All News Local News

တပ်မတော်က တရားစွဲထားသည့် မြဝတီမင်းကြီးဆရာတော်အမှု ဒုတိယရုံးချိန်း ရှေ့နေပါဝါတင်၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် အမှုစစ်မည့် အစီအစဉ် ညှိနှိုင်းမည်

တပ်မတော်က တရားစွဲထားသည့် မြဝတီမင်းကြီးဆရာတော်အမှု   ဒုတိယရုံးချိန်း ရှေ့နေပါဝါတင်၊ ဒီဇင်ဘာ ၆ ရက်နေ့တွင် အမှုစစ်မည့် အစီအစဉ် ညှိနှိုင်းမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၂ 

တပ်မတော်က တရားစွဲထားသည့် မြဝတီမင်းကြီးဆရာတော်အမှုကို ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပြီး မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ဘက်မှ ရှေ့နေအဖြစ် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ပါဝါတင်လိုက်ကြောင်း သိရှိရသည်။

“ဒီနေ့ ရှေ့နေ ပါဝါတင်တယ်။ နှစ်ဖက်စုံတဲ့အတွက် နောက်ရုံးချိန်းကျရင် ဘယ်နေ့ ဘယ်သူတွေ စစ်မယ်။ ဘယ်တော့ အပြီးစစ်မယ်ဆိုတာ ဒီဇင်ဘာ ၆ ရက်နေ့ ညှိနှိုင်းမှာဖြစ်တယ်။ ဒီဇင်ဘာ ၆ ရက်နေ့က နောက်ရုံးချိန်း ပြန်ချိန်းပါတယ်။  နောက်တစ်ချိန်းမှာလည်း စစ်နိုင်ဦးမှာမဟုတ်ဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။

ယနေ့ရုံးချိန်းသို့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်) တို့လည်း လာရောက်ဝန်းရံခဲ့ပြီး မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်သည် ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် တပ်မတော်ကို ထိပါး ပုတ်ခတ် ဂုဏ်သိက္ခာညိုးနွမ်းစေသည်ဟုဆိုကာ ဒုတိယဗိုလ်မှူးကြီးသော်တာထွေးက တရားလိုလုပ်၍ ပုဒ်မ ၅၀၀ ဖြင့် ဆရာတော်ကို ပြည်ကြီးတံခွန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခြင်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မဘသ အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိ ဖောင်ဒေးရှင်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဇွန်လ ၁၇ ရက်နေ့က ငွေကျပ် သိန်း ၃၀၀ လှူဒါန်းမှုအပေါ် မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယဝံသာဘိဝံသနှင့် ဦးသောဘိတ(အလင်္ကာကြယ်) တို့ကို မေးမြန်း၍ သတင်းတင်ဆက်ခဲ့သည်။

ယင်းသတင်းတွင် ဆရာတော် အရှင်အရိယဝံသာဘိဝံသ ( မြဝတီမင်းကြီးကျောင်းတိုက်)က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

“ဘုန်းဘုန်းတို့ သုံးသပ်ချင်တာက ဒီအဖွဲ့အစည်းက ပြည်သူအများစုက ဒီမိုကရေစီလမ်းကြောင်းကို ဖျက်ဆီးနေတဲ့ စစ်အုပ်စုက ငွေကြေးထောက်ပံ့မှုတွေ အများကြီးရရှိနေတဲ့ ၊ ဝိနည်းတော်နဲ့ မညီတဲ့ အုပ်စုလို့ ပြောချင်ပါတယ်။ ဘုန်းကြီးတို့ ဝိနည်းတော်မှာ ဒါနပလ လိုခေါ်တယ်။ မင်းကျွမ်းဝင်ဆိုတာ ရှိတယ်။ မင်း နဲ့ ရောရောထွေထွေနေရင် သိပ်မကောင်းတက်ဘူးပေါ့။ အခု သူက မင်းကျွမ်းဝင်တောင် မဟုတ်ဘူး။ ပြောမကောင်းဘူး။

စစ်တပ်ဆိုတာ သမိုင်းကောင်းတဲ့ စစ်တပ်မှာ မဟုတ်တာ။ သူများနိုင်ငံတွေလို ပြည်သူထဲက ဖြစ်တဲ့ ပြည်သူစစ်တပ်သား ၊ မဟုတ်ဘူး။ နောက်ပြီး သမ္မတ အမိန့် နာခံတဲ့ ပြည်သူ့စစ်တပ်မဟုတ်ဘူး။အရင်ကတည်းက စစ်တပ်က လက်နက်တစ်ခုတည်းနဲ့ အနိုင်ကျင့် ပြီး တိုင်းပြည်ကို လုပ်ချင်သလို လုပ်လာတဲ့ စစ်တပ် ၊ အခုလည်း ၊ နောက်လည်းပဲ လွှတ်တော်ထဲမှာ ပြည်သူ့ဆန္ဒကို အတင်းနင်းချေ ပြီးတော့ ဝင်ထိုင်နေတဲ့ စစ်တပ် ၊ ပြောရရင် သူခိုးဓါးပြပဲ။

သူခိုးဓါးပြနဲ့ အမြီးစားဖက် ၊ ခေါင်းစားဖက် ဖြစ်နေတဲ့ အုပ်စုလို့ ဘုန်းဘုန်းရှင်းရှင်းလင်းလင်းပဲ ပြောချင်တယ်။ဗုဒ္ဓဘုရားက လမ်းညွန်ထားတာက ကြည်ညိုသင့်တဲ့လူတွေ ကြည်ညိုအောင် ၊ ကြည်ညိုပြီးတဲ့ လူတွေကို အကြည်အညို တိုးပွားအောင် နေထိုင်ရမယ်လို ပြောထားတာ။ ကိုယ်နေချင်သလို နေလိုမရဘူးလေ။ အဲဒီတော့ မကြည်ညိုသေးတဲ့ လူတွေ ကြည်ညိုအောင် အဓိကတော့ ပြည်သူကပဲ စံဖြစ်တယ်။

ပြည်သူ ကြည်ညိုအောင် ဆိုလိုတာ ဖြစ်တယ်။ ပြည်သူအများ ကြည်ညိုအောင် နေထိုင်ရမယ် ၊ လူအများ မကြည်ညိုရတဲ့အရာတွေ မလုပ်ရဘူး။ ဒါက ပြည်သူမကာဘူး ၊ သံဃာတော်အချင်းချင်း ကြည်ညိုအောင်နေထိုင်ရမယ်လို့ မှာတာ။ အခုက ဗရမ်းဗတာ လုပ်နေရင် ကျနော်တို့ သံဃာတော်တွေကို လက်မခံလာအောင်လုပ်နေတာ”

စက်တင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်သော နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် တပ်မေတာ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်သည် တပ်မတော်ဝေဖန်ပြောဆိုမှုသည် သဘောရိုးနှင့်မဟုတ်ကြောင်း၊ ရန်ကုန်ခေတ်သစ်သတင်းဌာနသည် အင်တာဗျူးကို ဖော်ပြခဲ့သည့် Primary Document ဖြစ်၍ တရားရုံးတွင် သက်သေခံ ထွက်ဆိုရမည်ဖြစ်ပြီး မထွက်ဆိုပါက သက်သေခံ ဥပဒေ ပုဒ်မ ၁၀၆ နှင့် ငြိစွန်းကြောင်း ရှင်းလင်းပြောဆိုသွားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts