Local News political news

NLD CEC ဦးဟံသာမြင့်၏ သမီး ဒေါ်ပြုံးသာမြင့် နှင့် YBS-YUPT ဥက္ကဋ္ဌ၊ ဒါရိုက်တာများ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်ရိုက် ခန့်အပ်မှု မကျေနပ်ကြ၊ လုပ်ငန်းမကျွမ်းကျင်၍ အရှုံးပေါ်ဟုဆို

NLD CEC ဦးဟံသာမြင့်၏ သမီး ဒေါ်ပြုံးသာမြင့် နှင့် YBS-YUPT ဥက္ကဋ္ဌ၊ ဒါရိုက်တာများ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်ရိုက် ခန့်အပ်မှု မကျေနပ်ကြ၊ လုပ်ငန်းမကျွမ်းကျင်၍ အရှုံးပေါ်ဟုဆို

By ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၏ သမီးဖြစ်သူ ဒေါ်ပြုံးသာမြင့် အပါအဝင် ရန်ကုန်မြို့ပြအများပြည်သူသယ်ယူပို့ဆောင်ရေး၊ အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် (YBS-YUPT) ၏ ဥက္ကဋ္ဌ ၊ ဒါရိုက်တာများ ခန့်အပ်ထားခြင်းကြောင့် လုပ်ငန်းမကျွမ်းကျင်၍ အရှုံးပေါ်နေကြောင်း အစုရှယ်ယာရှင်များက ထုတ်ဖော်ပြောဆိုလိုက်သည်။

YUPT ရှယ်ယာရှင်များဖြစ်သည့် ဦးမောင်မောင်၊ ဦးတင်ဝင်း၊ ဦးထွန်းဦး၊ ဦးစိုးဝင်း၊ ဦးစောထွန်း တို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပြီး YUPT စတင် တည်ထောင်ချိန်ကတည်းက ဝန်ကြီးချုပ်က လစဉ် အကျိုးအမြတ်ရစေလိုသဖြင့် ပူးပေါင်းပါဝင်ပါဟု ယာဉ်ပိုင်ရှင်များနှင့်ပြည်သူများကို ဖိတ်ခေါ်ခြင်းကြောင့် ပါဝင်ကြခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၃ နှစ်လုံး အကျိုးအမြတ်မရဘဲ ငပိရည်ဖြင့် ထမင်းစားနေကြရပြီဟု ပြောဆိုကြသည်။

YUPT အစ

အစိုးရက မထသ ကိုဖျက်သိမ်းရန်အတွက် အများပိုင်သယ်ပို့ဆောင်ရေး ကုမ္ပဏီများ ထူထောင်ရန် စီမံချက်ချပြီးနောက် ယာဉ်ပိုင်ရှင်များကို ဖိတ်ခေါ်၍ ရှယ်ယာထည့်ဝင်စေခြင်းက YUPT ၏ အစ ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဘတ်စ်ကားယာဉ်ပိုင်ရှင် ၁၅၄၉ ဦးတို့ တွေ့ဆုံ၍ အများပြည်သူများ အတွက် ပိုမိုကောင်းမွန်သော ခရီးသည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန် နှင့် ပိုင်ရှင်များ အကျိုးအမြတ်ရရှိစေရန် YUPT ကုမ္ပဏီ ကို တရားဝင် စတင်တည်ထောင်ခဲ့ကြသည်။

YUPT တွင် နာယက ၃ ဦးရှိပြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန်နှင့်စည်ပင်ဝန်ကြီး ဦးမောင်မောင်စိုး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်တို့က နာယကအဖြစ် ဆောင်ရွက်နေသည်။

YUPT နှင့် ရှယ်ယာရှင်ပြည်သူများ

YUPT Public Co., Ltd. တွင် အစုရှယ်ယာရှင်ပေါင်း (၂၈၉) ဦးရှိပြီး အစုရှယ်ယာရှင် (၂၉ဝ) ဦးတို့၏ အစုရှယ်ယာ ထည့်ဝင်ရင်းနှီးမြှုပ်နှံငွေပေါင်း ကျပ် ၅ ဒသမ ၆၃၄၄ ဘီလီယံ နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယာဉ်သစ်ကြီးများ ဝယ်ယူထည့်သွင်း ရင်းနှီးမြှုပ်နှံငွေ (၃၅) ဘီလီယံ၊ စုစုပေါင်းအစုရှယ်ယာရှင် (၂၉၀)ဦးဖြစ်၍ စုစုပေါင်းကုမ္ပဏီ၏ Capital Investment မှာ ငွေကျပ် ၄ဝ ဒသမ ၆၃၄၄ ဘီလီယံရှိကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန် ဖော်ပြထားသည်။

YUPT သည် YBS ယာဉ်လိုင်းပေါင်း (၁၉)၊ လမ်းကြောင်း (၃၃) ကြောင်းဖြင့် ခရီးသည် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းကို ကုမ္ပဏီပိုင်ယာဉ် (၈၄ဝ) စီးနှင့် ပုဂ္ဂလိက တစ်ဦးချင်းပိုင် ယာဉ် (၄၇၂) စီး၊ စုစုပေါင်း (၁၃၁၂) စီးဖြင့် ပြေးဆွဲလျက် ရှိကြောင်း၊ YUPT အနေဖြင့် တင်ဒါစနစ်ဖြင့် ၂ဝ၁၇ မော်ဒယ် Foton အမျိုးအစား တရုတ်နိုင်ငံထုတ် ယာဉ်သစ်ကြီး ၂ဝဝ စီးအားဝယ်ယူပြီး ပထမအသုတ် ၁၀၀ စီးကို YBS (4,7, 58) တို့တွင် ပြေးဆွဲနေပြီဖြစ်၍ ကျန်ယာဉ် (၁၀၀)စီးဆက်လက်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

NLD CEC ဦးဟံသာမြင့်သမီးဖြစ်သူ အပါအဝင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒါရိုက်တာများ ခန့်ထားခြင်း

YUPT ကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင် (၉) ဦးရှိပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခန့်အပ်ထားသူ ၄ ဦး ရှိကာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုက်ရိုက်ခန့်အပ်သူ ဦးဇော်ထွန်းက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၏ သမီးဖြစ်သူ ဒေါ်ပြုံးသာမြင့်က အုပ်ချုပ်ဒါရိုက်တာအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဦးအောင်မြတ်က ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ဒါရိုက်တာ ၅ ဦးမှာ အစုရှယ်ယာရှင်များဘက်မှ ရွေးချယ်သူများဖြစ်ကြောင်း သိရှိရသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တိုက်ရိုက်ခန့်ထားသူများသည် ကုမ္ပဏီဥပဒေအရ တိုက်ရိုက် ခန့်အပ်ထားခွင့်မရှိကြောင်း၊ ဥပဒေအရ မညီညွတ်ဟု အစုရှယ်ယာရှင်များကဆိုကြသည်။ ကုမ္ပဏီ အစည်းအဝေးများခေါ်ယူခိုင်းသည့်အခါ ဥက္ကဋ္ဌဦးဇော်ထွန်းက အစိုးရကိုယ်စားပြုပြီး အစိုးရကို ကာကွယ်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု အစုရှယ်ယာရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုကြသည်။

“ဝန်ကြီးချုပ် လမ်းညွှန်ချက်အရ ဆိုတော့ ဝန်ကြီးချုပ်မှာ တာဝန်ရှိတယ်။ ဝန်ကြီးချုပ်က တာဝန်ရှိတဲ့အပြင် ဒီကုမ္ပဏီကြီးကို ဝန်ကြီးချုပ်ဆိုတာက ဥက္ကဋ္ဌ တို့ အုပ်ချုပ်ဒါရိုက်တာတို့ ဆိုတာ ရှယ်ယာရှင်မဟုတ်ဘူး။ သူ ရွေးခွင့်မရှိဘူး။ အဲဒီလူတွေကို By Name နဲ့ ဝန်ကြီးချုပ်က ခန့်တယ်။ အဲဒါ ခန့်ခွင့်မရှိဘူး။ ကုမ္ပဏီများ အက်ဥပဒေမှာ ဝန်ကြီးချုပ်သည် ဥက္ကဋ္ဌ နှင့်အုပ်ချုပ်မှု ဒါရိုက်တာကို အစိုးရရှယ်ယာထည့်ရင် ခန့်ရမယ်ဆိုတာ ဥပဒေမှာ မရှိဘူး။ အဲဒီဥပဒေမဲ့ လုပ်ရပ်ကို လုပ်တဲ့အတွက် ရှယ်ယာရှင်တွေက ကန့်ကွက်ကြတာ”ဟု အစုရှယ်ယာရှင်တစ်ဦးက ဆိုသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တိုက်ရိုက်ခန့်အပ်သူတွေက ဘယ်သူတွေလဲ

YUPT ဥက္ကဋ္ဌ ဦးဇော်ထွန်း အင်ဂျင်နီယာဘွဲ့ (စက်မှု) ဖြစ်ပြီး အခြား အရည် အချင်း မှာ စီးပွားရေး (ဒီပလိုမာ) (လန်ဒန်) ရရှိထားကြောင်း၊ U THA TUN AUDIT FIRM ၌ Executive Director အဖြစ် ၁၉၉၀ ခုနှစ်မှ စတင်၍ ယခု အချိန်ထိ လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လမှစတင်၍ U THA TUN SON ZAW TUN FIRM ၌ Sole Proprietor အဖြစ် လုပ်ကိုင်ခဲ့ပြီး YRTA ၌ Financial Consultant အဖြစ် (၁-၂-၂၀၁၇ မှ ၁၄-၂-၂၀၁၈) အထိ တာဝန် ထမ်းဆောင်ခဲ့ကြောင်း ၊ YUPT အစိုးရခန့် ဒါရိုက်တာ အဖြစ်(၁၅-၂-၂၀၁၈ မှ ၃၁-၇-၂၀၁၈) ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁-၈-၂၀၁၈ မှ ၈-၁-၂၀၁၉ ရက်အထိ YUPT ၌ အုပ်ချုပ်မှုဒါရိုက်တာအဖြစ်လည်းကောင်း၊ ၉-၁-၂၀၁၉ မှ ယခုအချိန်ထိ YUPT ၌ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်နေကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသည်။

YUPT အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ပြုံးသာမြင့်သည် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် B.E (Electronics) နှင့် စင်္ကာပူ နိုင်ငံ National University of Singapore (NUS) တွင် M.Sc (Industrial & Systems Engineering) ဖြစ်ပြီး Professional Development အတွက် ပြည်တွင်းပြည်ပသင်တန်းများစွာ တက်ရောက်ခဲ့ကြောင်း၊ Industrial Engineering, Supply Chain Management , Project Management နှင့်ပတ်သက်၍လုပ်ငန်း အတွေ့အကြုံများကို စင်္ကာပူနိုင်ငံတွင် (၆) နှစ်ခန့်နှင့် မြန်မာပြည်တွင်းတွင် (၅) နှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့ကြောင်း၊ YUPT တွင် ၁၅-၂-၂ဝ၁၈ ရက်မှစ၍ တာဝန် ထမ်းဆောင်လျက်ရှိပြီး လက်ရှိ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ဒါစိစစ်ကြီးကြပ်ရေးအဖွဲ့တွင် အဖွဲ့ဝင် အဖြစ် လည်းကောင်း၊ YUPT Public Co.,Ltd ၌ အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဆောင်ရွက်လုပ်ကိုင်နေကြောင်း သိရှိရသည်။ သူမ၏ ဖခင်ဖြစ်သူမှာ NLD CEC ဦးဟံသာမြင့်ဖြစ်ပြီး ခင်ပွန်းမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်ဖြစ်သည်။

YUPT ဒါရိုက်တာ ဦးမိုးဟိန်းသည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်ပြီး B.A (D.S.A) Dip in Law ရရှိထားသည်။လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် YUPT Public Co.,Ltd ၌ ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်လုပ်ကိုင်နေခြင်းဖြစ်သည်။

YUPT ဒါရိုက်တာဦးအောင်မြတ်သည် သိပ္ပံဘွဲ့ (ဓာတုဗေဒ) ရရှိထားပြီး အခြားအရည်အချင်းမှာ ၁၉၈၀ ခုနှစ်တွင် ဗမာနိုင်ငံ စာရင်းကိုင်အသင်း လသာလမ်းနှင့် ၄၉ လမ်းတွင် အခြေခံစာရင်းရေးနှင့် စာရင်းအင်းသင်တန်း တက်ရောက်ခဲ့ကြောင်း၊ ၁၉၈၀-၈၁ ခုနှစ်တွင် COMMERCIAL SCHOOL (MINISTRY of Education)၊ WORKED AS Electrion၊ CROWN Voltage STABILIZERLTD၊ NAVAL ENGINEERING TRAINING SCHOOL (EP) (MINISTRY OF DEFENSE)၊ ELECTRICAL INSPECTION (MINISTRY OF INDUSTRY)၊ MOTOR VEHICLE DRIVING & MAINTENANCE၊ TRAINIG SCHOOL (MINISTRY OF RAILTRANSPORTATION) သင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ YUPT တွင် ၂-၁၁-၂ဝ၁၈ ရက်မှစ၍ တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အစုရှယ်ယာရှင်တွေဘက်က အစိုးရခန့်ဒါရိုက်တာတွေ အပေါ် ဘာမကျေနပ်လဲ

YUPT အစုရှယ်ယာရှင်များက ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်ရိုက်ခန့်အပ်သူများသည် လုပ်ငန်းမကျွမ်းကျင်ခြင်း၊ မော်တော်ယာဉ်လုပ်ငန်းကိုသေချာ နားမလည်ကြသူများဖြစ်၍ အရှုံးပေါ်သည်ဟုဆိုကြသည်။

“ဦးဖြိုးမင်းသိန်းခန့်တဲ့ ဒါရိုက်တာတွေ။ အလုပ်မလုပ်ဘဲ လစာလာယူနေတဲ့ ဒါရိုက်တာတွေ ပါနေတယ်။ ရှယ်ယာရှင်တွေက တစ်ပြားတစ်ချပ် အကျိုးအမြတ်မရဘူး။ သူတို့က တစ်လကို ၁၀ သိန်းကျော်ယူနေတယ်။ ကျနော်တို့ ရှယ်ယာရှင်တွေက ငပိရည်နဲ့ စားနေရတယ်” ဟု ရှယ်ယာရှင် တစ်ဦးက ဆိုသည်။

အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ပြုံးသာမြင့်သည် အမျိုးသမီးဖြစ်ပြီး မော်တော်ကားလုပ်ငန်း အစိမ်းသက်သက်ဖြစ်ကြောင်း၊ အလားတူ ဥက္ကဋ္ဌဦးဇော်ထွန်းမှာလည်း ကားလုပ်ငန်း အတွေ့အကြုံမရှိဟု ရှယ်ယာရှင်များက ဆိုသည်။

“အုပ်ချုပ်မှုဒါရိုက်တာတွေအနေနဲ့ ညံ့ဖျင်းလို့။ ဒေါ်ပြုံးသာမြင့်ဆိုတာ အမျိုးသမီးဗျာ။ ကျနော်တို့က မော်တော်ယာဉ်လိုင်းဗျာ။ မော်တော်ကားလုပ်ငန်းနဲ့ ဒီလိုလူတွေ ခန့်ထားတော့ ကိုက်မလားဗျာ။ ဥက္ကဋ္ဌ ဖြစ်တဲ့သူကလည်း မော်တော်ယာဉ် လုပ်ငန်း လုံး၀ အတွေ့အကြုံမရှိဘူးဗျာ။ အစိုးရခန့် ဝန်ကြီးချုပ် ခန့်ဆိုပြီးတော့ လာပြီးတော့ လုပ်တယ်ဗျာ။ နောက်ပြီးတော့ နှစ်ပတ်လည် ညီလာခံကျတော့ ရှယ်ယာရှင်တွေက ခန့်ထားတဲ့ ဒါရိုက်တာတွေကျတော့ အားလုံး ထွက်ပေးရတယ်ဗျာ။ အစိုးရခန့် ဒါရိုက်တာတွေ မထွက်ဘူး” ဟု ရှယ်ယာရှင်က ဆိုသည်။

YUPT သည် ၃ နှစ်ဆက်တိုက် အရှုံးပေါ်နေပြီး အရှုံးပေါ်ခြင်း၏ အဓိက အချက်မှာ လုပ်ငန်း မကျွမ်းကျင်မှု ကြောင့် ဖြစ်ကြောင်း ရှယ်ယာရှင်များကဆိုသည်။

“ကျနော်တို့က သူတို့ မကျေနပ်ဘူးဆိုတာ ပုဂ္ဂလိက ခံစားချက်မဟုတ်ဘူး။ မစွံ့လို့ စီးပွားရေးလုပ်ငန်းနဲ့ မကိုက်ညီလို့။ နောက်တစ်ခုက သူတို့ ဝန်ကြီးဒေါ်နီလာကျော်က ပြောတယ်။ ခရီးသွားလုပ်သားပြည်သူတွေရဲ့ အကျိုးကို ကြည့်ရမယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ ဆီမှာ ကား ၁၈၀ ကျော် ပျက်နေတယ်။ နေ့တိုင်းပျက်နေတယ်။ ကားက ၁၃၀၀ ကျော် ရှိတယ် ။ တစ်နေ့ ကား စီးရေ ၁၀ ရာခိုင်နှုန်းကျော်က ပျက်နေတယ်။ ကားက ပျက်စရာမလိုဘူးဗျာ။ ကားဆိုတာ ပျက်ရင် ပြင် ပြီးရင် လမ်းပေါ် မောင်း။ ဒါမှ ခရီးသည်တွေ အကျိုးရှိမှာပေါ့။ ခရီးသည်တွေလည်း အကျိုးမရှိ၊ ကားတွေလည်း နေ့တိုင်းပျက်ပြီးတော့ သူတို့က အရည်အချင်းမရှိ၊ ဘယ်လိုလုပ်ရင် မြန်မယ်ဆိုတာ မသိ။ အဲဒီလို ဖြစ်နေတာ။ အရှုံးပေါ်နေတာဆိုတာ အဲဒီလို လုပ်ငန်းတွေ မလုပ်တတ်တာရယ်။ နောက်ပြီးတော့ တစ်ခါ အစိုးရက ရှယ်ယာတွေ ထည့်တယ်ဆိုပြီး လုပ်တယ်ဆိုပေမယ့် သူက အကြွေးပေးတယ်ဆိုပြီးတော့ ပြန်ဆပ်ရတာတွေ ကြောင့် ရှယ်ယာရှင်ဘက်ကို လုံး၀ မလှည့်နိုင်ဘူး။ ၃ နှစ်လုံး ဘာမှ မရဘဲ ငပိရည်နဲ့ စားနေရတယ်။ ဘာမှမရဘူး။ သူတို့က ဒါရိုက်တာတွေဆိုပြီးတော့ ၁၀ သိန်းကျော်ယူတယ်။ ကျနော်တို့ ရှယ်ယာရှင်တွေက ထည့်ဝင်ထားပြီးတော့ ဘာမှကို မရတာ။ အဲဒါကြောင့် ပြဿနာတွေတက်တာ” ဟု YUPT အစုရှယ်ယာရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဝန်ကြီးချုပ်သည် YUPT စတင် ထူထောင်ချိန်က လစဉ် အကျိုးအမြတ်ရမည်ဟု ကတိပေးခဲ့သော်လည်း လက်တွေ့တွင်မူ အစုရှယ်ယာများအားလုံး ဒုက္ခပင်လယ်ဝေနေရသည်ဟုဆိုသည်။

“၂၀၁၆ ခုနှစ်တုန်းက မထသ ရှိခဲ့တယ်။ မထသကို YBS ပြောင်းချင်တယ်ဆိုပြီးတော့ ဝန်ကြီးချုပ်က လမ်းညွှန်မှုပေးတယ်။ ဝန်ကြီးချုပ် လမ်းညွှန်မှု ပေးတဲ့အခါမှာ ကားဟောင်းတွေကို အရေကျို အပ်ရတယ်။ အဲဒါ စလစ်တွေရတယ်။ အဲဒီစလစ်တွေကို ရောင်းပြီးရင် ဝန်ကြီးချုပ်က သူနဲ့အတူ အရွေ့ တစ်ခုကို လိုက်ပါပြီးတော့ ရှယ်ယာထည့်ကြပါ။ ရှယ်ယာရှင်တွေလည်း လစဉ် အကျိုးအမြတ်တွေ ရသွားတာပေါ့လို့ ကတိပေးခဲ့တယ်။ အဲဒီကတိကြီး လွဲနေတယ်။ အခု ညီလာခံမှာ ပြောရင် ဝန်ကြီးချုပ် လမ်းညွှန်မှု အရ ဆိုပြီးပြောနေတယ်။ တကယ်တော့ ဝန်ကြီးချုပ် က ရှုံးအောင် လုပ်သလို ဖြစ်နေတယ်။ ဝန်ကြီးချုပ်ကို ယုံပြီးတော့ လူတွေက အပ်ကြတာ။ ရှယ်ယာရှင်တွေက ။ အကြွေးနဲ့ ရှယ်ယာထည့်တဲ့သူတွေရှိတယ်။ ပင်စင်စား ဝန်ထမ်းတွေရှိတယ်။ စစ်မှုထမ်းဟောင်းတွေ ရှိတယ်။ အငြိမ်းစား ဝန်ထမ်းတွေ လည်းပါတယ်။ အကုန်ဒုက္ခ တွေ ရောက်နေကြတယ်။ တချို့ဆိုရင် အကြွေးတွေနဲ့ ပတ်လည် ရိုက်နေတယ်။ ၃ နှစ်ရှိပြီး တပြားမှ မရဘူး” ဟု အစုရှယ်ယာထည့်ဝင်ထားသူက ဆိုသည်။

အစိုးရဘက်ကတုံ့ပြန်မှုက ဘယ်လိုရှိလဲ

ရန်ကုန်တိုင်းအစိုးရက ဖွဲ့စည်းပေးထားသည့် YRTA ခေါ် ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ဒေါက်တာမောင်အောင်က YUPT ပြဿနာသည် အဓိကအားဖြင့် နေ့စဉ် ဝင်ငွေ လိုင်းကားပိုင်ရှင်များ ကုမ္ပဏီပုံစံဖြင့် အလုပ်လုပ်သည့်အခါ အမြတ်မရခြင်းကြောင့်ဖြစ်ကြောင်း၊ YUPT တွင်ကားသစ်များ ထည့်သွင်းထား၍ အမြတ်ဝေစု မပေးနိုင်ကြောင်း ရှင်းပြသည်။

“ကျနော်တို့ဘက်ကတော့ သူတို့နဲ့ပဲ အဓိကဆိုင်တဲ့ကိစ္စပါပဲ။ ကျနော်တို့ဘက်ကတော့ ကြီးကြပ်ပေးတဲ့ သဘောပဲလေ။ သူတို့ပြန်ပြီးတော့ ရွေးတဲ့အခါမှာ ဖြစ်တာက ကားသစ်တွေ ထည့်လိုက်တော့ အမြတ်က မပေးနိုင်ဘူးလေ။ အဲဒါနဲ့ပတ်သက်လို့ ဖြစ်တာပါ။ ဒါလည်း ရှင်းရှင်းလင်းလင်း အမှန်တော့ ကြေညာပြီးသားပါ။ ဒါပေမယ့်လည်း ကျနော်တို့ YBPC နဲ့မတူတာက သူတို့ဆီမှာ အရင်က ဘတ်စ်ကားလုပ်ငန်း လုပ်ပြီးတော့ တကယ်တန်း ပိုက်ဆံရမှ မထသ လက်ထက်က နေ့စဉ်ပြေးပြီး နေ့စဉ် ယူတဲ့ သူတွေကျ တော့ ဒီစနစ်က သူတို့နဲ့ အဆင်မပြေဘူး။ အဲဒါက စတာပါပဲ” ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း YUPT တွင် အစိုးရက ၃၅ ဘီလီယံ ထည့်ဝင်ထား၍ ရှယ်ယာဝေစု အများဆုံးဖြစ်၍ ဒါရိုက်တာများခန့်ပိုင်ခွင့်ရှိသည်ဟု ဆိုသည်။

“အစိုးရရှယ်ယာအတွက် အစိုးရဘက်မှာ ခန့်ထားပိုင်ခွင့်ရှိတာပဲလေ။ ဒါကို အများပိုင်ကုမ္ပဏီသဘောကို သူတို့တွေ နားမလည်ကြလို့ လျှောက်ပြောနေတာ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။

အများပြည်သူYUPT အစုရှယ်ယာရှင်တွေက ဘာဖြစ်ချင်လဲ

အစုရှယ်ယာရှင်များဖြစ်ကြသည့် ဦးမောင်မောင်၊ ဦးတင်ဝင်း၊ ဦးထွန်းဦး၊ ဦးစိုးဝင်း၊ ဦးစောထွန်းတို့က နည်းလမ်းနှစ်ခုရှိကြောင်း၊ အစိုးရအနေဖြင့် အစုရှယ်ယာများကို ပြန်ဝယ်ပေးခြင်း နှင့် လုပ်ငန်းကျွမ်းကျင်သူများကိုသာ ကုမ္ပဏီ ဦးဆောင်သူများ ခန့်အပ်ခြင်း ဖြစ်ကြောင်း ပြောဆိုကြသည်။

“ဒါရိုက်တာ ရွေးကောက်ပွဲက တရားဥပဒေနဲ့ မညီလို့ ကျနော်တို့ ကန့်ကွက်လိုက်တယ်ဗျ။ နောက်တစ်ခုက ကျနော်တို့ ၃ နှစ်အတွင်းမှာ ကျနော်တို့ အကျိုးအမြတ်မရတာတွေလည်း တင်ပြထားတယ်။ ကျနော်တို့ ရှယ်ယာတွေလည်း ပြန်ပြီး ဝယ်ဖို့ အစိုးရကို တင်ပြထားတယ်။ ဒါရိုက်တာအသစ်တွေ ပြန်ရွေးမယ်” ဟု အစုရှယ်ယာရှင်တစ်ဦးက ရှင်းလင်းပြောဆိုသည်။

Photo Credit – YUPT

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com