All News Local News Peace

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၆ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် ဗိုလ်တထောင်တရားရုံးက ထောင်ဒဏ်တစ်နှစ် ထပ်မံချမှတ်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၆ဦးကို ပုဒ်မ ၅၀၅ (က)ဖြင့် ဗိုလ်တထောင်တရားရုံးက ထောင်ဒဏ်တစ်နှစ် ထပ်မံချမှတ်၊ တပ်မတော်သည် အကျိုးစီးပွားထိလျှင် မခံသည့် သဘောတင်းမာမှုကို ပိုမိုပေါ်လွင်စေလာဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၈

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၆ဦးကို ယနေ့ နိုဝင်ဘာလ ၁၈ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ကြောင်း ရုံးထုတ်သို့ သွားရောက်ဝန်းရံခဲ့သော ဒဂုံတက္ကသိုလ်ကျောင်းသမဂ္ဂ မူဝါဒရေးရာကော်မတီ တာဝန်ခံ ကိုမင်းဟန်ထက်ကပြောဆိုသည်။

ထိုသို့ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသူများမှာ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ မဆုရတနာမြင့် နှင့် မကေခိုင်ထွန်းတို့ဖြစ်ပြီး ကိုငြိမ်းချမ်းစိုးသည် ဖြစ်စဉ်တွင် မပါဝင်သည့်အတွက် တရားသေလွတ်ခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“ဒါကတော့ တပ်မတော်သဘောထားပေါ့။ တပ်မတော် သဘောထားကခုချိန်ထိတင်းမာနေတုန်းပဲရှိသေးတယ်။ သူ့ရဲ့အကျိုးစီးပွားကိုထိမယ်။ သူ့ကိုသာထိမယ်ဆိုရင် သူကခုချိန်ထိကို ဘယ်လိုမှမခံတဲ့သဘောမှာရှိတယ်။ အဲလိုအခြေအနေမျိုးမှာ ကျွန်တော်တို့က တပ်မတော်နဲ့ ရင်ကြားစေ့ရေးကိစ္စတွေ တပ်မတော်နဲ့ ပူးပေါင်းဆောက်ရွက်မယ်ဆိုတဲ့ ကိစ္စတွေ ဘယ်တော့မှယုံကြည်လို့ရဦးမှာမဟုတ်ဘူး။ ခုချိန်ထိ ကျွန်တော်ကတော့ အဲလိုပဲယူဆပါတယ်”ဟု ကိုမင်းဟန်ထက်ကပြောဆိုသည်။

မရမ်းကုန်းမြို့နယ် တရားရုံးတွင် တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ – ၅၀၅ (က) ဖြင့် တရားစွဲထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့် မကေခိုင်ထွန်း တို့ (၅) ဦးကို အောက်တိုဘာလ ၃၀ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ် (၁) နှစ် ကျခံစေရန် တရားရုံးက အမိန့်ချမှတ်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် တပ်မတော်က ဆက်သွယ်ရေး ဥပ‌ဒေ ပုဒ်မ – ၆၆(ဃ) ဖြင့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်မှ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့် မဆုရတနာမြင့် တို့ (၄) ဦးကို နိုဝင်ဘာ၁၃ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးတွင် စွဲချက်တင်ခဲ့ပြီး ဗိုလ်တထောင်မြို့နယ် တရားရုံးတွင်လည်းတပ်မတော်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် (၇) ဦးလုံးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့်လည်း ထပ်မံ တရားစွဲဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com