All News interview Peace

AA ၊ TNLA ၊ MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်နိုင်ပါ့မလား

AA ၊ TNLA ၊ MNDAA မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်နိုင်ပါ့မလား

By မိုးယံခ/ ရန်ကုန်ခေတ်သစ်

AA ရခိုင်တပ်မတော်၊ TNLA ပလောင်တပ်ဖွဲ့ နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ အရှိန်အဟုန်မြှင့် ဖြစ်ပွားလျက်ရှိပြီး အောက်တိုဘာလ ပြန်လည် တွေ့ဆုံရန် စီစဉ်ထားမှုများမှာလည်း အခြေအနေအရပ်အရပ်ကြောင့် ပျက်ပြယ်သွားခဲ့သည်။ နိုဝင်ဘာလဆန်းပိုင်းတွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေ့ဆုံရန် အစိုးရဘက်က ကြိုးစားနေသော်လည်း လက်တွေ့ မြေပြင်တွင် တိုက်ပွဲများ အရှိန်တက်နေပြီး AA နှင့်တပ်မတော်တို့အကြား တိုက်ပွဲများမှာ အရှိန်အမြင့်ဆုံးဖြစ်သည်။ လက်ရှိအခြေအနေများအရ ဖြစ်ပေါ်လာနိုင်သော ငြိမ်းချမ်းရေးအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူများကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

ဦးမြတ်သူ (ရန်ကုန် နိုင်ငံရေး၊ သိပ္ပံ ကျောင်းအုပ်)

ဒီဒုတိယအကြိမ်ဆွေးနွေးပွဲက ဖြစ်လာနိုင်ဦးမလားဆိုတော့ ကျွန်တော်နီးနီးကပ်ကပ်ကြီးတော့ ခန့်မှန်းနိုင်လိမ့်မယ်လို့ မထင်ဘူးဗျ။ သူတို့ပြောတော့ ပြောထားကြတာပဲပေါ့။ ဆွေးနွေးပွဲတွေကရှိတော့ရှိမယ်။ ဒါပေမယ့် ခုနကပြောသလိုအောက်တိုဘာလကုန်မှာ လုပ်နိုင်မလုပ်နိုင်ကတော့ ဒါကတော့ အနားကပ်လာရင် အလုပ်မပြီးလို့ ရွေ့တာပြုတာဒါကတော့ ရှိကောင်းရှိနိုင်တာပေါ့။ တိုက်ပွဲနဲ့ ဆွေးနွေးပွဲက ဆက်စပ်နေတယ်။ တိုက်ပွဲအရမ်းပြင်းထန်ရင်လည်း ဆွေးနွေးပွဲ လုပ်ချင်မှလည်းလုပ်မှာပေါ့။ ဆွေးနွေးပွဲပျက်လို့လည်း တိုက်ချင်လို့ ဆွေးနွေးပွဲကို ရွေ့လိုက်ရတာတွေရှိရင်ရှိနိုင်မှာပေါ့။ KIO ကပုံမှန်ကတော့ မြောက်ပိုင်းမဟာမိတ်ဆို လုပ်ထားတဲ့အချိန်မှာ ၂ဝ၁၅လောက်တုန်းကတော့ ကျွန်တော် သတိထားမိတာကတော့ ဒီသုံးဖွဲ့ကို ကန့်လို့ဆိုပြီးတော့မှ မထိုးဖြစ်တဲ့ အနေအထားတစ်ခုဖြစ်ခဲ့ဖူးတယ်။ အဲတာတွေပါ စဉ်းစားရတာပေါ့။ ဒီသုံးဖွဲ့နဲ့ KIO ဆက်ဆံရေးကဆိုတာကလည်း အရမ်းဆိုးရွားတယ်လို့ မကြားမိပါဘူး။ မကြားမိတော့ သူတို့ အဲဒါတွလည်း ထည့်တွက်ရမယ်။ သူတို့တစ်ဖွဲ့တည်းထိုးပါ့မလား။ ကျွန်တော်မြင်တာကတော့ ငြိမ်းချမ်းရေးကကြာအုန်းမှာပါ။ တိုက်ပွဲတွေကလည်းအများကြီးဖြစ်နေတယ်ဆိုတော့

ဦးမြအေး
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်

ဒုတိယအကြိမ်ဆွေးနွေးဖြစ်ဖို့ကတော့ ခန့်မှန်းကတော့ခက်တယ်။ ခန့်မှန်းကခက်တယ်ဆိုတာ ဘယ်လိုခေါ်မလဲ။ အောက်တိုဘာလတည်းကတော့ သိပ်မမျှော်လင့်တော့ဘူး။ ဘာလို့ဆိုတော့ အောက်တိုဘာလက အခုပဲကုန်တော့မှာလေဗျာ ကုန်တော့မှာဆိုတော့ အောက်တိုဘာလထဲမှာဖြစ်ဖို့ သိပ်တော့မလွယ်ဘူးလို့ထင်တာပဲ ဒီကြားတည်းမှာလည်း AAစစ်ဦးစစ်ချုပ်ရဲ့ ညီမမိသားစုကို ဖမ်းတာတွေ ဆီးတာတွေရှိနေတော့ ဖြစ်ခဲ့ရင်တောင် ရလဒ်ကောင်းထွက်လိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်ဘူး။

KIO က NCA လက်မှတ်ထိုးရင် ညီနောင်အဖွဲ့တွေပါလာနိုင်လား ဆိုတာကတော့ အကယ်၍ခံပြီးတော့ စဉ်းစားရတဲ့ အခြေအနေမျိုးတွေဆိုတော့ အဲတာတွေနဲ့ ပတ်သက်ပြီးကျွန်တော် ယတိပြတ်ဘယ်လိုမှ ခန့်မှန်းလို့ မရနိုင်ပါဘူး။ နောက်တစ်ခုက KIO ကလက်မှတ်ထိုးမယ် မထိုးဘူးဆိုတာလည်း သတင်းထွက်ပေါ်တာပဲရှိတာလေ တိတိကျကျမဟုတ်သေးတဲ့အခြေအနေကျတော့ ဒီပေါ်ကိုဘာမှ ပြောလို့မရဘူးထင်ပါတယ်။ တိုက်ပွဲထိတွေ့မှုတွေကျတော့လက်ရှိစစ်မြေပြင်မှာ နှစ်ဖက်တိုက်နေတဲ့သူတွေကိုမေးရမှာလို့ ကျွန်တော်ထင်တယ်။ လတ်တလောကတော့ဗျာ အားလုံးလည်းတွေ့နေတာပဲ အားလုံးလည်း မြင်နေတာပဲ တိုးတက်အောင်လုပ်ဖို့ဆိုရင် ကျွန်တော်မြင်တာကတော့ NCA ကို review လုပ်ရလိမ့်မယ်လို့ ကျွန်တော်ကတော့ မြင်တယ်ဗျာ။ ဒီလိုမဟုတ်ဘူးဆိုရင်တော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က လုပ်သာလုပ်၏ အရွေ့နည်း၏လို့ ဖြစ်နေလိမ့်မယ်။ အဲလိုပဲ ကျွန်တော်မြင်ပါတယ်။

စာရေးဆရာ ဦးမောင်မောင်စိုး
နိုင်ငံရေးလေ့လာသုံးသပ်သူ

မြောက်ပိုင်းသုံးဖွဲ့နဲ့ အောက်တိုဘာမှာ ပြန်တွေ့မယ့် ဆွေးနွေးပွဲက ကျွန်တော်သိရလောက်တော့ အောက်တိုဘာလထဲမှာ NCA ထိုးထားတဲ့အဖွဲ့တွေနဲ့ ၄နှစ်ပြည့်လုပ်တာကြောင့် မဖြစ်တော့ဘူးလို့ သတင်းကြားပါတယ်။ ကျွန်တော်သိတာကတော့ နိုဝင်ဘာလတည်းမှာ ရွေ့ပြီးတော့ ဆွေးနွေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လောလောဆယ်မှာ KIA တစ်ဖွဲ့တည်းခွဲပြီးတော့ ဒီလက်မှတ်ထိုးမယ့်အလားအလာကတော့ နည်းတယ်လို့ထင်ပါတယ်။ သူတို့အနေနဲ့ကတော့ ဒီ၂ဝ၁၅ တုန်းကလည်း အားလုံးပါဝင်ရေးကိုလက်ခံထားခဲ့ပြီးတော့ လက်မှတ်မထိုးခဲ့တဲ့အဖွဲ့ဖြစ်တာကို ဒီမှာလည်းမြောက်ပိုင်းလေးဖွဲ့နဲ့တူတူ အပစ်ရပ်တာကို လက်ခံပြီးတော့ မြောက်ပိုင်းလေးဖွဲ့နဲ့ တူတူထိုးမယ်လို့ ပြောထားတဲ့အခြေအနေအောက်မှာ သူတစ်ဦးတည်း ခွဲထွက်ပြီးတော့ Bilateral ထိုးဖို့ လောလောဆယ်မှာ နိုင်ငံရေးအရမဖြစ်နိုင်ဘူးလို့ထင်ပါတယ်။

အောက်တိုဘာလထဲမှာ တွေ့ဖို့မရှိတော့ တိုက်ပွဲအနည်းအပါးကတော့ ဖြစ်မှာပါ။ ကြီးမားမားကတော့ ဒီမြောက်ပိုင်းမှာဖြစ်လာနိုင်တယ်လို့တော့ အလားအလာနည်းဦးမယ်လို့ထင်ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေအနည်းအပါးတော့ဖြစ်နေဦးမှာပဲ။ တိုက်ပွဲတွေဖြစ်ရင်းနဲ့ဆွေးနွေးတာမျိုးတွေဖြစ်နိုင်ပါတယ်။ NRPC အနေနဲ့ကတော့ အပစ်ခတ်လက်မှတ်ထိုးထားတဲ့ ၁ဝဖွဲ့ကို အာရုံစိုက်နေတယ်ထင်ပါတယ်။ JMC ထိပ်သီးဆွေးနွေးပွဲတွေလုပ်ပြီးတော့ ပုံမှန် NCA လုပ်ငန်းစဉ်မှာ UPDJC နဲ့ JMC ဆွေးနွေးပွဲတွေ ပြန်စနိုင်အောင်လုပ်ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနောက်တစ်ကြိမ်ကျင်းပနိုင်ဖို့ ၂ဝ၂ဝတည်းမှာဖြစ်ဖြစ် ကျင်းပနိုင်ဖို့ လုံးပန်းနေတယ်လို့ ထင်ပါတယ်။ မြောက်ပိုင်း ၇ဖွဲ့ကိစ္စကတော့ ဒုတိယပြဿနာလို့ သဘောထားပုံရပါတယ်။

ဦးအောင်သူငြိမ်း
နိုင်ငံရေးလေ့လာသုံးသပ်သူ

မြောက်ပိုင်းအဖွဲ့တွေနဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲကအခု အောက်တိုဘာကအခုလကုန်တော့မယ်ဗျ လကုန်တော့မယ်ဆိုတော့ ဒီအောက်တိုဘာမှာ ဘာမှမရှိတော့ဘူးလေ။ အခု NCA လက်မှတ်ထိုးထားတာ လေးနှစ်မြောက်အခမ်းအနား လုပ်ဖို့တော့ရှိတယ်။ ကျန်တာမရှိတော့ဘူး။ ငြိမ်းချမ်းရေထက်စာရင်ပေါ့။ ၂ဝ၂ဝ ရွေးကောက်ပွဲက ပိုပြီးတော့ သြဇာလွှမ်းတဲ့သဘောမျိုးရှိတာပေါ့ဗျာ။ အဲတော့ KNPPတို့ ကချင်တော့ဆိုရင်လည်း သူတို့က အခုအချိန်မှာNCA လက်မှတ်ထိုးမလား ဒါမှမဟုတ် ၂ဝ၂ဝကို စောင့်မလားဆိုတဲ့ စဉ်းစားချက်မျိုးတွေဖြစ်လာတယ်ပေါ့။
အစိုးရဖက်ကကျတော့လည်း စဉ်းစားမယ်ဆိုရင် ၂ဝ၂ဝမတိုင်ခင်မှာ သူကနောက်ထပ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆွေးနွေးပွဲတစ်ခုလောက်တော့ ထပ်ခေါ်ချင်တဲ့ ဆန္ဒမျိုးရှိပါတယ်။ အဲ့တော့ ဆွေးနွေးပွဲမှာလည်း သိပ်ပြီးတော့ ခေါင်းစဉ်အရတော့ များများပြောင်းဖို့မရှိတော့ဘူးဗျ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်ထိန်းဖို့ဆိုတဲ့ဟာမျိုး သဘောမျိုးပဲ ဖြစ်တော့မယ်လေ။ နောက်ရွေးကောက်ပွဲက နည်းနည်းလေးအရေးပါတဲ့ အခန်းကဏ္ဍရောက်လာတာပေါ့။ နောက်သတင်းတစ်ခုရှိတာက KIO ဖက်က လက်မှတ်ထိုးနိုင်တဲ့ အလားအလာရှိတယ်ဆိုတဲ့ သတင်းတွေထွက်နေတာလည်းရှိတယ်။

တကယ် KIO လက်မှတ်ထိုးဖြစ်ရင် ငြိမ်းချမ်းရေးအတွက် အလားအလာပိုကောင်းနိုင်တယ်။ KIOထိုးရင် KNPP လည်းလက်မှတ်ထိုးသွားနိုင်တယ်။ နောက်တစ်ကျတော့ သူနဲ့ မဟာမိတ်လုပ်ထားတဲ့ မြောက်ပိုင်းသုံးဖွဲ့ပေါ့။ KIO ထိုးရင် ဒီအဖွဲ့တွေဖက်ကလည်း အများကြီးစဉ်းစားဖို့ အစီအစဉ်ဖြစ်လာနိုင်တာပေါ့။ KIO ရဲ့ မြောက်ပိုင်းသုံးဖွဲ့အပေါ်က လက်ရှိပုံစံအတိုင်းပြောရရင် သူတို့လှုပ်ရှားတက်အောင် လေ့ကျင့်ဖွဲ့စည်းပေးလိုက်တာပေါ့။ ဒါပေမယ့် လက်ရှိမှာ ဒီအဖွဲ့တွေကတော့ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လှုပ်ရှားတဲ့ပုံစံမျိုးတွေရှိတာပေါ့။ နောက်တစ်ခါကျတော့ ပြီးခဲ့တဲ့တိုက်ပွဲတွေ ဖြစ်တဲ့အချိန်တုန်းက KIA ဖက်ကမပတ်သက်သလောက်ရှိတယ်လေ။ ရွေးကောက်ပွဲက အရေးကြီးလာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နည်းနည်းလေးမှေးမှိန်နေတဲ့ပုံစံပေါ့၊

ဒေါက်တာနိုင်ဆွေဦး
သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့

နိုင်ဝင်ဘာဆွေးနွေးပွဲကတော့ လောလောဆယ်ကလည်း အဲဒီဖက်မှာ တိုက်ပွဲလေးတွေကရှိနေတော့ ကျွန်တော်သိရသလောက်ကတော့ အောင်မြင်နိုင် မအောင်မြင်နိုင်ဘူး ဆိုတာကတော့ပြောရတော့ခက်တယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ အခုတော့ညီနောင်သုံးဖွဲ့ပေါ့။ သူတို့ရဲ့ ငြိမ်းချမ်းရေးပေါ်လိုလားတဲ့ စိတ်ရှိမရှိကလဲ အဲတာကလည်း အရေးကြီးတယ်။ ကျွန်တော်သိရသလောက်ကတော့ ဒီဖက်ကဘယ်လိုပဲ ဆွေးနွေးဆွေးနွေ အဓိကကတော့ ယုံကြည်မှုတည်ဆောက်ဖို့လိုတာပါ။ စစ်မြေပြင်မှာ တိုက်တာထက်စာရင် စားပွဲဝိုင်းမှာတွေ့ပြီး စကားပြောတာ ပိုပြီးတော့ကောင်းတာပေါ့ဗျာ။ အနည်းဆုံးလူတွေတော့ တွေ့နေရမယ် စကားတွေတော့ ပြောနေရမယ်။ ပိုရင်းနှီးမှုရှိမယ် အဲဒီကနေပြီးတော့ ယုံကြည်မှုတည်ဆောက်ပြီးတော့မှ တစ်ဆင့်ပြီးတစ်ဆင့်ဆက်သွားဖို့ကောင်းတာပေါ့။ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကလည်းပြောဖို့တော့ ခက်တယ်။ လွယ်တော့မလွယ်ဘူး။ သုံးသပ်ချင်တယ်။

လက်ရှိမှာမြေပြင်မှာလည်း တိုက်ပွဲလေးတွေကဖြစ်နေတယ်ကြားနေတာ လက်ရှိမှာတော့ Channel တစ်ခုတော့ရှိနေတာပေါ့။ ဆွေးနွေးဖို့အတွက် ဒါလေးကတော့အကျိုးရှိပါတယ်။ ကျွန်တော်မြင်တာတော့ နောက်ထက်တစ်ဆင့်တစ်ဆင့် ဆွေးနွေးပွဲတွေမှာ တစ်ဆင့်တစ်ဆင့်သွားနိုင်မယ်ဆိုရင်လည်း တဖြေးဖြေး တိုက်ပွဲတွေလျော့ချသွားနိုင်မယ်လို့မြင်တယ်။ ဆွေးနွေးပွဲမအောင်မြင်ရင် တိုက်ပွဲတွေပြင်းထန်နိုင်လားဆိုတော့ အဲလိုတော့မရှိပါဘူး။ တစ်ချို့ကလည်းပြောတယ်။

ပွင့်လင်းရာသီရောက်ပြီဖြစ်တဲ့အတွက် ပြင်းထန်လာနိုင်တယ်လို့ပြောကျတာပေါ့။ ဒါပေမယ့် အရေးကြီးတာက ဒီဖက်ကတော့ တွေ့ဆုံပြောပြီးသားဖြစ်တယ်ပေါ့။ အစိုးရနဲ့ တပ်မတော်ဖက်ကလည်း အရေးကြီးတာ ပြည်ထောင်စုလမ်းမကြီး တစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ မထိခိုက်ဖို့ပဲ အဓိကကတော့ ပြည်ထောင်စုလမ်းမကြီးဆိုတာကကျွန်တော်တို့ရဲ့ အရေးကြီးတယ်။ တရုတ်နဲ့ ကုန်သွယ်ရေးအတွက် အရေးကြီးတာဖြစ်နေတာကို အဓိကက ဒီလမ်းပေါ်ကတံတားတွေမချိုးဖို့တော့ ပြည်သူတွေကို ဒုက္ခမပေးဖို့ ဒါတွေအရေးကြီးတယ်လို့ပြောထားပြီးသားဖြစ်တယ်။ ဒီအပေါ်ကိုလာလုပ်ရင်တော့ ဒါအစိုးရအနေနဲ့ တပ်မတော်အနေနဲ့တာဝန်ရှိတယ်ပေါ့။ ပြန်ပြီးတော့ တုံ့ပြန်မယ်လို့ ယူဆတယ်။ ဒီလိုမှမဟုတ်ရင်တော့ ပြင်းထန်စရာအကြောင်းမရှိပါဘူး။

ငြိမ်းချမ်းရေးအလားအလာကတော့ တန့်နေခဲ့တာကြာပြီ။ တစ်နှစ်ကျော်နှစ်နှစ်လောက်ရှိပါပြီ။ ဘက်လျော့တွေအများကြီးဖြစ်နေတယ်ပေါ့။ ဒီဟာကိုဖြည့်ဆည်းဖို့အတွက်တော့ ကြိုးစားနေတာပေါ့။ channel တွေတော့ကြိုးစားနေတယ်။ ဒါပေမယ့်တော့ ကျွန်တော်တို့သိရသလောက်တော့ လာမယ့်နှစ်ဆန်းပိုင်းမှာ ညီလာခံတစ်ခုထပ်လုပ်အုန်းမယ်ပေါ့။ ငြိမ်းချမ်းရေးညီလာခံလုပ်အုန်းမယ်။ ဒါကတော့ ကျွန်တော်မြင်တာ တိုးတက်မှုကလည်းအများကြီးတော့မရှိဘူး။ ၂ဝ၂ဝနောက်ပိုင်းမှာ မျှော်ရမယ်လို့မြင်ပါတယ်။

ဓာတ်ပုံ- စက်တင်ဘာ ၄ ရက်နေ့ ရှမ်းပြည်နယ်အတွင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ နှင့် အစိုးရအဖွဲ့တို့အကြား တိုက်ပွဲများ၏ နောက်ဆက်တွဲ ကုန်တင်ကားနှင့် အိမ်စီးကားများ မီးရှို့မှု ဖြစ်ပွားခဲ့သည်။

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com