All News Local News

ကြံ့ခိုင်ရေးအမတ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် NLD တရားစွဲထားမှု ၁ နှစ်ကျော်သည်အထိ မပြီးပြတ်သေး

ကြံ့ခိုင်ရေးအမတ်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် NLD တရားစွဲထားမှု ၁ နှစ်ကျော်သည်အထိ မပြီးပြတ်သေး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့မှ ကြံ့ခိုင်ရေးပါတီ တိုင်းဒေသကြီးအမတ် ဦးတင်စိုးကို ပုဒ်မ ၅၀၅(ခ)ဖြင့် စွဲချက်တင်ထားသည့်အမှုမှာ ၁ နှစ်ခန့်ကြာမြင့်နေသည့်မှာ ပြင်ဆင်ချက်များ တက်နေခြင်းကြောင့်ကြန့်ကြာနေကြောင်း တရားလိုရှေ့နေ ဒေါ်ရွက်နုအောင်က ယနေ့ရုံးချိန်းတွင် ပြောဆိုသည်။

ယနေ့ ရုံးချိန်းတွင် တိုင်းတရားရုံးမှ ရောက်ရှိလာသည့် အမှုတွဲ မလေ့လာသေးရ သည့်အတွက် လာမည့် ဒီဇင်ဘာ ၁၃ ရက်နေ့ကို ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကာ ကြံ့ခိုင်ရေးအမတ် ဦးတင်စိုးကို စတင်မေးမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကြံ့ခိုင်ရေးပါတီမှ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ပျော်ဘွယ်မြို့နယ်တရားရုံးက မေလ(၁၉)ရက်နေ့တွင် စွဲချက်တင်ခဲ့ပြီး အဆိုပါအမိန့်အပေါ်တွင် ပြင်ဆင်ချက်ကို ခရိုင်တရားရုံးနှင့် မန္တလေး တိုင်းတရားလွှတ်တော်သို့ တက်ရောက်ခဲ့ရာ ပြင်ဆင်ချက်လျှောက်ထားခြင်းကို ပလပ်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ တိုင်းတရားရုံးက ပြန်ရောက်ရင် စစ်မေးဖို့ ၊ ရုံးတော်က အမှုတွဲက မနေ့ကမှ ရောက်တယ်ဆိုတော့ တိုင်းရုံးရဲ့ အမှုတွဲကို မလေ့လာရသေးဘူးဆိုတော့ ရောက်တဲ့အချိန်ပြပြီး နောက်တစ်ပတ်မှာ စစ်မယ်ဆိုပြီး နှစ်ပတ်ချိန်းလိုက်တာပါ ၊ အချိန်(၁)ကျော်လောက်ကြာတယ်ဆိုတာက ဦးတင်စိုးတို့ဘက်က အဆင့်ဆင့်တက်နေတယ် ၊ စွဲချက်အပေါ်မှာ မြို့နယ်၊ ခရိုင်၊တိုင်း တောက်လျှောက်တက်နေတာဆိုတော့ အချိန်နည်းနည်း ကြာသွားတာပါ”ဟု တရားလို ရှေ့နေ တရားလွှတ်တော် ဒေါ်ရွက်နုအောင်က ပြောသည်။

ကြံ့ခိုင်ရေးပါတီ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက “အမှုနဲ့ပတ်သက်ပြီး ပြောစရာမရှိပါဘူး”ဟု ပြောသည်။

ရမည်းသင်းခရိုင်နှင့် မန္တလေးတိုင်းတရားလွှတ်တော်က စွဲချက်တင် အမိန့် ကို ပလပ်လိုက်၍ စွဲချက်တင်အမိန့် ပြင်ဆင်ချက်လျှောက်ထားခြင်းကို ပြည်ထောင်စုတရားလွှတ်တော်သို ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်စိုးက ဆက်လက်လျှောက်ထားကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကြည်တည်ကျေးရွာတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ(၂၃)ရက်နေ့က ကျေးရွာဖွံ့ဖြိုးရေးအတွက်ပြုလုပ်သည့်ဟောပြောပွဲတွင် ကြံ့ခိုင်ရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ဘာသာရေးအကြောင်းပြ၍ ကျေးရွာပြည်သူလူထုအား ထိတ်လန့်အောင်ပြော ဆိုခြင်း၊ အစိုးရကို မဟုတ်မမှန်သည့် ကောလဟလများ ဖြန့်ချိကာ အကြည်ညိုပျက်စေသည့်စကားများ ပြောဆိုခြင်းတို့ကြောင့် NLD ပါတီ ရမည်းသင်းခရိုင် ဥက္ကဋ္ဌ ဦးညီညီလွင်က ပုဒ်မ ၅၀၅ (ခ)ဖြင့် အရေးယူပေးရန် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးအမတ်ဦးတင်စိုး ဟောပြောသည့် ဗီဒီယိုဖိုင်သည် Facebook လူမှုကွန်ရက် တွင် ပျံ့နံှ့ခဲ့ပြီး ဦးတင်စိုးက “နေပြည်တော်ကြီးကို ဘယ်သူတည်သွားသလဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ၊ အမြန်လမ်းကြီးကို ဘယ်သူဖောက်သွားလဲ။ ဦးသန်းရွှေဖောက်သွားတယ်၊ တစ်မိုင်ကို သိန်း(၆)ထောင်နဲ့ ဖောက်သွားတယ်၊ အဲဒါ မြေတွေဖို့တာရော၊ တံတားတွေ၊ လမ်းတွေဖောက်သွားတာရော၊ အခုဒီအစိုးရ နိုင်လွန်ကတ္တရာလမ်း ၆ လက်မထု၊ ၄ လက်မထုခင်းတာကို တစ်မိုင်ကို သိန်းပေါင်း၂ သောင်း ၇ ထောင် တဲ့၊ ကွာသွားတဲ့။ သိန်းပေါင်း ၂ သောင်း ၁ ထောင်က ဘယ်ရောက်သွားလဲသိလား၊ ရခိုင်မှာရှိတဲ့ ကုလားတွေကို အိမ်ဆောက်ပေးနေတာပဲ၊ အဲဒါ ခင်ဗျားတို့ စဉ်းစားကြည့်လိုက် ကနေ့ အစိုးရလုပ်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ စိတ်မချမ်းသာစရာတွေ”ဟု ပြောဆိုခဲ့သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) အရ အပြစ်ရှိကြောင်း ထင်ရှားလျှင် ထောင်၂ နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com