင်လိုက်တဲ့အပေါ်မှာတော့ ပါတီအားလုံးရဲ့ ဘုံသဘောတူညီချက်တော့ ဖြစ်မယ်မဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်။ တစ်နည်းအားဖြင့်ပြောရရင် ရွေးကောက်ပွဲဝင်မယ့် ပါတီအားလုံးဟာ ပါတီရဲ့ရပ်တည်ချက်နဲ့ တစ်ဖက်မှာ ပါတီကနေဝင်ရောက်ရမယ့် ဒီရွေးကောက်ပွဲဆိုင်ရာဥပဒေနဲ့ အားလုံးဟာ တစ်ခုခုဥပဒေတွေ နည်းဥပဒေတွေပြောင်းလဲလိုက်တယ်ဆိုရင် ယှဉ်ပြိုင်ရမယ့် ပါတီအားလုံးပေါ်မှာ တကယ်ပဲ သူတို့ ကျေနပ်မှုရှိရဲ့လား။

ဘုံသဘောတူညီချက်ကော ရရဲ့လားဆိုတဲ့ဟာကို ပြန်ပြီးတော့ သုံးသပ်ဖို့ သင့်တယ်လို့ ကျွန်တော်ယူဆတယ်။ တစ်နည်းအားဖြင့်ပြောချင်တာကတော့ ဒီရွေးကောက်ပွဲစနစ်တွေ ဒီရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေဟာ အဲဒီရွေးကောက်ပွဲဝင်ရောက်ရမယ့် ပါတီအားလုံးနဲ့ သက်ဆိုင်တယ်။ အဲဒီရွေးကောက်ပွဲဝင်ရောက်ရမယ့် ပါတီအားလုံးရဲ့ သဘောထားနဲ့ ဘုံသဘောတူညီချက်နဲ့သာလျှင် ပြောင်းလဲပြုတာမျိုးလုပ်သင့်တယ်လို့ ကျွန်တော်ယူဆတယ်။ အဲလိုမှမဟုတ်ဘဲနဲ့ ပါတီအများစုကမကြိုက်သော်လည်း ပါတီကြီးတစ်ခုကပဲ ဒါကို ကြိုက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ပြင်တာကတော့ ဒါတရားမျှတမှု မဖြစ်စေဘူးလို့ ကျွန်တော်ယူဆတယ်။

မေး။ ။ ဒီရက်ပေါင်း ၉ဝသာ အတည်ဖြစ်သွားမယ်ဆိုရင် ၂ဝ၂ဝ ရွေးကောက်ပွဲ အခြေအနေက ဘယ်လိုဖြစ်သွားနိုင်မလဲ။

ဖြေ။ ။ ဒါက ပြည်မပါတီတွေ ပိုပြီးတော့အခွင့်အလမ်းသာလာနိုင်တယ်ပေါ့။ တစ်နည်းအားဖြင့် ပြည်မပါတီလို့ လွယ်လွယ်ပြောရင်တော့ဗျာ ပြည်ခိုင်ဖြိုးတို့လို့ NLDတို့လိုမျိုးကျတော့ ဒါသူတို့အတွက် အခွင့်အလမ်းပိုသာလာစေတာပေါ့။ တိုင်းရင်းသားဒေသခံတွေကို ရပ်တည်ပြီးတော့ ကိုယ်စားပြုပြီးတော့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့ကျတော့ တော်တော်အခက်အခဲတွေတွေ့စေတယ်။ ရှုံးနိမ့်မှုကိုပိုပြီးတော့ ဖြစ်စေတဲ့ပုံစံမျိုးလို့ ကျွန်တော်မြင်နေတယ်။

မေး။ ။ တိုင်းရင်းသားဒေသတွေမှာ ဗမာတွေ ရွေ့ပြောင်းလာတာနဲ့ အမျှ ပြည်မအင်အားကြီးပါတီတွေ အားကောင်းလာနိုင်မလား။

ဖြေ။ ။ မှန်တယ်ဗျ။ ကျွန်တော်တို့မြင်နေတာက ကျွန်တော်က ရွေးကော်ပွဲနှစ်ဆက်လောက် ပါဝင်ဖူးတယ်ဆိုတော့သိတယ်ဗျ။ များသောအားဖြင့်က ပြည်မကနေပြောင်းလာတဲ့ တိုင်းရင်းသားဒေသကိုပြောင်းလာတဲ့ လူမျိုးစုတွေက အဲဒီဒေသကပြည်သူလူထုတွေရဲ့ ခံစားမှုနဲ့ သူတို့ခံစားမှု ဘယ်လိုမှတစ်ထပ်တည်းတော့ မဖြစ်နိုင်ဘူးလေ အဲတော့ပြောရရင်တော့ဗျာ ကချင်ဒေသပဲရောက်ရောက် ရှမ်းဒေသပဲရောက်ရောက် မွန်ပြည်ဒေသပဲရောက်ရောက် ပြည်မကဗမာတွေပြောင်းလာရင်တော့ ကျွန်တော်တို့ မွန်တွေ စိတ်ဓာတ်လိုမျိုး ရှမ်းတွေစိတ်ဓာတ်လိုမျိုး ကချင်တွေစိတ်ဓာတ်လိုမျိုး သူတို့ကတစ်ထပ်တည်းရှိချင်မှရှိမယ်။ သူတို့ရဲ့ရွေးချယ်ပုံကတစ်မျိုးဖြစ်မယ်လေ ကျွန်တော်တို့က ကိုယ်ဒေသနဲ့ မွေးတည်းကကြီးပျင်းလာတယ်။ ဒီဒေသမှာဆက်ပြီးတော့ ရပ်တည်ပြီးတော့ သက်ဆုံးတိုင်းနေရမယ့် ပုဂ္ဂိုလ်တွေပဲ အဲဒီအမြင်နှစ်ခုပေါ်မှာ ကျွန်တော်တို့က ပြောရရင်တော့ တရားမျှတဖို့ လိုတယ်ပေါ့။ မနေ့တစ်နေ့မှရောက်လာပြီးသူတို့ကို ဒေသခံတွေအခွင့်အရေးတိုင်းသူတို့ကိုပေးမယ်ဆိုရင်တော့ ဒေသခံတွေ အတွက်အရမ်းနစ်နာတာပေါ့။

မေး။ ။ အရင်ရက်ပေါင်း ၁၈ဝတုန်းကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ အခုကသုံးလပြည့်တာနဲ့ မဲပေးခွင့်ရပြီးဆိုရင် ဥပမာအားဖြင့် ယာယီလယ်လုပ်ဖို့အတွက် ရောက်လာတဲ့သူတွေဖြစ်ဖြစ် ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ရောက်လာတဲ့သူတွေပဲဖြစ်ဖြစ် ဒါမှမဟုတ် ရာသီအရ ပြောင်းရွေ့လာတဲ့သူတွေဖြစ်ဖြစ် အဲလို ၃လလောက်တည်းနဲ့ မဲပေးလို့ရတယ်ဆိုတော့ အဲဒီနေရာကလည်း အရမ်းသတိထားရမယ့်ကိစ္စ နောက်တစ်ခုကလည်း မပြောင်းဘူးဗျာ ပြောင်းသလိုလိုနဲ့ စာရင်းတွေသွင်းထားမယ်။ ဒီဒေသမှာ ငါတို့နောက်ထပ် မဲသုံးထောင်လောက် လေးထောင်လောက် ရနိုင်မှ ဒီဒေသကိုနိုင်မယ်ဆိုရင် လူအယောက် သုံးထောင်လေးထောင်လောက်ကို ပြောင်းသလိုလိုနဲ့ သွားပြီးတော့စာရင်းတွေသွင်းထားမယ်။ သုံးလမတိုင်ခင် အဲဒီရွေးကောက်ပွဲကာလနဲ့ ချိန်ကိုက်ပြီးတော့မှ ဒီလူတွေမဲပေးခွင့်ဖန်တီးမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်မလဲ။ ဒါတွေက သိပ်အရေးအကြီးတယ်။ ဒါကြောင့်မို ကျွန်တော်တို့က သုံးလလောက်တည်းနဲ့ စာရင်းသွင်းပြီးတော့ယာယီနေထိုင်ထားတဲ့သူတေံအတွက်ကတော့ ဒီဟာကြီးကို ချမပေးသင့်ဘူးလို့ကျွန်တော်ယူဆတယ်။ မသမာမှုတွေဖြစ်လာနိုင်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲဟာ တရားမျှတတဲ့ အမှန်တကယ်ကိုယ်စားပြုခွင့်ရှိတဲ့ စနစ်ကိုမျိုးကတော့ ပိုပြီးတော့ဆုံးရှုံးနိုင်တယ်လို့ ကျွန်တော်ယူဆတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com