interview political news

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်မြေပြင်အခြေအနေတွေ ကိုယ် တိုင်လည်းသိတာမဟုတ်ဘူး။ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာက တရားရုံးကဆုံးဖြတ်မှာ”

“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်မြေပြင်အခြေအနေတွေ ကိုယ်တိုင်လည်း သိတာမဟုတ်ဘူး။ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကလည်း တရားရုံးကဆုံးဖြတ်မှာ”

By ရန်ကုန်ခေတ်သစ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးနှင့်ဆက်သွယ်မေးမြန်းချက်

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားပြီး ဒီဇင်ဘာလတွင် စတင် စစ်ဆေးမည်ဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ICJ ကိုဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖြေရှင်းမယ့်အပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျွန်တော် အမှန်အတိုင်းပြောရရင် ကျွန်တော်သိပ်သဘောမတွေ့ဘူး။ ဒေါ်စုသွားပြီး တော့ဖြေရှင်းတဲ့ကိစ္စကို ဘာဖြစ်လို့လဲဆိုတော့ ဒါကတရားရုံးကိစ္စဖြစ်တယ်ဗျာ။ ကျွန်တော်ဒီမှာပြောချင်တာက သမ္မတအိမ်တော်မှာ ဒေါ်စုအပါအဝင် ကာချုပ်အပါအဝင် သူတို့ဆွေးနွေးတိုင်ပင်ထားပြီးနောက်ပိုင်းမှာ ဝန်ကြီးဦးကျော်တင့်ဆွေကလား မသိဘူး။

သတင်းထုတ်ပြန်တာရှိတယ်လေ သတင်းထုတ်ပြန်တဲ့အခါ ICJ မှာသွားပြီးတော့ နိုင်ငံခြားဝန်ကြီးတွေ သွားဖြေရှင်းတဲ့ အစဉ်အလာမရှိခဲ့ဘူးဆိုတာလေးပါပါတယ်။ သတင်းစာထဲမှာလည်းပါပါတယ်။ သို့သော်လည်း ဒီကနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်သွားဖြေရှင်းမယ်ဆိုပြီးတော့ရေးထားတယ်။ ဆိုလိုတာ ရှေ့နေချုပ်တွေဘာတွေမျိုးကိုပဲသွားကြတယ်ဆိုတာမျိုးကိုလည်းရေးထားပြီးဖြစ်ပါတယ်။

ကျွန်တော်လည်း အဲဒီသဘောမျိုးပဲဖြစ်စေချင်ပါတယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့က ဒီနေရာမှာ တရားရုံးရင်ဆိုင်ရမယ့်အပိုင်းက တရားဥပဒေနားလည်တတ်ကျွမ်းတဲ့ပညာရှင်တွေ သွားရမယ့် ကိစ္စဖြစ်တယ်။ သံတမန်ရေးရာကိစ္စကတော့ ကျွန်တော်မြင်တာကတော့ အန်တီဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်ရင်လုပ်ပေါ့ဗျာ ကျွန်တော်အဲတိုင်းပဲမြင်တယ်ဗျာ။ သွားဖြေရှင်းတာမျိုး ကျွန်တော်သိပ်မနှစ်သက်ဘူး။

နောက်တစ်ခုက ဘာလဲဆိုတော့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကိုယ့်ဘက်က အချက်အလက်တွေနဲ့ သူ့ဘက်က အချက်အလက်တွေ စွပ်စွဲလာမယ့်ကိစ္စ ရိုးစွပ်လာမယ့်ကိစ္စ ကိုယ်က ဒီတိုင်းကြီးမျက်စိမှိတ်ပြီး ငြင်းလို့ရတဲ့ကိစ္စမဟုတ်ဘူး။ တရားရုံးရဲ့သဘောသဘာဝကလေ ကိုယ်ဘက်ကလည်း အချက်အလက်အခိုင်အမာနဲ့ ထုချေနိုင်ဖို့အတွက် တကယ်လည်း ကိုယ့်ကအချက်အလက်တွေ အခိုင်အမာရှိပြီလား။ အဲဒီအပေါ်မှာ အလုံးစုံစဉ်းစားဖို့လိုတယ်။ ကျွန်တော်မြင်တာကလေ။ ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်သွားတွေ့ကို သိပ်သဘောမတွေ့ဘူးပေါ့ဗျာ။

မေး။ ။ တပ်မတော်က ဒီဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီးတော့ မကျူးလွန်ခဲ့ပါဘူးလို့ ငြင်းခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ။ ။ တစ်ဖက်က စွဲချက်တင်မယ့်သူတွေ ၊တစ်ဖက်က Genocide(လူမျိုးတုံးသတ်ဖြတ်မှု) မြောက်တယ်မမြောက်ဘူး ဆိုတဲ့ဟာကို တရားရုံးကဆုံးဖြတ်မှာပေါ့လေ။ တစ်ဖက်ကစွဲချက်တင်မယ့် သူတွေမှာ ဘာအချက်အလက်တွေရှိမှန်း ကျွန်တော်လည်းမသိဘူးလေ။ နောက်တစ်ခုက ထင်ရှားတာကကျွန်တော်ပြောပြမယ်။

အင်းဒင် ကိစ္စဗျာ အင်းဒင် ကိစ္စဆိုရင်လည်း ဒီလိုပဲငြင်းကျတယ်ဗျာ။ ကျွန်တော်တို့တိုင်းပြည်က နည်းနည်းလေးလွဲနေတယ်လို့မြင်တယ်။ ဒီတစ်ခါက သိပ်အရေးကြီးသွားပြီး ကျွန်တော်တို့ထပ်လွဲဖို့ မသင့်တော့ဘူးလို့ ကျွန်တော်မြင်ပါတယ်။ အင်းဒင်ကိစ္စမှာငြင်းတယ်။ နောက်ပေါ်တယ်။ ဝန်ခံရတယ်။ ဖမ်းတယ်ဆီးတယ် ထောင်ချတယ်။

အလားတူပဲ ဂူတာပြင်ကိစ္စလွန်ခဲ့တဲ့တစ်နှစ်တည်းကငြင်းတယ်။ ပြီးတဲ့ခါကျတော့ ပေါ်တယ်။ အခုစွဲချက်တင်ပြီးတော့ ဂူတာပြင်ကိစ္စနဲ့ပတ်သက်ပြီးတော့ စစ်ခုံရုံးဖွဲ့ပြီးတော့ အရေးယူမယ်ဆောင်ရွက်မယ်ဖြစ်ရတယ်။ နောက်ထပ်ဒါမျိုးတွေပေါ်လာရင် ဘယ့်နှယ့်လုပ်ကြမလဲ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် စစ်မြေပြင်အခြေအနေတွေ ကိုယ်တိုင်လည်းသိတာမဟုတ်ဘူး။ တပ်မတော်ပေးတဲ့အချက်အလက်ပေါ်မှာပဲ သူသွားရမှာလေ အဲတာကြောင့်မို့ ကျွန်တော်အနေနဲ့ကတော့ စိုးရိမ်ပါတယ်။

နောက်တစ်ခုကနိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပြန်မြှင့်တင်ဖို့ နိုင်ငံဂုဏ်သိက္ခာမြင့်မားဖို့ဆိုတာ တရားပေါ်မှာ ဘယ်လောက်ထိ ရပ်တည်လဲ ဆိုတာအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီကိစ္စတွေဟာ ရိုဟင်ဂျာ ဖြစ်ခြင်းမဖြစ်ခြင်း နိုင်ငံသားဖြစ်ခြင်းမဖြစ်ခြင်းနဲ့ မဆိုင်ဘူး။ ဒီကိစ္စကလူသားဖြစ်မှု တည်ရှိမှုဆိုင်ရာ ကိစ္စရပ်ကြီးဖြစ်တယ်လို့ပြောတာဖြစ်ပါတယ်။ ဒါတွေကကြည့်တဲ့အခါမှာ ကိုးကွယ်တဲ့ဘာသာတွေ လူဖြူခြင်းမဲခြင်း ဒါတွေနဲ့ချိန်ဆရမှာ မဟုတ်ဘူးဗျ။

ကျွန်တော်နားလည်တာကတော့လေ အဲဒါကတော့ရိုးရိုးရှင်းရှင်းလေး ဂုဏ်သိက္ခာကိုပြန်ဆည်မယ်ဆိုရင်တော့ ကျွန်တော့်အမြင်သည် နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်း ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကျွန်တော်တို့ လက်မှတ် ထိုးထားတဲ့အတိုင်းပဲ လူ့အခွင့်အရေးပဋိညာဉ် တွေနဲ့အညီ နောက်တစ်ခုက လူသားတန်ဖိုး ဒီမိုကရက်တစ် တန်ဖိုးတွေနဲ့အညီ ဒီပြဿနာတွေကိုဖြေရှင်းရတော့မယ်လို့ ထင်ပါတယ်။

အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့က ရှိတဲ့ဟာ ကိုပိတ်ငြင်းနေရင် ရှိတဲ့အချက်အလက်တွေထုတ်ပြရင် ကျွန်တော်တို့ငြင်းလို့ မရတဲ့အခြေအနေရောက်သွားရင် ဘယ်နှယ့်လုပ်ကျမလဲ။ ကျွန်တော်မှန်တယ်မှားတယ်ဆိုပြီး ကျွန်တော်မပြောဘူးနော်။ Genocide(လူမျိုးတုန်းသတ်ဖြတ်မှု) ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကလည်း ကျွန်တော်နဲ့မဆိုင်ဘူး။ ဒီတရားရုံးကဆုံးဖြတ်မယ့်ကိစ္စလေ အဲဒါကြီးကို တော်ကြာ ကိုယ့်ဘက်က အချက်အလက်တွေ မမှန်မကန်ဘဲ သွားရင် ရှေ့ကတော့သွားပါရဲ့။ အောက်ကတော့ ဖင်ဟောင်းလောင်းဆိုရင် ပိုပြီးတော့ ဂုဏ်သိက္ခာကျလိမ့်မယ်။ ကျွန်တော်အရမ်းစိုးရိမ်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com