DKBA မှ ဒုတိယဗိုလ်မှူးကြီး စောဝေ့ထူး လုပ်ကြံခံရမှု နောက်ဆက်တွဲ

DKBA မှ ဒုတိယဗိုလ်မှူးကြီး စောဝေ့ထူး လုပ်ကြံခံရမှု နောက်ဆက်တွဲ
By မိုးယံခ/ ရန်ကုန်ခေတ်သစ်
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA)မှ ဒုတိယဗိုလ်မှူးကြီး စောဝေ့ထူးသည် အောက်တိုဘာလ ၅ ရက်နေ့ ညပိုင်း ကော့ကရိတ်မြို့ နေအိမ်တွင် ရှိနေစဉ် အမည်မသိ လူတစ်ဦးက လာရောက်ပစ်ခတ်သဖြင့် သေဆုံးသွားသည်။
လက်ရှိအချိန်အထိ တရားခံ ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ စုံစမ်းနေဆဲဖြစ်ရာ DKBA ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး စောကျော်သန်းဌေးကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ ဒုတိယဗိုလ်မှူးကြီး စောဝေ့ထူး လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး လက်ရှိအခြေအနေမှာ တရားခံမိပြီလား။ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ ။ ကျွန်တော်တို့ အခုထိတော့ တရားခံမသိရသေးဘူး။ သိတာနဲ့ ကြေညာပေးပါ့မယ်။
မေး။ ။ ဒီလိုသတ်ဖြတ်ခံရမှုဟာ စီပွားရေးကိစ္စကြောင့် ဖြစ်နိုင်မလား။ ဘာကိစ္စကြောင့်လို့ ထင်လဲ။
ဖြေ။ ။ ဒီကိစ္စဟာ စီးပွားရေးပိုင်းကြောင့်လား။ အဖွဲ့အစည်းပိုင်းကြောင့်လား။ ပုဂ္ဂိုလ်ရေးပိုင်းကြောင့်လား။ ကျွန်တော်တို့က ဒါတွေကိုစုံစမ်းစစ်ဆေးတုန်းပါပဲ။
မေး။ ။ ဒီလုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတွေ စုံစမ်းစစ်ဆေးမှုတွေလုပ်နေလဲ။
ဖြေ။ ။ ကျွန်တော်တို့ အားလုံးပူးပေါင်းပြီးတော့ လုပ်ဆောင်နေပါတယ်။ ဌာနဆိုင်ရာတွေနဲ့ KNU ဖက်ကော ရဲဌာနဖက်ကော အစိုးရဌာနဆိုင်ရာတွေဖက်ကော ကျွန်တော်တို့ အားလုံးပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်။
မေး။ ။ လုံခြုံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆက်လက်လုပ်ဆောင်ဖို့ရှိလဲ။
ဖြေ။ ။ လုံံခြုံရေးပိုင်းကတော့ တပ်မှူးတွေ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ တိုးမြှင့်ဖို့ ရှိသလို ကျွန်တော်တို့ အသွားအလာ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အားလုံးပေါ့။ ပြည်နယ်အတွင်းအားလုံး လုံခြုံအောင်လို့ ကျွန်တော်တို့အသင့် ပြင်ဆင်ပြီးတော့ လုပ်ဆာင်ဖို့ရှိပါတယ်။
မေး။ ။ ဒီလိုမျိုး လုပ်ကြံခံသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ DKBA အတွက် ဆုံးရှုံးနစ်နာမှုတွေရှိလား။
ဖြေ။ ။ တပ်မှူးတစ်ယောက်အနေနဲ့ ဒီလိုဖြစ်တယ်ဆိုတာက ဒါကလည်း ကျွန်တော်တို့အတွက် ကျဆုံးမှုပေါ့။ တရားခံဖမ်းဆီးရရှိရေးအတွက်တော့ ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေပါတယ်။
Photo Credit – DKBA
www.khitthitnews.com
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ