Local News Peace political news

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီမနှင့် ခင်ပွန်း ဖမ်းဆီးခံထားရမှု သတင်းအစအနပင်မရဟု မိသားစုပြော

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီမနှင့် ခင်ပွန်း ဖမ်းဆီးခံထားရမှု သတင်းအစအနပင်မရဟု မိသားစုပြော

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရခိုင်တပ်မတော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူနှင့်အမျိုးသားတို့ကို ယမန်နေ့ ညပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးလိုက်မှုသည် ဆွေမျိုးတော်စပ်သူမှန်သမျှ ဖမ်းဆီးသည့်ပုံစံဖြစ်နေပြီး ၎င်းတို့နှစ်ဦး၏ သတင်းအစအန မရရှိသေးဟု မိသားစုဝင် ဆွေမျိုးများထံမှ စုံစမ်းသိရှိရသည်။

AA စစ်ဦးစီးချုပ်၏ ညီမဖြစ်သူ မမိုးနှင်းဖြူသည် ခင်ပွန်းဖြစ်သူ ဦးကျော်နိုင် ထိုင်းနိုင်ငံမှ ပြန်လာသည်ကို ယမန်နေ့ ညပိုင်း ရန်ကုန်လေဆိပ်တွင် သွားကြိုစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“မမိုးနှင်းဖြူက သွားကြိုတာ။ သူ့ယောင်္ကျားက ဦးကျော်နိုင်က လေဖြတ်ထားတယ်။ အဲဒါ ထိုင်းမှာ ဆေးကုသဖို့ အလည်သွားရင် ပြန်လာတာမှာ အဖမ်းခံလိုက်ရတာ။ လင်မယားနှစ်ယောက်စလုံး အခု ဘယ်နားရောက်နေမှန်း မသိဘူး။ ဘာကြောင့် ဖမ်းတာလဲ ဆိုတာလည်း တရားဝင် အသိပေးတာမရှိဘူး။ အခုက ဆွေမျိုးတော်သူမှန်သမျှ ဖမ်းနေတဲ့ အရင် စစ်အာဏာရှင်ခေတ်ပုံစံဖြစ်နေတယ်။ ဘယ်မှာ ထိန်းသိမ်းထားလဲ။ ဘာကြောင့်လဲ။ ဘာမှ မိသားစုကို အကြောင်းကြားတာမရှိဘူး။ လင်မယားနှစ်ယောက်လုံး ခေါ်သွားတော့ သူတို့ ကလေး ၂ ဦးကို ဆွေမျိုးတွေကပဲ ကြည့်ပေးထားရတယ်” ဟု မိသားစုဝင် ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ လက်ကိုင်ဖုန်း၊ ရုံးဖုန်းမှန်သမျှကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းမကိုင်ခြင်း၊ မသိရှိဟု ပြောဆိုမှုများသာ ရရှိခဲ့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ဦးအောင်မြတ်ကျော်မှာလည်း ယခုအခါ ဖမ်းဆီးခံထားရပြီး အစိုးရ၏ တရားစွဲဆိုမှုကို ရင်ဆိုင်နေရသည်။

Photo – AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts