All News Election Local News

တပ်တွင်းမဲရုံတွေကို ဥပဒေနဲ့အညီ ပြင်ပ ရွှေ့ရေး နည်းဥပဒေ ပြဋ္ဌာန်းမှု NLD ထောက်ခံကြိုဆို

တပ်တွင်းမဲရုံတွေကို ဥပဒေနဲ့အညီ ပြင်ပ ရွှေ့ရေး နည်းဥပဒေ ပြဋ္ဌာန်းမှု NLD ထောက်ခံကြိုဆို

ရန်ကုန်၊ နိုဝင်ဘာ ၆

တပ်တွင်းမဲရုံတွေကို ပြင်ပရွှေ့ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေကို ပြင်ဆင်ကြောင်း အမိန့်ကို အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီလို နည်းဥပဒေ ထုတ်ပြန်ကြေညာမှုကြောင့် တပ်တွင်းမဲရုံတွေ တပ်ရင်းတပ်ဖွဲ့ ပြင်ပကို ဥပဒေနဲ့ အညီ ပြောင်းရွှေ့ရမှာဖြစ်ပြီး ဒီလို ပြင်ဆင်လိုက်မှုက ၂၀၂၀ ရွေးကောက်ပွဲ တရားမျှတမှုနဲ့ လွတ်လပ်မှု၊ ပွင့်လင်းမှု ဖြစ်ဖို့ အထောက်အကူပြုတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုပါတယ်။

“အရေးကြီးတာက ရွေးကောက်ပွဲရဲ့ အသက်က လွတ်လပ်ပြီး သန့်ရှင်းမျှတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ပါပဲ။ ရွေးကောက်ပွဲ လုပ်တယ်။ ပွင့်လင်းမြင်သာမှုမရှိဘူး။ တရားမျှတမှုမရှိဘူးဆိုရင် ဒီရွေးကောက်ပွဲက အနှစ်သာရ ကင်းမဲ့သွားမှာပေါ့။ အခုက ကော်မရှင်က ပွင့်လင်းမြင်သာမှုရှိအောင် တရားမျှတမှု ရှိအောင် ဆောင်ရွက်တာပဲဖြစ်ပါတယ်။ နည်းဥပဒေပြင်ဆင်ချက်က ရွေးကောက်ပွဲသန့်ရှင်းမျှတဖို့ အထောက်အကူပြုမယ်ပေါ့” ဟု ဒေါက်တာမျိုးညွှန့်က ရှင်းပြသည်။

ပြည်သူ့လွှတ်တော်ရွှေးကောက်ပွဲနည်းဥပဒေ ၃၉ ၊ နည်းဥပဒေခွဲ က တွင် “ကော်မရှင်ရဲ့ တာဝန်ပေးချက်နဲ့အညီ တပ်မတော်သားတွေနဲ့ တပ်မတော်သားတွေနဲ့အတူနေထိုင်ကြတဲ့ အိမ်ထောင်စုဝင်တွေ နေထိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေအတွက် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်တွေနဲ့ အတူ မဲပေးနိုင်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့ ၊သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေ၊ အကူကိုယ်စား လှယ်တွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ လွပ်လပ်စွာ ဝင်ထွက်သွားလာနိုင်မယ့် တပ်ရင်းတပ်ဖွဲ့ရဲ့ ပြင်ပ သင့်လျော်တဲ့နေရာမှာသတ်မှတ်ပေးရမယ်” လို့ ပြဋ္ဌာန်းထားပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပဉ္စမအကြိမ်ပြင်ဆင်တဲ့ နည်းဥပဒေကို ရက်ပေါင်း ၉၀ အတွင်းပြင်ဆင်မှုမရှိဘူးဆိုရင် နည်းဥပဒေအဖြစ် တရားဝင် အသက်ဝင်လာမှာဖြစ်ပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်မယ်ဆိုရင်တော့ လွှတ်တော်တွင်း ဆွေးနွေး မဲခွဲ ဆုံးဖြတ်မှု တွေလုပ်ဆောင်ရမှာဖြစ်ပါတယ်။

တပ်တွင်းမဲရုံတွေကို ပြင်ပထုတ်ဖို့ အဓိက ရည်ရွယ်ဟန်ရှိတဲ့ ဒီနည်းဥပဒေနဲ့ ပတ်သက်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဘက်ကတော့ တစ်စုံတစ်ရာ မှတ်ချက် မပြုလိုဘူးလို့ ဆိုပါတယ်။

“နှစ်ပိုင်းပါ။ တစ်ပိုင်းကတော့ ဒီနည်းဥပဒေ သတ်မှတ်ချက်ကို ပြင်လို့ရှိရင်လည်း လွှတ်တော်မှာ မဲခွဲရင် နိုင်ပါ့မလား။ ဘယ်လိုဖြစ်မလဲ။ အဲဒါ ပထမတစ်ချက်။ နောက်တစ်ချက်ကတော့ ကျနော်တို့ကို ဒါနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ညွှန်ကြားချက်တော့ မရှိသေးပါဘူး” လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြင်ဆင်လိုက်တဲ့ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေမှာ ကြိုတင်မဲကိစ္စတွေလည်း ပါဝင်လာပြီး ကြိုတင်ဆန္ဒမဲပေးမယ့် မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားတွေနဲ့ အတူနေ အိမ်ထောင်စုဝင်တွေရဲဲ့ မဲစာရင်းတွေကို ကော်မရှင် ရုံးခွဲတွေမှာ ကြေညာကပ်ဖို့ ကော်မရှင်က သတ်မှတ်ချက်တွေနဲ့အညီ ကြိုတင်မဲပေးဖို့တွေပါ ပြင်ဆင်ချက်တွေ အဖြစ် ပါဝင်လာပါတယ်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com