All News Local News Peace

ငြိမ်းချမ်းရေး လိုလားမှု သေချာမှသာ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် တွေ့ဆုံတော့မည်ဟုသမ္မတရုံးညွှန်ချုပ်ဦးဇော်ဌေးပြော

ငြိမ်းချမ်းရေး လိုလားမှု သေချာမှသာ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် တွေ့ဆုံတော့မည်ဟုသမ္မတရုံးညွှန်ချုပ်ဦးဇော်ဌေးပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မြောက်ပိုင်းမဟာမိတ်အဖွဲ့များအနေဖြင့် ပဏာမပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်( Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးပြီး ရှေ့ဆက်လက်လုပ်ဆောင်မည့် ရည်ရွယ်ချက်ရှိကာ ငြိမ်းချမ်းရေး အမှန်တကယ်လိုလားလျှင် အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ယနေ့ နိုဝင်ဘာလ ၁၅ရက်နေ့ နိုင်ငံတော်သမ္မတ အိမ်တော်တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံးပြောခွင့်ရ ပုဂ္ဂိုလ်ဦးဇော်ဌေးကပြောဆိုသည်။

“ကျွန်တော်တို့ ကျိုင်းတုံဆွေးနွေးပွဲမှာ ဆွေးနွေးထားတယ်။ တော်တော်များများလည်းသူ့သဘောထား ကိုယ့်သဘောထားသိပြီသားဖြစ်တယ်။ အဲဒီမှာလည်း ကျွန်တော်တို့အစိုးရလက်မခံတဲ့ အပိုင်းတွေ ပွင့်ပွင့်လင်းလင်း ပြောထားတယ်။ သူတို့ဖက်ကလည်း သူတို့လိုလားချက်တွေပွင့်ပွင့်လင်းလင်းပြောထားတယ်။ ဘယ်ဟာတော့ လက်ခံမယ် ဘယ်ဟာတော့ လက်မခံဘူး။ ပြောထားတာရှိတယ်။ ရှိပေမယ့်လို့ ဒါပြီးရင် ပဏာမပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူညီချက်ရပြီးရင် နောက်တစ်ဆင့် နောက်လမ်းကြောင်းက ဘယ်သွားမှာလည်း သေချာဖို့လိုတယ်။ သေချာအောင်လည်း ကျွန်တော်တို့က မေးထားပြီးပြီ။ မေးထားတဲ့ပေါ်မှာလည်း ထပ်ဆင့်သေချာအောင် လုပ်ဖို့လိုတယ်။ ဒီနှစ်ချက်ရရင် ကျွန်တော်တို့တရားဝင်တွေ့ဆုံပွဲလုပ်မယ်”ဟု ဦးဇော်ဌေးကပြေဆိုသည်။

အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ အောက်တိုဘာလ အတွင်းတွေ့ဆုံမည်ဟု စက်တင်ဘာလ ၁၇ရက်နေ့ ပြုလုပ်သည့် ကျိုင်းတုံဆွေးနွေးပွဲတွင် သဘောတူညီခဲ့သော်လည်း အစိုးရဘက်က နောက်တစ်ကြိမ်တွေ့ဆုံရန် ယခုကဲ့သို့ ကတိတောင်းလိုက်ခြင်းဖြစ်သည်။

“ပဏာပစ်ခတ်တိုက်ခိုက်မှု သဘောတူစာချုပ်က ခုတွေ့ ၊ ခုညှိလို့ရတယ်။ ညှိပြီးရင် အခုထိုးလို့ရတယ်။ သို့သော် ဒါထိုးပြီးရင် နောက်တစ်ဆင့် ဘာသွားမှာလည်း ဒီ process ကိုသူ့ဘက်ကိုယ့်ဘက် ရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုတယ်။ အဲလိုရှင်းလင်းမှလည်း ဒါထိုးပြီးမှ နောက်တစ်ဆင့်ဆက်သွားလို့ရမယ်။ အဲလိုဆက်မသွားဘဲနဲ့ ရပ်နေလို့တော့မရဘူး။ ဒီနေရာမှာတင် Bilateral Ceasefire Agreement နဲ့တင်ရပ်နေလို့မရဘူး။ အဲဒါကို ကျွန်တော်တို့ သေချာအောင်လုပ်နေတယ်။ အဲတာကြောင့်မို့ ကျွန်တော်တို့ပြီးခဲ့တဲ့ ကျိုင်းတုံဆွေးနွေးပွဲမှာ သဘောတူထားတဲ့ အောက်တိုဘာလအတွင်းမှာ ပြန်တွေ့မယ်လုပ်ထားတယ်။ သို့သော် ကျွန်တော်တို့ပြန်မတွေ့ဘူး။ ဒီကာလမှာ ဒီလေးဖွဲ့ရဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့သုံးသပ်ပါတယ်။ လှုပ်ရှားမှုတွေကို ပြန်သုံးသပ်တယ်။ သူတို့ရဲ့သဘောထားတွေကိုပြန်သုံးသပ်တယ်။ နောက်ဆုံးလွှတ်တော်ကိုယ်စားလှယ်ဖမ်းခံရတဲ့အထိ ကျွန်တော်တို့ သုံးသပ်ပါတယ်။ သုံးသပ်ပြီးတော့ ဒီအဖွဲ့တွေကို ခုန မေးခွန်းနှစ်ခုပေါ်လာပါတယ်။ ဒီမေးခွန်းနှစ်ခုကိုသေချာရင်တော့ ဒီအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးကဆက်လက်ပြောဆိုသည်။

မြောက်ပိုင်းအဖွဲ့များ၊ တပ်မတော်နှင့် အစိုးရတို့ကြား စက်တင်ဘာလက တွေ့ဆုံခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး Bilateral လက်မှတ်ရေးထိုးရန်၊ လက်ရှိတိုက်ပွဲများလုံး၀ ချုပ်ငြိမ်းသွားအောင် ပြုလုပ်ရန်၊ IDP နေရာချထားရေးကိစ္စ ဆောင်ရွက်ရန်၊ တပ်နေရာချထားရေးကိစ္စနှင့် နှစ်ဖက် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေး ကိစ္စကိုယ်စားလှယ် အဖွဲ့ထားပြီး ဆက်ဆံရေး လမ်းကြောင်း ဆောင်ရွက်ရန်၊ နှစ်ဖက်ဖမ်းဆီးချုပ်နှောင် အရေးယူမှု ကိစ္စရပ်နှင့် ပတ်သက်၍ ညှိနှိုင်းသဘောတူရန်၊ NCA နှင့်ပတ်သက်၍ နှစ်ဖက် လက်ခံနိုင်သည့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ရန်၊ နှစ်ဖက် ပစ်ခတ်ရပ်စဲရေး Bilateral အတွက် ဖြစ်ပေါ်လာရေး ရှေ့ဆက် ဆွေးနွေးသွားရန် စသည့်သဘောတူညီချက်များရရှိခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts