All News Features

နိဂုံးချုပ်မလှသော လူ့အခွင့်အရေး ချိုးဖောက်သူ ထောက်ခံပွဲများ(သို့မဟုတ်) အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်များ၏ လုပ်ရပ်များကြောင့် ပြည်သူ ဒုက္ခမရောက်သင့်ပါ

နိဂုံးချုပ်မလှသော လူ့အခွင့်အရေး ချိုးဖောက်သူ ထောက်ခံပွဲများ(သို့မဟုတ်) အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်များ၏ လုပ်ရပ်များကြောင့် ပြည်သူ ဒုက္ခမရောက်သင့်ပါ

By အောင်လှိုင်ဝင်း (မင်္ဂလာဒုံမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

လွန်ခဲ့တဲ့ နှစ် (၂၀) ခန့်က မြန်မာနိုင်ငံက စစ်အာဏာရှင်တွေ လက်ထက်မှာ ပြည်ပနိုင်ငံတွေရဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ဆန္ဒပြပွဲတွေ၊ နိုင်ငံတော်အစိုးရကို ထောက်ခံကြောင်းပြသတဲ့ အစိုးရက စီစဉ်တဲ့ ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ သိန်းချီ ပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေကို အစိုးရက နောက်ကွယ်က အားပေးပြီး အစိုးရလိုလားသူ တစ်စုက ပွဲတွေကို စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်သူ အများစုကတော့ စစ်အစိုးရက ဘယ်လို ဘယ်ပုံ လူ့အခွင့်အရေးတွေ ချိုးဖောက်ခဲ့တာကို မသိကြတဲ့ အသုံးချခံ သက်သက်ပြည်သူများသာ ဖြစ်ကြပါတယ်။

ဒီကိစ္စတွေဟာ ကျွန်တော်တို့ သိမီလိုက်တဲ့ မကြာသေးတဲ့ ကာလအတွင်းမှာ ဖြစ်ခဲ့တာမို့ အကျယ်မချဲ့လိုတော့ပါဘူး။ဒါပေမယ့်လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ထောက်ခံတဲ့ ဆန္ဒပြတွေ အဆုံးမှာတော့အာဏာရှင်တစ်စုနှင့် သူတို့ရဲ့ သားသမီးတွေ ဆယ်သက်စားမကုန်အောင် ချမ်းသာသွားကြတယ်။

လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ထောက်ခံတဲ့ ဆန္ဒပြတွေ အဆုံးမှာတော့အာဏာရှင်အစိုးရကို ကမ္ဘာ့မှာ စီးပွားရေး အတိုးတက်ဆုံး နိုင်ငံများက အဆက်အဆံ မလုပ်တာကြောင့် သူတို့အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတွေ ဆင်းရဲသွားတယ်။

မြန်မာပြည်သူတွေ လိုချင်တာ စီးပွားရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ပေးတဲ့ အစိုးရ၊မြန်မာပြည်သူတွေ လိုချင်တာ နိုင်ငံခြားနှင့် ရန်ဖြစ်ပြတဲ့ အစိုးရမဟုတ်။ မြန်မာပြည်သူတွေဟာ ကမ္ဘာမှာ စိတ်ရင်းအကောင်းဆုံး၊ လူတစ်ဖက်သားကို အကူအညီတတ်ဆုံး လူမျိုးတွေဖြစ်ပါတယ်။

အလုပ်ကြိုးစားပြီး စိတ်ရင်းကောင်းတဲ့ (တိုင်းရင်းသားများ အပါအဝင်) မြန်မာတွေ ဆင်းရဲနေတာ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေ ညံ့ဖျင်းခဲ့ကြလို့ ဖြစ်ပါတယ်။ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ မြန်မာနိုင်ငံကို ငြိမ်းချမ်းအောင် မလုပ်နိုင်ခဲ့ဘူး။ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ မြန်မာနွယ်ဖွား တိုင်းရင်းသားချင်း သတ်တဲ့ စစ်ပွဲတွေကို အားပါးတရ ဆင်နွဲကြတယ်။

ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ ပြည်တွင်းက သဘောထား မတိုက်ဆိုင်သူတွေကို ရက်ရက်စက်စက် နှိမ်နှင်းတယ်။ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ မြန်မာပြည်သူတွေ စီးပွားရေးချောင်လည်အောင် လုပ်မပေးကြဘူး။ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ စီးပွားရေး၊ နည်းပညာ မြင့်မားတဲ့ နိုင်ငံကြီးတွေနှင့် မြန်မာပြည်သူတွေကို ရန်တိုက်ပေးတယ်။

ပြည်သူသည် အသုံးချခံ မဟုတ်။ မြန်မာပြည်သူတွေဟာ အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်များ၏ အသုံးချခံ မဟုတ်ပါ။အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်များရဲ့ အကြပ်အတည်းအတွက် ပြည်သူကို ထွက်ပေါက်အဖြစ် အသုံးမချသင့်ပါ။”မိဘဒုက္ခရောက်ရင် သားသမီးက ဝင်ကူသလို အစိုးရ ဒုက္ခရောက်နေတဲ့ ကိစ္စမှာ ပြည်သူတွေ ဝင်ကူသင့်တယ်” လို့ ထင်သူတွေ ပြောသူတွေလည်း ရှိပါတယ်။

အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်များဟာ ပြည်သူရဲ့ အမိအဖ မဟုတ်ပါဘူး။ပြည်သူသာ မိဘ၊ ပြည်သူသာ အရှင်သခင်ဖြစ်ပါတယ်။အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်များဟာ ပြည်သူ့ထမင်းကိုစား၊ ပြည်သူကပေးတဲ့ အဝတ်ကို ဝတ်နေရတဲ့ အစေခံ အဖွဲ့အစည်းတွေဖြစ်ပါတယ်။

အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်များ၏ လုပ်ရပ်များကြောင့် မိဘဖြစ်တဲ့ ပြည်သူတွေ ဒုက္ခမရောက်သင့်ပါဘူး။

နိဂုံးချုပ် တင်ပြလိုတာကတော့အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်များဟာ ပြည်သူကို အသုံးချဖို့ မစဉ်းစားကြပါနှင့်။
ထမင်းကျွေးသူကို ဒုက္ခပေးတဲ့ အစေခံတွေ မဖြစ်ပါစေနှင့်။အစိုးရ၊ စစ်တပ်၊ လက်နက်ကိုင်အဖွဲ့များမှာ ပါဝင်သူများဟာ”ငါ့ကြောင့် ငါ့မိဘပြည်သူတွေ ဒုက္ခမရောက်စေရဘူး။ ငါ့မိဘပြည်သူကို ငါ့အမှုထဲ ဆွဲမထည့်ဘူး။

ငါသည် အစေခံကျွန်ဖြစ်လို့ ငါ့သခင်ကို ငါကာကွယ်ရမယ်။ငါလုပ်ထားတာ ငါခံမယ်”စတဲ့ စိတ်ထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

(ဦးအောင်လှိုင်ဝင်းသည် NLD ပါတီမှ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts