Features Local News political news

နှုတ်ဆိတ်နေခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီးသော်တာထွေးနှင့် မြဝတီမင်းကြီးဆရာတော် ပထမဆုံးရုံးချိန်းမြင်ကွင်း

နှုတ်ဆိတ်နေခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီးသော်တာထွေးနှင့် မြဝတီမင်းကြီးဆရာတော် ပထမဆုံးရုံးချိန်းမြင်ကွင်း

By ရန်ကုန်ခေတ်သစ်

ပြည်ကြီးတံခွန်မြို့နယ် တရားရုံးထဲမှာ စစ်ယူနီဖောင်းသေချာ သပ်ရပ်စွာ ဝတ်ဆင်ထားတဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦး အပြင်ကိုငေးကြည့်နေပါတယ်။ တရားရုံး ရဲ့ စင်မြင့်ထက်မှာတော့ ခပ်၀၀ တိုက်ပုံအနက်၊ ကျက်သ ရေ ခေါင်းပေါင်း ပေါင်းထားတဲ့ တရားသူကြီးလည်းရှိနေပြီး သူလည်း နှုတ်ဆိတ်နေပါတယ်။ တရားခွင်က တိတ်ဆိတ် ငြိမ်သက်ပြီး သူတို့ တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေကြပုံပါပဲ။

တရားရုံး ဝင်းအတွင်းနဲ့ ပြင်ပမှာ အရပ်ဝတ် ရဲတချို့နဲ့ စရဖ တချို့လည်း ရောက်ရှိနေကြရင်း တရားရုံး လူအဝင် အထွက်ကို အကဲခတ်နေကြပါတယ်။

နံနက် ၁၀ နာရီခွဲလောက်မှာ တရားရုံးဝင်းအတွင်းကို သတင်းသမား တချို့ ကင်မရာ ကိုယ်စီကိုင်လို့ ဝင်ရောက်လာချိန်မှာတော့ တရားရုံး တာဝန်ရှိသူတွေက တရားရုံးဝင်းအတွင်း ဓာတ်ပုံ/ ဗီဒီယို ရိုက်ကူးခွင့်မပြုဆိုတဲ့ စာသားတွေ လာရောက်ကပ်လိုက်ကြပါတယ်။

“ရှေ့နေကြီး ဦးဇော်ဝင်းအမှုတုန်းကတောင် တရားရုံးထဲမှာ ဗီဒီယို ဓာတ်ပုံ ရိုက်လို့ရသေးတယ်။ အခုတော့ မရတော့ဘူး” လို့ သတင်းထောက်တစ်ဦးက ညဉ်းတွားပါတယ်။

နံနက် ၁၁ နာရီအချိန်လောက်မှာတော့ အဖြူရောင်ကားတစ်စီး ထိုးဆိုက်လာပြီး ကားပေါ်ကနေ သံဃာတော် တစ်ပါးဆင်းလာပါတယ်။

သတင်းသမားတွေအားလုံးက ကင်မရာကိုယ်စီနဲ့ ဆရာတော်ဆီကို ပြေးလို့ မေးမြန်းမှု တွေ စတင်လုပ်ဆောင်ပါတယ်။

ဆရာတော်က မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသဘိဝံသ ဖြစ်ပြီး တပ်မတော်ကို ဂုဏ်သိက္ခာညိုးနွမ်းစေမှု ပုဒ်မ ၅၀၀ နဲ့ ဒုတိယဗိုလ်မှူးကြီးသော်တာထွေးက တရားစွဲဆိုထားမှုကို လာရောက် ရင်ဆိုင်တာပါ။

ရန်ကုန်ခေတ်သစ်သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ တပ်မတော်က မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအဖွဲ့ကို သိန်း ၃၀၀ လှူဒါန်းခဲ့တာနဲ့ပတ်သက်လို့ ဆရာတော်က တပ်မတော်ကို ဝေဖန်ခဲ့လို့ တပ်မတော် ဂုဏ်သိက္ခာထိခိုက်တယ်ဆိုပြီး ဆရာတော် တရားစွဲဆိုခံရတာဖြစ်ပါတယ်။

တရားရုံးထဲမှာ ကြိုတင်ရောက်ရှိနေသူက တပ်မတော်ဘက်က တရားလို ဒုတိယဗိုလ်မှူးကြီးသော်တာထွေးဖြစ်ပါတယ်။

ကားပေါ်က ဆင်းဆင်းချင်းမှာပဲ ဆရာတော်က သူ့အနေနဲ့ ထွက်ပြေးမှာမဟုတ်ဘဲ နိုင်ငံသားတစ်ဦးအနေနဲ့ အမှုကို လာရောက်ရင်ဆိုင်တာလို့ သတင်းသမားတွေကို မိန့်ဆိုပါတယ်။ တပ်မတော်ရဲ့ တရားစွဲဆိုမှုဟာ ဘာသာရေးလွတ်လပ်ခွင့်ကို ထိခိုက်လာတယ်လို့လည်း ဆရာတော် မိန့်ပါတယ်။

တရားရုံးအတွင်း ဆရာတော်ဝင်ရောက်သွားချိန်မှာ သတင်းသမားတွေကို တရားရုံးထဲ ဓာတ်ပုံ၊ ဗီဒီယိုရိုက်တာတွေ မလုပ်ဖို့ တရားရုံးဝန်ထမ်းတစ်ဦးက လာရောက်တားဆီးပါတယ်။ ဆရာတော်က တရားရုံးအတွင်း ဝင်ရောက်သွားချိန်မှာတော့ ဒုတိယဗိုလ်မှူးကြီး သော်တာထွေးက တရားသူကြီးရှေ့က အမှုစစ်ခုံကို ပြောင်းရွှေ့ ထိုင်လိုက်ပြီး ဆရာတော်ကို မျက်နှာချင်း မဆိုင်ပါဘူး။

ဆရာတော်က တရားရုံးထဲက ထိုင်ခုံတန်းရှည်လေးတစ်ခုမှာ ထိုင်ရင်း တရားသူကြီးကလည်း စင်မြင့်ထက်က ဆင်းလာလို့ ဆရာတော်ကို ကိုယ်ပိုင်ခံဝန်လုပ်ဖို့ လျှောက်ထားပါတယ်။

ကျပ်သိန်း ၁၀၀ တန် ကိုယ်ပိုင်ခံဝန်နဲ့ ဆရာတော်က အချုပ်လွတ် အာမခံရရှိပါတယ်။

ဆရာတော်ကိုယ်ပိုင်ခံဝန်တွေ ရေးပြီး ဆောင်ရွက်ပြီးစီးတဲ့နောက်မှာတော့ ဒုတိယဗိုလ်မှူးကြီးသော်တာထွေး တရားရုံးကနေ ပြန်လည် ထွက်ခွာသွားပါတယ်။

သတင်းသမားတွေက ဒုတိယဗိုလ်မှူးကြီးသော်တာထွေးကို နောက်ကိုလိုက်လို့ တရားစွဲဆိုမှု ဘာကြောင့် လုပ်ရသလဲဆိုတာ မေးမြန်းကြပေမယ့် ဘာအဖြေစကားမှ မရပါဘူး။ တရားခွင်ကနေ သူ့ကားပေါ်အထိ တစ်လျှောက်လုံး ဒုဗိုလ်မှူးကြီးေ သာ်တာထွေး နှုတ်ဆိတ်နေခဲ့ပါတယ်။

အားလုံး လျစ်လျူရှုပြီး ဒုတိယဗိုလ်မှူးကြီးသော်တာထွေးက သူလိုရာ ခရီးကို ထွက်ခွာသွားပါတယ်။

အမှုကို နိုဝင်ဘာလ ၂၂ ရက်နေ့ ထပ်မံ ရုံးချိန်း ချိန်းဆိုထားပါတယ်။ ဆရာတော်က သူ့အနေနဲ့ ပြောသင့်ပြောထိုက်တာ၊ တိုင်းပြည်နဲ့ လူထု အကျိုးရှိမှာတွေကို ဆက်ပြီးပြောမယ့်အကြောင်း၊ စစ်တပ်က တရားစွဲဆိုလို့ နှုတ်ဆိတ်သွားမှာမဟုတ်ကြောင်း ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ သတင်းမီဒီယာတွေကို တရားရုံးအထွက်မှာ သတင်းစကားပါးခဲ့ပါတယ်။

တရားရုံးပြင်ပမှာတော့ သတင်းယူနေတဲ့ သတင်းသမားတွေနဲ့ လာရောက်ဝန်းရံသူတွေကို အရပ်ဝတ် ပုဂ္ဂိုလ်တချို့က တယ်လီဖုန်းနဲ့ အဆက်မပြတ် ဓာတ်ပုံ၊ ဗီဒီယို ရိုက်ယူနေကြစဲပါပဲ။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com