All News Local News

ကရင်နီတောင်သူတစ်ဦးလျှင် တပ်မတော်မှ တရားလို ၃ဦးခွဲကာ ပုဒ်မတူများဖြင့် အမှုများစွာ တည်ဆောက် တရားစွဲဆိုပြန်

ကရင်နီတောင်သူတစ်ဦးလျှင် တပ်မတော်မှ တရားလို ၃ဦးခွဲကာ ပုဒ်မတူများဖြင့် အမှုများစွာ တည်ဆောက် တရားစွဲဆိုပြန်

ရန်ကုန်၊ နိုဝင်ဘာ ၄

ကယားပြည်နယ် ဒီမော့ဆို မြို့နယ်အတွင်း တပ်မတော်ပိုင်မြေအတွင်း ကျူးကျော် စိုက်ပျိုးခဲ့သည်ဟုဆိုကာ တပ်မတော် အမြောက်တပ်ရင်းအမှတ် ၃၆၀ က တောင်သူများကို တရားစွဲဆိုသော အမှုများတွင် တပ်မတော်အရာရှိ ၃ ဦးက တရားလို ၃ဦး အဖြစ်ဆောင်ရွက်၍ တောင်သူတစ်ဦးလျှင် ပုဒ်မတူများဖြင့် အမှု ၃ ခုစီ တည်ဆောက်၍ တရားစွဲဆိုထားကြောင်း ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ကိုခူးတူရယ်ကပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၄ရက်နေ့တွင် တပ်မတော်က တောင်သူများကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၇၇ ၊ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆/၁ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသော တောင်သူများကို ဒီမော့ဆိုမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး တောင်သူ ၂ဝဝကျော်ခန့်က လာရောက်ဝန်းရံခဲ့ကြောင်း တောင်သူလယ်သမား သမဂ္ဂထံမှ သိရှိရသည်။

“ဒီမြေတွေက ကျွန်တော်တို့ တောင်သူတွေရဲ့ ဘိုးဘွားပိုင်မြေတွေ သူတို့ကသိမ်းထားသေးတယ်။ တောင်သူတစ်ဦးကို တရားလိုတွေခွဲပြီး ပုဒ်မတူတွေနဲ့ တရားစွဲဆိုထားတာ တောင်သူတွေအများကြီးပဲ။ တောင်သူတွေက သူမြေသူစိုက်တာလေ ဘာအခွင့်အရေးမှ ကျူးလွန်ထားတဲ့သူတွေမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့မြေယာ စိုက်ပျိုးမှုကို အသိအမှတ်မပြုဘဲနဲ့ မလေးစားဘဲနဲ့ တိုင်းရင်းသားတွေကို အမျိုးမျိုး ဖိနှိပ်ခြိမ်းခြောက်နေတယ်ဆိုတာကတော့ ဒါကဒီမိုကရေစီနဲ့ လုံးဝဆန့်ကျင်နေတယ်။ ဆန့်ကျင်နေတဲ့ အရာတစ်ခုဖြစ်တယ်ပေါ့။ ဒီမိုကရေစီနိုင်ငံကိုဖော်ဆောင်နေပါတယ်ဆိုတဲ့သူတွေရဲ့ အခုလိုတိုင်းရင်းသားပြည်သူကို ပြည်သူတွေရဲ့ မသိနားမလည်မှုကို ဥပဒေနဲ့ အနိုင်ကျင့်တယ်။ ဒီလိုပဲမြင်တယ်။ တိုင်းရင်းသားတွေကို ဖိနှိပ်တယ် ခြိမ်းခြောက်တယ် အနိုင်ကျင့်တယ် ဒါပေမယ့် အခုခေတ်မှာ ဥပဒေကိုကိုင်ပြီးတော့ မသိနားမလည်းတဲ့ တိုင်းရင်းသားတွေကို ထောင်ထဲထည့်တာက တရားမျှတမှုမရှိတဲ့လုပ်ရပ် ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်”ဟု ကိုခူးတူရယ်ကဆိုသည်။

တပ်မတော်က တရားလိုမတူ ပုဒ်မတူများဖြင့်တရားစွဲဆိုထားသူများမှာ ဦးပါစကွားလယ် သည် ပုဒ်မ ၄၄၇ဖြင့် ၄မှု၊ ပုဒ်မ ၆/၁ဖြင့် ၂မှု၊ ဦးသော်မတ် သည် ပုဒ်မ ၄၄၇ဖြင့် ၃မှု၊ ပုဒ်မ ၆/၁ဖြင့် ၂မှု၊ ဦးငါးရယ် ပုဒ်မ ၄၄၇ဖြင့် ၃မှု၊ ပုဒ်မ ၆/၁ဖြင့်၂မှု၊ ဒေါ်ညားမာသည် ပုဒ်မ ၄၄၇ဖြင့် ၂ မှု၊ ပုဒ်မ ၆/၁ဖြင့် ၁မှုရင်ဆိုင်ရမည်ဖြစ်ပြီး ကျန်သူများသည် ပုဒ်မတစ်ခုဆီသာရင်ဆိုင်သွားရမည်ဖြစ်ပြီး စုစုပေါင်းတရားစွဲဆိုခံရသူ ၁၇ ဦးရှိပြီဖြစ်ကြောင်း တောင်သူလယ်သမားသမဂ္ဂက ထုတ်ပြန်ထားသည်။

တပ်မတော်က ပုဒ်မ ၄၄၇၊ ပုဒ်မ၆/၁တို့ဖြင့် တရားစွဲဆိုခံထားရသော ဒီမော့ဆိုတောင်သူ ၁၇ ဦးမှာ ဦးခူးရီး၊ ဦးဆော်ရယ်၊ ဦးပကူး၊ ဦးမီရယ်၊ ဦးဌေးရယ်၊ ဦးငါးရယ်၊ ဦးသော်မတ်၊ ဦးကျော်ကျော်၊ ဦးပါစကွားလယ်၊ ဦးနီးနို၊ ဒေါ်ပလျားမာ၊ ဒေါ်ညားမာ၊ ဒေါ်ရှားမာ၊ ဒေါ်ကလောမာ၊ ဒေါ်သဲမာ၊ ဦးအိုက်ဘင်၊ ဦးမာတီးယာတို့ဖြစ်သည်။

ထို့ပြင် လွိုင်ကော်မြို့နယ်အတွင်း ဒေါမူကလားကျေးရွာအပါအဝင် ကျေးရွာ ၁၁ ရှိ လယ်မြေများတွင် တပ်မတော် ခလရ (၂၅၀) တပ်က အုတ်တံတိုင်းကာရံသည်ကို တားဆီးသည့် ခလရ ၂၅၀ က ပုဒ်မ ၆/၁ဖြင့် ကိုခူးဦးရယ်၊ ကိုခူးကိုရယ် စိုးညွန့် ၊ ကိုခူးရှားရယ် တို့ တောင်သူ သုံးဦးကို တရားစွဲထားကြောင်းသိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts