All News Local News Peace

ကွတ်ခိုင်တိုက်ပွဲကြားတွင် ပိတ်မိနေသော ပလောင်ကလေး ၆၀ ကျော်ကို အချိန်မီကယ်ထုတ်

ကွတ်ခိုင်တိုက်ပွဲကြားတွင် ပိတ်မိနေသော ပလောင်ကလေး ၆၀ ကျော်ကို အချိန်မီကယ်ထုတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲများ ယနေ့စတင်ဖြစ်ပွားနေပြီးတိုက်ပွဲများကြားတွင် ပိတ်မိနေသော Ta’ang Education Center (TEC) မှ ပလောင် ကလေးငယ် ၆၀ ကျော်ကို လူမှုကယ်ဆယ်ရေးအသင်းများက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါကျောင်းထဲသို့လည်း လက်နက်ကြီးကျည်ကျရောက်ခဲ့သဖြင့် ကလေးငယ်များ အလွန်ထိတ်လန့်ခဲ့ရကြောင်း၊ TEC ကျောင်းတွင် ဆင်းရဲသော မိဘများ၏ သားသမီးများ၊ မိဘမဲ့ကလေးများ၊ ပညာမသင်ကြားနိုင်သော ကလေးများကို ခေါ်ယူ အခမဲ့ ပညာသင်ကြားပေး နေသော ပရဟိတ ကျောင်းတစ်ကျောင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း၊ ကွတ်ခိုင်မြို့အနီး လွယ်ဆမ်ဆစ်တောင်ခြေတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် TEC ပိတ်မိနေသောကျောင်းသူ/သားပေါင်း(၃၅)ဦးကို ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေး နှင့် ဂရုဏာ လူမှုကူညီရေးပရဟိတအဖွဲ့(၂)ဖွဲ့မှ သွားရောက်ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကား ၇ စီးနဲ့ ကလေးတွေကို ကယ်ထုတ်ခဲ့တာပါ။ အဓိကက တိုက်ပွဲဖြစ်တော့ ကလေးတွေကလည်း ကြောက်လန့်ပြီး ဘယ်သွားရမလဲမသိဘူးဖြစ်နေတော့ ကယ်ထုတ်ခဲ့တာ။ ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ အခု ကွတ်ခိုင်မြို့ထဲ ၂ ရပ်ကွက်မှာ ကလေးတွေကို နေရာချထားပေးထားတယ်။ ပိတ်မိနေလို့ သွားကယ်ထုတ်တဲ့ သဘောပါပဲ” ဟု ဗြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုသည်။

ယနေ့ နံနက်ပိုင်း ကွတ်ခိုင်မြို့နယ် ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး မန်တောင်ရွာ၊ အမှတ် ၈ ရပ်ကွက်ဝန်းကျင်နှင့် ကွတ်ခိုင်မြို့ အဝင်အထွက် လမ်းမကြီးများအနီးတွင်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း၊ နံနက် ၁၀ နာရီခန့်တွင် ပြန်လည် ငြိမ်သက်နေသော်လည်း အခြေအနေမှာ အချိန်မရွေး တိုက်ပွဲ ပြန်လည်ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။

Photo Credit – NPU

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts