All News Local News Peace

ပလက်ဝတွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကြောင့် ဒေသခံပြည်သူများ၏ အခွင့်အရေးဆုံးရှုံးဟု ခူမီးလူငယ်အသင်းဥက္ကဋ္ဌ ပြော

ပလက်ဝတွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကြောင့် ဒေသခံပြည်သူများ၏ အခွင့်အရေးဆုံးရှုံးဟု ခူမီးလူငယ်အသင်းဥက္ကဋ္ဌ ပြော

ရန်ကုန်၊ နိုဝင်ဘာ ၉

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ညမထွက်ရ ပုဒ်မ ၁၄၄ စတင် ထုတ်ပြန်လိုက်ပြီး ယင်းအမိန့်ကြောင့် ဒေသခံပြည်သူများ၏ အခွင့်အရေးဆုံးရှုံးပြီဖြစ်ကြောင်း ခူမီးလူငယ်အသင်းဥက္ကဋ္ဌ ဦးညီထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင် ၊ ပလက်ဝမြို့နယ်အတွင်းတွင် အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင် ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု ခေါ်ဆောင်မှုများ ဆောင်ရွက်ခဲ့ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူတချို့ သေဆုံး/ဒဏ်ရာရရှိမှုများ ရှိခဲ့ခြင်းများဖြစ်ပေါ်နေသဖြင့် ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ရန် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ပြန်ကြောင်း၊ ညမထွက်ရအမိန့်သည် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့စပြီး ညမထွက်ရအမိန့် ထုတ်တာ။ ဒီမှာရှိတဲ့ ပြည်သူတွေရဲ့ဘဝကတော့ အခွင့်အရေးတွေ စပြီး ဆုံးရှုံးတာပေါ့။ အလုပ်သွား အလုပ်ပြန်၊ တောင်ယာအသွားအပြန်ကအစ အကုန်လုံး ဆုံးရှုံးမှုရှိတာပေါ့။ ပလက်ဝမှာရှိတဲ့ ပြည်သူလူထုတွေမှာ ဆုံးရှုံးမှုတွေ ရှိတယ်” ဟု ခူမီးလူငယ်အသင်းဥက္ကဋ္ဌ ဦးညီထွေးက ရှင်းပြသည်။

အဆိုပါ အမိန့်သည် ယနေ့မှစ၍ နှစ်လ တိတိ အချိန်အားဖြင့် ၂၀၂၀ ဇန်နဝါရီလ ၉ ရက်နေ့ အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

ပလက်၀ ဒေသခံတစ်ဦးကမူ ရခိုင်တပ်မတော်AA ၏ လှုပ်ရှားမှုများနှင့် ဦးဝှေ့တင်းကို ဖမ်းဆီးမှုများသည် ချင်းပြည်သူလူထုအပေါ် ရိုက်ခတ်မှုရှိလာ၍ ရှုတ်ချသည်ဟု ပြောဆိုသည်။

“ကျနော်တို့ ချင်းတိုင်းရင်းသားအမတ်ကို ဖမ်းတယ်။ သူတို့လုပ်လို့ ကျနော်တို့မှာ အစစအရာရာ ဆုံးရှုံးမှုတွေ ဖြစ်နေရတယ်။ သူတို့တော်လှန်ရေးကို မပြောလိုပေမယ့် ကျနော်တို့ နယ်မြေမှာ ဒီလိုလာပြီး ခြေရှုပ်တာကို လက်မခံနိုင်ဘူး” ဟု ပလက်၀ ဒေသခံ ချင်းတိုင်းရင်းသားလူငယ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com