interview Local News political news

ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်းအစိုးရ၏ သိမ်းဆည်းခံမြေများ ပြန်မပေးသည့် မသမာသော လုပ်ရပ်များ NLD မင်္ဂလာဒုံအမတ် ဖွင့်ချ

သမ္မတနှင့် အတိုင်ပင်ခံ၏ လမ်းညွှန်ချက်ဖြစ်သော  တိုင်းဒေသကြီးအစိုးရက သိမ်းယူခွင့်မရှိဆိုသော ညွှန်ကြားမှုကို ရန်ကုန်တိုင်းအစိုးရ ဆန့်ကျင်၍ မြေသိမ်း လျှော်ကြေးပေးနေ

By မိုးယံခ/ ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေများကို  မြေယာလျော်ကြေး ပေးအပ်မည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီးဦးဟံထွန်းက ယမန်နေ့ တိုင်းလွှတ်တော်အစည်းအဝေးတွင် ထုတ်ဖေ်ပြောဆိုလိုက်သည်။

သိမ်းဆည်းခံမြေ အမှုတွဲပေါင်း (၁၃၃၂)မှု၊ ဧရိယာ (၂၇၅၆၀.၉၅) ဧကအား လျော်ကြေးပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောဆိုလိုက်ပြီး နိုင်ငံတော်မူဝါဒအရ အများပြည်သူအတွက် သုံးစွဲထားသည့် မြေများမှအပ ကွက်လပ်ဖြစ်နေသော မြေများကို မူလပိုင်ရှင်ထံ ပြန်ပေးရမည်ဆိုသော မူဝါဒနှင့် ဆန့်ကျင်နေကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။

ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်းအစိုးရသည် သိမ်းဆည်းခံ မြေများနှင့်ပတ်သက်၍ မမှန်မကန် လုပ်ဆောင်နေပြီး မသမာမှုများ လုပ်ဆောင်နေကြောင်း ဦးအောင်လှိုင်ဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် တွေ့ ဆုံမေးမြန်းခန်းတွင် ဖွင့်ချသွားသည်။

မေး။               ။ မင်္ဂလာဒုံမြို့နယ်မှာ တပ်က သိမ်းပြီး ပြန်စွန့်လွှတ်ထားတဲ့ စမ်းကြီးဝ မြေတွေက မူလပိုင်ရှင်တွေ ပြန်ရပြီလား။

ဖြေ။               ။ ၂ဝ၁၆ခုနှစ်မှာ နိုင်ငံတော်အစိုးရကနေပြီးတော့ လယ်မြေတွေကိုပြန်ပေးမယ်ဆိုပြီးတော့ ကော်မတီတွေဖွဲ့ပါတယ်။ အဲထဲမှာ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ တိုင်းဒေသကြီးကိုယ်စားလှယ်တွေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ထည့်ပြီးတော့ ဖွဲ့စည်းပါတယ်။ အဲဒီတော့ ရည်ရွယ်ချက်ကတော့ မြေပြန်ပေးတဲ့အခါမှာ စီစစ်တဲ့အခါမှာ မျှတဖို့ ပထမတော့ မမျှတတဲ့အပိုင်းကို အာရုံစိုက်ပြီးတာ့ပြောကျတာတွေများတယ်ပေါ့။

မမျှတတဲ့အဖွဲ့အစည်းတွေကြောင့် မြေသိမ်းခံရတဲ့တောင်သူတွေ နစ်နာခဲ့တယ်ပေါ့။ မင်္ဂလာဒုံအပါအဝင် တတိုင်းပြည်လုံးမှာ အဲဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ထည့်ဖွဲ့ရတာပေါ့။ သို့သော် ကျွန်တော်တို့ ယနေ့ရန်ကုန်တိုင်းအခြေအနေကိုပြန်ကြည့်မယ်ဆိုရင် လယ်မြေပြန်လည်ပေးအပ်ဖို့အတွက် အဖွဲ့ဖွဲ့ပေးတာ စီစစ်ပြီးတာ ၃နှစ်ကျော်ကြာတဲ့အထိ ရန်ကုန်တိုင်းဒေသကြီးအစိုးရက လယ်မြေတွေကို ပြန်လည် ပေးအပ်နိုင်ခြင်းမရှိဘူးပေါ့။

 အဲဒါအတွက် အဲဒါတွေပေါ်မှာ လယ်သမားတွေအနေနဲ့ တော်တော်လေးမကျေမနပ်ဖြစ်နေတယ်။ သူတို့မြေကိုသူတို့ပြန်လိုချင်တယ်ပေါ့။ လက်ရှိအခြေအနေကတော့ အဲဒါပါပဲ။ မင်္ဂလာဒုံမှာတော့ လက်ရှိမြေပြန်ပေးတဲ့ အခြေအနေမျိုးမရှိသေးပါဘူး။

မေး။               ။ ဒီမြေတွေကို လယ်သမားတွေဘက်က ပိုင်ဆိုင်ကြောင်းအထောက်အထား သက်သေက ဘယ်လိုပြနိုင်လဲ။

ဖြေ။               ။ မြေရဲ့ ရာဇဝင် ယေဘုယျအားဖြင့်တော့ ဒီမှာ မင်္ဂလာဒုံမှာ ဖြစ်ပွားပွားသွားခဲ့တဲ့ တပ်သိမ်းမြေအများစုကတော့ ၁၉၉၂ ခုနှစ်မှာ တပ်တို့ အဲတုန်းက တပ်နဲ့ နှီးနွယ်နေတဲ့ ကုမ္ပဏီတို့ကကမြေကြီးတွေကို သိမ်းတာပေါ့။ သိမ်းတဲ့ဟာက ပြန်ပေးရမယ်ပေါ့။ အခုကျွန်တော်တို့အစိုးရလက်ထက်မှာ ဒီမူဝါဒတွေက ကျွန်တော်တို့ချမှတ်တာလည်းမဟုတ်ဘူး။ နိုင်ငံတော်ကနေချမှတ်ပြီးတော့ မြေပြန်ပေးမယ်ဆိုတဲ့ မူဝါဒဖြစ်တယ်။

 နောက်တစ်ခါ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာလည်းပါတယ်။ အဲဒီကနေပြီးတော့ မြေပြန်ပေးမယ်ဆိုတာတွေဖြစ်လာတာပေါ့။ မြေရဲ့ရာဇဝင်ကတော့ ယေဘုယျအားဖြင့် ၁၉၉၂နဲ့ ၁၉၉၆၊ ၁၉၉၅ ခုနှစ် ကြားတွင်းမှာ ဖြစ်တဲ့ကိစ္စတွေများပါတယ်။ မြေအများစုက…။

မေး။               ။ အခုထက်ထိ မြေတွေ ပြန်မရသေးဘူးဆိုတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒီမြေကိုပြန်မပေးတာ စီမံကိန်းတွေများ အကောင်အထည်ဖော်နေလို့လား။

ဖြေ။               ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒီမြေပေါ်မှာ စီမံကိန်းလုပ်ဆောင်မယ်ဆိုတဲ့ သတင်းမျိုးကြားတယ်။ မြေပြန်မပေးဘူးဆိုတဲ့ဟာ ကြားတယ်ပေါ့။ မြေယာမူဝါဒနဲ့တော့ ကွဲလွဲနေတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေ ရန်ကုန်တိုင်းကလွှတ်တော်ကိုယ်စားလှယ်တွေတွေ့ဆုံတဲ့အခါမှာ ဒီကိစ္စတင်ပြဖူးပါတယ်။ တင်ပြတဲ့အခါတော့ နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံက ဒီမြေတွေကိုအစိုးရက သိမ်းယူလိုလျှင် တိုင်းဒေသကြီးအစိုးရက သိမ်းယူခွင့်မရှိဘူး။

 ဒါကပြည်ထောင်စုအစိုးရရဲ့ လုပ်ပိုင်ခွင့်ဖြစ်တယ်။ အတိုင်ပင်ခံကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ ထုတ်ပြန်တဲ့စာတွေမှာလည်း ပါပါတယ်။ အနာဂတ်အတွက် မြေကို ကြိုပြီးတော့ သိမ်းထားလို့မရဘူးပေါ့။ မြေပြန်ပေးရမှာပါ။ မူဝါဒအရဆိုရင် နိုင်ငံတော်ရဲ့ မူအရဆိုရင် ဒီမြေတွေကို မြေကြီးအလွတ်အတိုင်းရှိနေရင် မြေပြန်ပေးရမယ်။

နိုင်ငံတော်ကနေပြီးတော့ မရှိမဖြစ် အများပြည်သူအတွက်သုံးထားတဲ့ ဆေးရုံတို့ကျောင်းတို့ လေယာဉ်ကွင်းတို့ မီရထားလမ်းတို့ မော်တော်ကားလမ်းတို့ ဒါမျိုးတွေသိမ်းခံရတာမျိုး ရှိခဲ့မယ်။ အဲဒီမြေတွေကတော့ ပြန်ပေးလို့မရဘူး။ အဲဒီမြေတွေကို လျှော်ကြေးနစ်နာကြေးပေးရမယ်။ ကျန်တဲ့ကွက်လပ်အတိုင်းကျန်တဲ့မြေတွေကို မြေအတိုင်းပဲမူလပိုင်ရှင်ကို ပြန်ပေးရမယ်ဆိုပြီးတော့ နိုင်ငံတော်ကချမှတ်ထားတဲ့မူဝါဒပေါ့။

ဖြစ်နေတဲ့ပြဿနာကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြန်ပေးလို့ရတဲ့ မြေအလွတ်တွေကို နိုင်ငံတော်မူဝါဒကိုဆန့်ကျင်ပြီးတော့ မပေးဘဲနဲ့ သိမ်းထားဖို့အတွက် လုပ်နေတဲ့အတွက် ကျွန်တော်တို့ အောက်ခြေက မြို့နယ်အဆင့်က ပုဂ္ဂိုလ်တွေအနေနဲ့ တောင်သူလယ်သမားတွေရယ် တိုင်းဒေသကြီးအစိုးရတွေကြားမှာ မပြေလည်မူတွေ ကျွန်တော်တို့ ကြုံတွေ့နေရတာ။

မေး။               ။ လက်ရှိအချိန်မှာမြေလည်း ပြန်မပေးဘူးဆိုတော့ လျှော်ကြေးရော ပေးပြီးပြီလား။

ဖြေ။               ။ လျှော်ကြေးကတော့ မီဒီယာတွေမှာတွေ့တာကတော့ ရန်ကုန်တိုင်းတချို့နေရာတွေမှာ လျော်ကြေးနစ်နာကြေးတွေ စပြီးတော့ပေးနေတယ်ဆိုပြီးတော့ တွေ့ရပါတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတော့ တက်ရောက်ပြီးတော့ လျော်ကြေးနစ်နာကြေးတွေပေးတာ တွေ့ရပါတယ်။

ကျွန်တော်တို့ မင်္ဂလာဒုံမှာတော့ လျှော်ကြေးနစ်နာကြေးတစ်ယောက်မှ မရသေးဘူး။ ဒါပေမယ့် အဓိကလျှော်ကြေး နစ်နာကြေးတော့ ခုနက ကျွန်တော်ပြောခဲ့သလိုပေါ့။ အများပြည်သူအတွက် အသုံးပြုထားတဲ့ လမ်းတံတား၊ မီးရထားလမ်း၊ လေယာဉ်ကွင်းဆေးရုံ စာသင်ကျောင်းအဆောက်အအုံ အဲလိုမြေတွေအတွက် လျော်ကြးပေးရမယ်။

ကျန်တဲ့မြေလွတ်တွေကို မြေအတိုင်းပဲ ပြန်ပေးရမယ်။ ဒါနိုင်ငံတော်ရဲ့မူပဲ ။ကျွန်တော်တို့ ချထားတဲ့မူလည်း မဟုတ်ဘူး။ ကျွန်တော်တို့တောင်းဆိုနေတာလည်း မဟုတ်ဘူး။ ဦးဖြိုးမင်းသိန်း ချထားတဲ့မူလည်း မဟုတ်ဘူး။ နိုင်ငံတော်ကနေပြီးတော့ အားလုံးနဲ့ တိုင်ပင်ပြီးတော့ လွှတ်တော်အကြီးအကဲတွေ နောက်တစ်ခါ တပ်မတော်ပါပါတယ်ပေါ့။ တပ်မတော် အကြီးအကဲပိုင်းက ပုဂ္ဂိုလ်တွေ အစိုးရတာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ မြေယာကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ ညှိနှိုင်းပြီးတော့ချမှတ်ထားတဲ့ မူဝါဒပါ ဒီမူဝါဒကို ကျွန်တော်တို့က အကောင်အထည်ဖော် ပေးဖို့အခုကတိုက်တွန်းနေတာ အခုရန်ကုန်တိုင်းဒေသကြီးမှာ ဖြစ်နေတာက အဲဒီကွက်လပ်လွတ်တဲ့ မြေတွေကို ပြန်မပေးဘူးပေါ့။

 ပြန်မပေးတဲ့အကြောင်းအရင်းကလည်း ခုနကပြောသလိုပေါ့။ စီမံကိန်းရှိလို့တို့ မျိုးစုံအကြောင်းပြတယ်။ စီမံကိန်းရှိရင် ဒီမြေကို နိုင်ငံတော်က စီမံကိန်းရှိရင် သိမ်းခွင့်ရှိပါတယ်။ မြေသိမ်းဥပဒေဆိုတာလည်း ကျွန်တော်တို့ နိုင်ငံမှာ ပြဌာန်းထားပါတယ်။ သို့သော်မြေသိမ်းချင်ရင် မူဝါဒနဲ့ အညီသိမ်းရမှာ တိုင်းဒေသကြီးအစိုးရက သိမ်းလို့မရပါဘူး။ ပြည်ထောင်စုအစိုးရ သမ္မတဦးဝင်းမြင့်ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရကနေပြီးတော့ပြန်တမ်း ထုတ်ပြီးတော့ သိမ်းမှ ဒီမြေတွေက တရားဝင်သိမ်းခွင့်ရှိပါတယ်။
အခုက အဲလိုသိမ်းပါ နိုင်ငံတော်အဆင့်ကိုတင်ပြပြီးတော့ သိမ်းပါဆိုတာကို မသိမ်းဘဲနဲ့ အောက်ခြေမှာ လျှော်ကြေးပဲယူတော့ဆိုပြီးတော့ အလွတ်သဘောမျိုးလာပြောတဲ့ကိစ္စမှာ မူဝါဒကိုချိုးဖောက်ပြီးတော့ ပြောဆိုနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ဖက်က ကန့်ကွက်နေရခြင်းဖြစ်ပါတယ်။

မေး။               ။ ရန်ကုန်တိုင်းအစိုးရရဲ့ မူဝါဒချိုးဖောက်မှုကို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေက မသိတာလား။

ဖြေ။               ။ ကျွန်တော်တို့ နိုင်ငံတော် သမ္မတရော အတိုင်ပင်ခံရော လူချင်းကျွန်တော်တို့တွေ့ပါတယ်။ တွေ့တဲ့ အခါ မှာ ဒီပြဿနာတွေတင်ပြပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဒီစီမံကိန်းမြေတွေကို အနာဂတ်မှာ လုပ်စရာရှိလို့ သိမ်းယူထားလို့တဲ့ရည်ရွယ်ချက်ရှိတယ်။ ဒါကိုပြည်ထောင်စု အစိုးရရဲ့ သဘောထားနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ မေးမြန်းတဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးက ဘာပြောလည်းဆိုတော့ ဒီလိုသာတောင်းကြကြေးဆိုရင် ကျန်တဲ့ပြည်နယ်နဲ့ တိုင်းတွေကလည်း စီမံကိန်းရှိလို့ စီမံကိန်းရှိလို့ဆိုပြီးတော့ တောင်းနေမှာပေါ့။

လူတိုင်းကစီမံကိန်းတော့ ရှိကြတာပဲ။ ပြောချင်တဲ့သဘောက ကျွန်တော်တို့မှာလည်း အနာဂတ်စီမံကိန်းဆိုတာရှိတယ်။ စိတ်ထဲမှာရှိရင် စီမံကိန်းဆိုတာ ပြောလို့ရတာပဲ။ အဲလိုပြောပြောပြီးတော့ သိမ်းထားမယ်ဆိုရင် သိမ်းထားတဲ့မြေ တစ်ခုမှ ပြန်ပေးစရာမလိုဘူးပေါ့။ အဲလိုသဘောမျိုးသက်ရောက်သွားလိမ့်မယ်။

နှစ်ပေါင်းလည်း ၂ဝကျော်လာပြီ ဒါကြောင့် မို့လို့ လျှော်ကြေးနစ်နာကြေးနည်းသည်များသည် ဘာမှပြန်ပြောနေစရာမလိုဘူး။ နိုင်ငံတော်မှာလည်း လျှော်ဖို့ပိုက်ဆံမရှိဘူး။ အဲဒီတော့ ဒါကိုပြန်ကိုပေးရမယ်။ အများပြည်သူအတွက် ပြည်သူသန်း ၅ဝကို ကိုယ်စားပြုပြီးတော့ သုံးနေတဲ့လုပ်ငန်းတွေအတွက် ပြည်သူသန်း၅ဝ ကိုယ်စား ဒီပိုက်ဆံကိုလျှော်မယ်။

သို့သော် ကုမ္ပဏီအကျိုးအတွက်တော့ လူတစ်ဦးတစ်ဖွဲ့ အကျိုးအတွက်တော့ အဲလိုသိမ်းတာမျိုးကိုတော့ လက်မခံဘူး။ အဲတော့ မြေကိုပြန်ပေးပါ ဒါကိုကျွန်တော်တို့တင်ပြပါတယ်။ တစ်နှစ်လောက်လည်းရှိပြီလို့ထင်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့က ဒီကိစ္စကိုသိတယ်။ သို့သော် ရန်ကုန်တိုင်းဒေသကြီးအစိုးရဖက်ကလည်း ဒီမြေတွေကို ပြန်မပေးဘူးလို့ ကျွန်တော်တို့ကို တခါမှာတော့ တရားဝင်လာမပြောဘူး။ အပြင်မှာ အသံတွေကြားနေတာရယ် နောက်တစ်ခါ ဝန်ကြီးချုပ် ပြောတဲ့မိန့်ခွန်းတစ်ချို့ကို နားထောင်ကြည့်ခြင်းအားဖြင့် ဒီနေ့ထိတော့ပြန်မပေးသေးဘူး။ ပြန်မပေးဘူးလို့ ကျွန်တော်တို့ကို တရားဝင်အကြောင်းကြားထားတာတော့မရှိဘူး။

သို့သော် ၃နှစ်ဆိုတဲ့ကာလက တရားလွန်နေပြီလို့ ကျွန်တော်တို့က ယူဆပါတယ်။ ၃နှစ်ဆိုတဲ့ကာလမှာ အချိန်ဆွဲနေတာပေါ့။ ပြန်မပေးချင်တဲ့အတွက် ဒီလိုအချိန်ဆွဲနေတယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ စစ်ဆေးလို့လည်း အားလုံးပြီးစီးပြီ ဖြစ်တဲ့အတွက် သို့သော် ခုနကကျွန်တော်ပြောသလိုပေါ့။ အရေးယူဆောင်ရွက်မှုအပိုင်းပေါ့နော် TVတွေမှာလည်း လာနေပါတယ်။ ပြည်ထောင်စုအစိုးရကနေထုတ်ပြန်တဲ့ ဒီလိုကြန့်ကြာအောင် လုပ်တဲ့ဝန်ထမ်းတွေကို အရေးယူမယ်။ အဖွဲ့အစည်းတွေကို အရေးယူမယ်ဆိုတော့ ကျွန်တော်တို့ဘက်ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ ထုတ်ပြန်ချက်နဲ့ အညီတိုင်းဒေသကြီးအစိုးရမှာ တာဝန်ရှိတယ်။ ကြန့်ကြာအောင် လုပ်တဲ့ပုဂ္ဂိုလ်များကို တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့ ဆန္ဒရှိပါတယ်။

သို့သော် တရားဝင်အရတော့ ကျွန်တော်တို့ဆီကိုလာတော့ မပြောသေးဘူး။ ဒီမြေတွေကို သိမ်းလိုက်ပြီး ပြန်မပေးဘူးဆိုပြီးတော့ လာမပြောသေးဘူး။ သို့သော် မြေတွေပေါ်မှာ အစိုးရကနေပြီးတော့ တိုင်းဒေသကြီးအစိုးရကနေပြီးတော့ စီမံကိန်းတွေရေးဆွဲပြီးတော့ လွှတ်တော်ကိုတင်ပြတာမျိုးတွေကတော့ ရှိပါတယ်။ ပြန်မပေးဘူးလို့တော့ ကျွန်တော်တို့ကို မပြောပါဘူး။

မေး။               ။ သိမ်းထားတဲ့ မြေဧကနဲ့ မူလပိုင်ရှင်လယ်သမားဘယ်လောက်လောက်ရှိလဲ။

ဖြေ။               ။ သိမ်းထားတဲ့မြေဧကပေါင်းကတော့ ထောင်ချီရှိပါတယ်။ စမ်းကြီးဝ ကုန်းမှာလည်း ဧက သုံးရာနီးပါးရှိပြီးတော့ ထောက်ကြန့်ကုန်းမှာလည်း ဧက နှစ်ရာကျော်လောက်ရှိတယ်။ နောက်တစ်ခါ ဇေကမ္ဘာဝန်းခေါ်တဲ့ အခု ဆင်ဖုန်ဘက်ကွင်းတွေမှာလည်း ဧကထောင်နဲ့ချီပြီးတော့ကျန်နေပါသေးတယ်။ လယ်သမားကတော့ ၃၀၀ နဲ့  ၅၀၀ လောက်ပေါ့။ မိသားစုတွေနဲ့ဆိုရင်တော့ လူဦးရေက ထောင်ဂဏာန်းလောက်တော့ နစ်နာကြတယ်။ ဒီမြေတွေနဲ့ပတ်သက်ပြီးတော့ အသိမ်းခံရတဲ့သူတွေပေါ့။

မေး။               ။ ဒီကိစ္စကို ပြည်ထောင်စု အစိုးရကသိတယ် တစ်နှစ်ကျော်သည့် တိုင်း အရေးမယူဘူးဆိုတော့ ဘယ်လိုရှေ့ဆက်ဖို့ရှိလဲ။

ဖြေ။               ။  တောင်သူလယ်သမားတွေနဲ့ ကျွန်တော်တွေ့တဲ့အခါမှာ တောင်သူလယ်သမားတွေကလည်းမေးပါတယ်။ ဆရာတို့ ပြည်ထောင်စု အစိုးရကို ဒီကိစ္စကို အကြောင်းကြားထားလားဆိုတော့ အကြောင်းကြားပါတယ်လို့ အကြောင်းကြားပါတယ်။ ဒီဟာက ဒီလယ်မြေတွေက ပြန်ပေးရမယ့် မြေတွေဖြစ်တယ်။ အကြောင်းကြားတယ်ဆိုတာ ဘယ်လို အကြောင်းကြားလည်း ဆိုတော့ ကျွန်တော်တို့မှာတရားဝင်ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေရှိတယ်။ အဲကနေအဆင့်ဆင့်တင်ပြတယ်။

 မြေနဲ့ပတ်သက်ပြီးတော့ ကြန့်ကြာနေတယ်ဆိုတာကိုတင်ပြတယ်။ သို့သော် ၃နှစ်ကျော်ကြာတဲ့အထိ ပြန်မရသေးဘူးပေါ့။ ပြည်ထောင်စုအစိုးရအဖွဲ့ကလည်း တိတိကျကျပြောတာ တစ်နှစ်ကျော်လောက်ရှိပြီ ပြန်မရသေးဘူးပေါ့။ အဲတော့ ဒီနေရာမှာ လယ်သမားတွေကလည်း မေးပါတယ်။ ဘယ်လို နည်းနဲ့ ရှေ့ကိုဆက်ပြီးတော့ ဆောင်ရွက်ရင် ကောင်းမလဲဆိုတော့ အဲတော့ ဒီပုံစံအတိုင်းဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သူတို့ချမှတ်ထားတဲ့ ၅၂ချက်နဲ့အညီ ပြန်ပေးမယ့် လက္ခဏာတော့ ကျွန်တော်တို့ မတွေ့ရဘူး။

 မတွေ့ရတဲ့အခါကျတော့ သက်ဆိုင်ရာလယ်သမားတွေ အဖွဲ့အစည်းတွေကနေ မိမိကိုယ်တိုင် မိမိလယ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားက တစ်ဆင့်ခံတိုင်ကြားရတာပေါ့။ သူတို့ကိုယ်တိုင် နိုင်ငံတော် အတိုင်ပင်ခံ နိုင်ငံတော် သမ္မတဆီကို စာတွေပို့ကျပါ။ တင်ပြကျပါ။ နိုင်ငံတော် သမ္မတ အတိုင်ပင်ခံ လမ်းကြောင်းရှိတဲ့အခါမှာ သွားရောက်ပြီးတော့တင်ပြပါ။ ဒါမျိုးစမ်းသပ်ပြီးတော့ လုပ်ကြည့်ပါလို့ ဒါမျိုးတော့ ကျွန်တော်ကတော့ အကြံပြုခဲ့တယ်ပေါ့။

 လောလောဆယ်မှာတော့ မူဝါဒအရ ကျွန်တော်တို့ကို စပြီးတော့ချမှတ်တာကတော့ ရပ်ကွက်နေစစ်ဆေးတဲ့အမှုတွေကို မြို့နယ်ကိုတင်ရမယ်။ ကျွန်တော်တို့ကမြို့နယ်အဆင့်မှာပါတော့ မြို့နယ်ကစီစစ်ပြီးတာတော့ ခရိုင်ကိုတင်ရမယ်။ ခရိုင်အဆင့်တွေကတော့ ပြီးပျက်သွားပြီ အဲဒီကနေတိုင်းဒေသကြီးအစိုးရကိုတင်ရမယ်ဆိုတော့ တိုင်းဒေသကြီး အစိုးရကနေပြီးတော့ ပြည်ထောင်စုအစိုးရကို တင်ပြရမယ့်ဟာ ကြန့်ကြာအောင်လုပ်နေတယ်ပေါ့။ ကြန့်ကြာအောင်လုပ်နေတယ်ဆိုတာက ကျွန်တော်က မတရားစွပ်စွဲတာမဟုတ်ဘူး။

ဒီ၃နှစ်ကျော်ကာလကြားထဲမှာ ပုံမှန်မဟုတ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ လုပ်ဆောင်ချက်တွေကိုလည်းတွေ့ရတယ်။ ဥပမာဆိုပါတော့ ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းကိုယ်တိုင် ကျွန်တော်တို့ လယ်ယာမြေစစ်ဆေးရေးနဲ့ ပတ်သက်ပြီးတော့ ကွန်ပျူတာထဲမှာ နှိပ်လိုက်တာနဲ့ လူတိုင်းသိနိုင်အောင် မြေမကစားနိုင်အောင်လို့ ကွန်ပျူတာစနစ်တစ်ခု တည်ထောင်မယ်ပေါ့။ ခလုတ်နှိပ်လိုက်တာနဲ့ ဒီလယ်မြေတွေက ဘယ်လယ်မြေတွေကို ပြန်ပေးမယ် ဘယ်လယ်မြေတွေကတော့ အများပြည်သူသုံးပြီးသား အဲတာကြောင့်မို့ လျောကြေး နစ်နာကြေးပဲ ရမယ်ဆိုတဲ့ဟာကို ကွန်ပျူတာထဲမှာ ထည့်မယ်ဆိုပြီးတော့ အဲလိုပြောပြီးတော့ ကွန်ပျူတာ ဆာဗာတစ်ခုထောင်ထားတယ်လို့ပြောပါတယ်။

အဲဒီဆာဗာထဲကိုထောင်ထားတာဖြစ်တဲ့အတွက် ဒီရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စစ်ဆေးနေတဲ့အမှုတွေအကုန်လုံး အစိုးရအဖွဲ့ကိုပို့ရမယ်ဆိုပြီးတော့ ကျွန်တော်တို့ မော်တော်ကားနဲ့ တိုက်ပြီးတော့ ကားတစ်စီးစာလောက်ရှိပါတယ်။ အမှုတွေ သွားပို့ပါတယ်။ ပို့တဲ့အခါကျတော့ ဟိုရောက်တော့ အဲစာရင်းတွေကို မိတ္တူကူးသလိုလို ဘာလိုလိုလုပ်ပြီးတော့ တစ်ခါမြို့နယ်တွေကို ပြန်ပို့ပြီးတော့ ထွေအုပ်တွေကို တယ်လီဖုန်းတွေနဲ့ ဓာတ်ပုံရိုက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုပို့ရမယ်ဆိုပြီးတော့ တစ်ခါလုပ်ပါတယ်။

အဲဒီတော့ ကျွန်တော် သူတို့လုပ်နေတဲ့ကာလအတွင်းမှာ အမှုစာရွက်တွေကို မော်တော်ကားနဲ့ တိုက်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုသွားပြီးတော့ ပို့ရတဲ့အတွက်ကြောင့် ၆လလောက် ကျွန်တော်တို့ စစ်ဆေးတာ ကြန့်ကြာသွားတာရှိပါတယ်။ နောက်တစ်ခါတိုင်းရယ် ခရိုင်ရယ် မြို့နယ်ရယ် ရပ်ကွက်ရယ် အကုန်ပေါင်းပြီးတော့ စစ်မယ်ဆိုပြီးတော့ တစ်ခါဖွဲ့ဲပြန်ရော ဒီရှိပြီးသားအဖွဲ့တွေကို တစ်ခါဖွဲ့ပြန်ရော။ တိုင်းအဖွဲ့တွေလည်းဆင်းလာတယ်။ စစ်ဆေးတယ်ဆိုပြီးတော့ ကွမ်းယာမှာတဲ့ စာရွက်လို စာရွက်လေးတစ်ရွက်မှာ တောရေးတောင်ရေးတွေရေးပြီးတော့ လာတဲ့ပုဂ္ဂိုလ်များက ကျန်တိုင်းဒေသကြီးအစိုးရလွှတ်လိုက်တဲ့ ပုဂ္ဂိုလ်များကရေးပြီးတော့ တစ်ခါယူသွားပြန်ရော တစ်ခါပျောက်သွားပြန်ရော အဲဒါလည်းတစ်နှစ်ကျော်လောက်ရှိပြီပေါ့။

 နောက်တစ်ခါလွန်ခဲ့တဲ့နှစ်မှာလည်း တစ်ခါမြောက်ပိုင်းခရိုင်မှာ တွေ့ဆုံပွဲ ရှိတယ်ဆိုတော့ ကျွန်တော်တို့သွားတဲ့အခါကျတော့ ဒီမြေနဲ့ ပတ်သက်ပြီးတော့ ဦးဖြိုးမင်းသိန်းကပြောခိုင်းလိုက်လို့ပါ။ ဒီမြေနဲ့ပတ်သက်လို့ လျှော်ကြေးနစ်နာကြေး နှစ်ဆယ်၊ ရှစ်ဆယ်ပေးမယ်ပေါ့။ မြေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၈ဝ ယူမယ်။ လယ်သမားကို နှစ်ဆယ်ယူမယ်ဆိုပြီးတော့ အဲမှာလွှတ်တော်ကိုယ်စားလှယ်တွေလည်းပါတယ်။

ကျွန်တော်ကိုယ်တိုင်ကန့်ကွက်ခဲ့ပါတယ်။ ဒါကမဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စဖြစ်တယ်။ ဒါဒီလိုမျိုးလုပ်တာတွေ လက်မခံဘူးဆိုပြီးတော့ ကျွန်တော်ကန့်ကွက်ခဲ့ပါတယ်။ အခုတစ်ခါ နှစ်ဆယ်ရှစ်ဆယ်ဆိုတဲ့ သူချထားတဲ့ အစီစဉ်ကလည်း တစ်ခါမရှိတော့ပြန်ဘူး။ အခုကျတော့ လျော်ကြေးဆိုပြီးတော့ တစ်ခါလုပ်နေပါတယ်။ အဲတော့ ရှင်းရှင်းပြောရရင် အစိုးရအဖွဲ့လုပ်နေတာပဲဗျာ အစိုးရစကားပြောပေါ့။

 ဒီလိုမျိုး အပြင်ကပွဲစားလိုမျိုး ဟိုတစ်ရက်လာလိုက် ဒီတစ်ရက်ပျောက်သွားလိုက် နောက်တစ်ခါကျတော့ ပေးမယ်ပြောလိုက် မပေးဘူးပြောလိုက် ၂ဝလို့ပြောလိုက် ၈ဝလို့ပြောလိုက် လျောကြေးဆိုပြီးတော့ တစ်ခါပြန်ပြောလိုက် အစိုးရကအစိုးရအလုပ်မလုပ်ဘဲနဲ့ ပွဲစားအလုပ်လုပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ တရားလက်လွတ်ဖြစ်နေပြီ။ ဒါကို ကျွန်တော်တို့ကပြည်သူတွေသိအောင်ချပြရတဲ့ အကြောင်းအရင်းကတော့ ဒီမြို့နယ်မှာရှိတဲ့ လယ်သမားတချို့လူတွေက နားမလည်ဘူး။

 ကျွန်တော်တို့က နှောင့်နှေးကြန့်ကြာအောင်လုပ်နေတယ်ဆိုပြီးတော့ထင်တယ်။ ဘာကြောင့်ထင်လည်းဆိုတော့ ထင်တဲ့အကြောင်းအရင်းကလည်းရှိတယ်။ လယ်သမားတွေကို ခေါ်စစ်တော့ ကျွန်တော်တို့ကခေါ်စစ်ရတယ်။ ခေါ်စစ်တော့ ညွန်ကြားချက်နဲ့ အညီမှန်မှန်ကန်ကန်စစ်ပါဆိုတော့ မှန်ပါတယ်။ ဒါပေမယ့်တော့ သို့သော် စာရွက်မှာရေးတဲ့ စစ်ဆေးတဲ့အခါကျတော့ ခင်ဗျားစာရွက်က မှန်သလား။ ဟုတ်ကောဟုတ်ရဲ့လား။ မဟုတ်တာ မတင်နဲ့နော် ဒါမျိုးတွေပြောတဲ့အခါကျတော့ ကာယကံရှင်တွေဖက်က တစ်ချို့လူတွေကလည်း စိတ်ခုသွားတာတွေရှိပါတယ်။

 ကျွန်တော်တို့ကတော့ မှန်မှန်ကန်ကန် စစ်ဆေးတာပေါ့။ သို့သော် စိတ်ခုသွားတဲ့အခါကျတော့ နောက်လယ်မရတဲ့အခါကျတော့ တိုင်းဒေသကြီးအစိုးရဆီမှာ ကြန့်ကြာနေတယ်လို့ သူတို့ကမထင်ဘူး။ လွတ်တော်ကိုယ်စားလှယ်စစ်တုန်းက ငါ့ကိုသိပ်ပြီးတော့ ကြည်ပုံမရဘူး။ ဒါကြောင့်လွှတ်တော် ကိုယ်စားလှယ်က ငါ့မပေးချင်လို့လားမသိဘူးဆိုတဲ့ အဲလိုအတွေးမျိုးတွေဝင်သွားတာမျိုးလည်းရှိပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့ဒီချိန်မှာ ကျွန်တော်တု့ိက ဒီကိစ္စက ထုတ်ဖော်ပြောဆိုရမယ့် ကာလဖြစ်နေပြီ သည်းခံမှုအတိုင်းအတာကလွန်သွားပြီ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဒီလိုမသမာတဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီးတော့ အများပြည်သူသိဖို့လည်းလိုအပ်နေပြီ။ မြေကို မှန်မှန်ကန်ကန် ပြန်ပေးရမယ့်အချိန်မှာ မှန်မှန်ကန်ကန်ပြန်မပေးဘဲနဲ့ နည်းမျိုးစုံလှည့်ပတ်နေတာသည် မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စပါ။ ပြည်သူလူထုကို လိမ်ညာလှည့်ဖျားဖို့လုပ်တဲ့ကိစ္စ မလုပ်သင့် မလုပ်ထိုက်တဲ့ကိစ္စပါ ဒါကို ကျွန်တော်တို့က အများပြည်သူသိအောင် သိစေချင်တယ်။ ကျွန်တော်တို့က ဒီလိုမျိုး တိုင်းဒေသကြီးအစိုးရရဲ့ မမှန်ကန်တဲ့လုပ်ရပ်ကို ကာကွယ်ပေးစရာအကြောင်းမရှိပါဘူး။ အများပြည်သူသိဖို့ပြောဆိုရခြင်းဖြစ်ပါတယ်။

မေး။               ။ မင်္ဂလာဒုံမှာရှိတဲ့ မြေတွေကို ရန်ကုန်တိုင်းအစိုးရက သိမ်းမယ့်သဘောလား။

ဖြေ။               ။ အဲဒီမှာ တချို့လူတွေကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဇာတ်လမ်းကို ဇတ်ဇတ်မြစ်မြစ် မသိတဲ့တချို့လူတွေက ရန်ကုန်တိုင်းဒေသကြီးအစိုးရကသိမ်းတာမဟုတ်ဘူး။ ဒါသည်တပ်မတော်က သိမ်းတာဖြစ်တယ်ပေါ့။ မှန်ပါတယ်။ ၁၉၉၂ မှာ တပ်မတော်ကသိမ်းတယ်။ ဒါပေမယ့် တပ်မတော်ကိုယ်တိုင်ကနေပြီးတော့ ပြန်စွန့်လွှတ်ထားပါတယ်။ ဒီမြေတွေကို ပြန်စွန့်လွှတ်တော့ တပ်ကလယ်သမားတွေ လက်ထဲဘာကြောင့် ပြန်မပေးလည်းဆိုတော့ ၂ဝ၁၄ခုနှစ်မှာ တပ်မတော်ကပြန်စွန့်လွှတ်ပါတယ်။
၂ဝဝ၈  အခြေခံဥပဒေပေါ်ပြီးတော့ ၂ဝ၁၁ အရပ်သားအစိုးရတွေ စတက်တဲ့ အချိန်ကစပြီးတော့ တပ်မတော်က အရပ်သားတွေပေါ်မှာ စီရင်ခွင့်မရှိပါဘူး။ မရှိတဲ့အခါကျတော့ တပ်မတော်ကသူ့မြေကို ပြန်စွန့်လွှတ်တဲ့အခါမှာ အဲဒီမြေတွေနဲ့ ပတ်သက်ပြီးတော့ အရပ်သားအစိုးရလက်ထဲကို အပ်ရပါတယ်။ အရပ်သားအစိုးရက ဒီမြေတွေကို စိစစ်ပြီးတော့ သက်ဆိုင်ရာပိုင်ရှင်တွေ လက်ထဲကို အပ်ရပါတယ်။

အခုကတော့ တပ်ကနေပြီးတော့ အရပ်ဖက်အစိုးရကို ပြန်အပ်ပြီးတာ သိမ်းတုန်းကတော့ မှန်တယ် တပ်မတော်သိမ်းတယ်။ ဒါပေမယ့် ပြန်အပ်ပြီးပြီ ပြန်အပ်ပြီးတဲ့မြေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျွန်တော်တို့ကလည်း စီစစ်ပြီးပြီ ဟုတ်ပြီ စစ်ဆေးတဲ့ခါကျတော့ ဘယ်သူတွေကို ပြန်ပေးရမယ်ဆိုတော့ အောက်ကလူတွေကို စစ်ဆေးတဲ့အခါကျတော့ မူလတောင်သူလယ်သမားတွေပေါ်လာတယ်ပေါ့။ သို့သော် အဲလူတွေကိုပေးပါလို့ ကျွန်တော်တို့ကပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ စစ်ဆေးတာကို သဘောမကျလို့ ဒီလိုနောက်တစ်ဖွဲ့ကို သူတို့ ယုံကြည်တဲ့သူကိုပေးမယ်ဆိုရင်လည်းပေးပါ။

လယ်သမားဆိုတာတော့ နည်းနည်း အငြင်းပွားတာရှိတယ်။ ဧကတွေအလွဲအပြောင်းတွေရှိတယ်။ ပေးပါ ဒါမျိုးလည်း ကျွန်တော်က မကန့်ကွက်ပါဘူး။ အခုကလုံးဝမပေးဘူး။ ဘယ်သူ့ကိုမှမပေးဘူး။ အခုကဖြစ်နေတာက အဲဒီတော့ တိုင်းဒေသကြီးအစိုးရဆီမှာ လက်ထဲမှာ အမှုတွဲတွေကို ရပ်ထားတယ်ပေါ့။ ဆိုင်းငံ့ထားတယ်ပေါ့။ ကျွန်တော်တို့ကို တရားဝင်မပေးတော့ဘူးလို့ ဒီနေ့ဒီချိန်ထိတော့ မပြောဘူး။ ပြောလို့လည်းမရဘူးလေ။

 ဒါနိုင်ငံတော်ရဲ့ မူပဲ နိုင်ငံတော် အစိုးရကချမှတ်ထားတဲ့မူကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ချိုးဖောက်ပြီးတော့ မြေမပေးပါဘူးလို့ လာပြောရင် ကျွန်တော်က တစ်ခါတည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တစ်ခါတည်း တိုင်းလိုက်မှာ။ သို့သော် ဒီလိုတော့ ကျွန်တော်တို့ကို တရားဝင်လာမပြောဘူး။ မပြောပေမယ့် ၃နှစ်ဆိုတဲ့ကာလက အဓိပ္ပာယ်မရှိတော့ဘူး။ ၃နှစ်ကြန့်ကြာစရာ အကြောင်းမရှိဘူး။ ရန်ကုန်တိုင်းဒေသကြီးဆိုတာ လမ်းပန်းဆက်သွယ်ရေးကောင်းနေတဲ့နေရာကြီး ဒီအမှုကလည်းဒီလောက်ကြီး စစ်ဆေးစရာအကြောင်းမရှိဘူး။

ကျွန်တော်တို့ အော်မှလည်း စစ်ဆေးပြီးပြီ။ မကျေနပ်ရင်လည်း ထပ်စစ်လို့ရတယ်။ အခုက အဲလိုမျိုးတွေစစ်ဆေးတာမလုပ်ဘဲနဲ့ အထူးသဖြင့် မင်္ဂလာဒုံမြို့နယ်ကမြေတွေကို ပြန်မပေးဘဲ ဒီတိုင်းကြီးထားတဲ့ ကိစ္စကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ။

မေး။               ။တိုင်းဒေသကြီးအစိုးရက လုံဝပြန်ပေးဖို့အစီစဉ်မရှိတော့ ဘူးလား။ အခုအဲဒီမြေတွေမှာ စီမံကိန်းတွေစနေပြီလား။

ဖြေ။               ။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြောပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီမှာတင်ပါတယ်။ ကျွန်တော်တို့ကတော့ တိုင်းဒေသကြီးအစိုးရနဲ့ တိုက်ရိုက်အဆက်အသွယ်တော့မရှိကျဘူးပေါ့နော်။ သို့သော် အစည်းအဝေးတွေမှာ တခြားတွေ့တဲ့နေရာတွေမှာ တွေ့တဲ့အခါ ဒီကိစ္စပဲတင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ ခုနပြောသလိုပေါ့။ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဦးဖြိုးမင်းသိန်းကိုယ်တိုင်က လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒီစကားတွေပဲပြောပြီးတော့ ဒီနေ့ထပ်ထိပြန်မပေးတာက ရိုးသားမှုမရှိဘူးလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။

 တွေ့တာကတော့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင်တွေ့ပြီးပါပြီ တိုင်းဒေသကြီးအစိုးရနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း အကြိမ်ကြိမ်တင်ပြပြီးပါပြီ စာနဲ့လည်းတင်ပြဖူးတယ်။ နှုတ်အားဖြင့်လည်း တင်ပြဖူးတယ်။ တိုင်းဒေသကြီး ကိုယ်စားလှယ်တွေကလည်းပြောပါတယ်။ နိုင်ငံတော်မူအတိုင်းပဲ လုပ်ပါဆောင်ရွက်ပါ ကြားတည်းကဒီလိုမျိုး မရိုးမသားတွေမလုပ်ကျပါနဲ့ ။

ပြီးခဲ့တဲ့မနှစ်ကနေ တိုင်းဒေသကြီး အစိုးရကနေပြီးတော့ လွှတ်လိုက်လို့ပါဆိုပြီးတော့ သူတို့ရဲ့ အမိန့်နဲ့ပါဆိုပြီးတော့ သိမ်းဆီးခံမြေတွေပေါ်မှာ ငုတ်တိုင်တွေလာစိုက်ပြီးတော့ GPS တွေပါ ပါတဲ့တိုင်တွေလာစိုက်ပြီးတော့ မြေတွေကို တိုင်းထွာတယ်ဆိုပြီးတော့ လုပ်နေတယ်။ လုပ်တဲ့ ကုမ္ပဏီက သူတို့လုပ်ပိုင်ခွင့် ရတဲ့ကုမ္ပဏီက မင်းတို့ လုပ်ပိုင်ခွင့်ကို ဘယ်သူကချပေးတုန်း လယ်သမားတွေကမေးတယ်။
ကျွန်တော်တို့ ဒီဘက်က ပါတီအဖွဲ့အစည်းတွေက မေးတဲ့အခါကျတော့ ရန်ုကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ချပေးပါတယ်ဆိုပြီးတော့ မနှစ်ကဖြစ်တဲ့ပြဿနာ အဲတော့ ကျွန်တော်တို့ဒီကတာဝန်ရှိတဲ့သူတွေက ပါတီတာဝန်ရှိတဲ့သူတွေရော လယ်သမားကိုယ်စားလှယ်တွေရော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို သွားတွေ့တယ်။ သွားတွေ့တော့ တချို့ဝန်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့တယ်ပေါ့။ ခင်ဗျာတို့ သိမ်းဆည်းခံမြေတွေကို ကုမ္ပဏီတွေကိုချပေးထားပြီလား။ ဒီမှာ ကုမ္ပဏီတွေက မြေတောင်ဆင်းတိုင်းနေတယ်။ နိုင်ငံတော်က ယူတာလည်းမဟုတ်ဘူး။ ကုမ္ပဏီကမြေတွေကိုဆင်းတိုင်းနေတယ်။ဒါကဘာ သဘောမျိုးလုပ်တာလည်း ဘယ်သူ့ကိုပေးတာလည်းဆိုတော့ သူတို့ မခိုင်းပါဘူးပေါ့။

အဲဒီကုမ္ပဏီကို မခိုင်းရင်တော့ ဒါဆိုရင် အတော်တော်ပဲ။ ကုမ္ပဏီက မြေကို မတရားကျူးကျော်တဲ့ ကုမ္ပဏီပဲ။ အဲတော့ အဲဒီဟာတွေကိုတိုင်တွေကိုစွဲနုတ်လို့ရပြီးပေါ့ဆိုတော့ ဒါအစိုးရစိုက်တဲ့တိုင်တွေမဟုတ်ဘူးဆိုတော့ အဲကျတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ပါးက ဘာပြောလည်းဆိုတော့ တိုင်တွေတော့ မနုတ်ပါနဲ့ဗျာတဲ့ ကုမ္ပဏီကိုတော့ ကျွန်တော်တို့မပေးရသေးပါဘူးတဲ့ အဲလိုပြောပါတယ်။

ဒါဆိုရင်ကြည့်လေ တိုင်ကိုတော့ မနုတ်ပါနဲ့ဆိုတော့ ဘယ်ကုမ္ပဏီတွေကို ဘယ်လိုလုပ်ပိုင်ခွင့်တွေ ပေးထားလည်းဆိုတာကတော့ ကျွန်တော်တို့မသိရဘူး။ အဲဒီတော့ ကျွန်တော်တို့ဒီမှာ စိုးရိမ်စိတ်တစ်ခုတော့ရှိပါတယ်။ ဒါဆိုရင်တရားဝင်တော့ မသိမ်းသေးဘူး။

စိုးရိမ်စိတ်က ဘာရှိလည်းဆိုတော့ ၂ဝ၁၅ ခုနှစ်ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့အခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ တာဝန်ယူထားတဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒုသမ္မတဖြစ်မယ်ပေါ့။ သူဒုသမ္မတမဖြစ်ခင် ရက်ပိုင်းအလိုပေါ့။ ရက်ပိုင်းအလိုဆိုတာ ၁၇ရက်လောက်အလိုမှာ ရှင်းရှင်းပြောရရင် ကြံ့ခိုင်ရေးပါတီ အစိုးရမပြုတ်ခင် ၁၇ရက်အလိုမှာ သူကဝန်ကြီးချုပ်ဖြစ်တဲ့အတွက် အဲဒီမြေတွေကို ချပေးခဲ့တဲ့ သာဓကတွေရှိပါတယ်။ ဒီနေ့ထက်ထိ မြေဂရမ် မင်္ဂလာဒုံမှာဆိုရင် ၁ဝခုရှိတယ်။ ကျန်တဲ့ ရန်ကုန်တစ်တိုင်းလုံးမှာဆိုရင် ချပေးခဲ့တာ အများကြီးပေါ့။

 အဲဒီတော့ ပြောချင်တဲ့သဘောက အစိုးရများက နောက်ဆုံးအာဏာလက်လွတ်ရတော့မယ့်အချိန်မှာ ဒီလိုလုပ်သွားတဲ့ကိစ္စကို ဦးဖြိုးမင်းသိန်းတက်လာတဲ့အခါ ကျွန်တော်တို့ ဒီကိစ္စတွေကို မရှင်းနိုင်ဘူး။ မရှင်းနိုင်တဲ့အပြင် သူကိုယ်တိုင်လည်းမပေးဘူးပေါ့။ ဒါကို ကျွန်တော်တို့က အများကြီးစိုးရိမ်ပါတယ်။

အစိုးရမှာ လုပ်ပိုင်ခွင့်ရှိပါတယ်။ အပြည့်ရှိပါတယ်။ ပေးချင်လည်းရတယ်။ တစ်ခြားလူတစ်ယောက်ကို ပေးလို့လည်းရတယ်။ အဲလိုပေးလို့ရတဲ့အခြေအနေမျိုးမှာ ကျွန်တော်တို့စိုးရိမ်တာတစ်ခုက စိုးရိမ်တယ်ဆိုတာ အလကားစိုးရိမ်နေတာ မဟုတ်ဘူးပေါ့။ လုပ်ပိုင်ခွင့်ရပါတယ်ဆိုပြီးတော့GPS ပါတဲ့တိုင်းတွေကို သိမ်းဆည်းခံ လယ်ယာမြေထဲမှာ လာစိုက်တဲ့အဆင့်ထိ အတင့်ရဲပြီးတော့လုပ်ရဲတယ်ဆိုတော့ဒီပုဂ္ဂိုလ်တွေမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အာမခံချက်တစ်ခုရနေလို့သာလုပ်ရဲတာပေါ့။

အဲဒီတော့ အရင်အစိုးရလက်ထက်တွေမှာလည်း ဒါမျိုးလုပ်ခဲ့တဲ့ သာဓကတွေရှိပါတယ်။ ပြုတ်ခံနားနီး ဆင်းခံနားနီကျရင် ၁၇ရက်လောက်အလိုမှာ လက်မှတ်ထိုးပေးခဲ့တယ်။ နှစ်ပတ်လောက်အလိုမှာ လက်မှတ်ထိုးပေးခဲ့တယ်။ ဒီလိုပြဿနာတွေ ကျွန်တော်တို့က ရှိတဲ့အခါကျတော့ ပြည်သူလူထုကိုလည်း သိစေချင်တယ်။ လောလောဆယ် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ပိုင်းတွေက အောက်ခြေပိုင်းတွေက တင်ပြပြီးပြီ ဒီမြေကြီးနဲ့ပတ်သက်လို့ မူလပိုင်ရှင်တွေကို ပြန်ပေးပါ ။ မူလပိုင်ရှင်ဆိုတဲ့ ပုဂ္ဂိုလ်များကို မယုံဘူးပေါ့ဗျာ။

ဒီပုဂ္ဂိုလ်တွေက မူလပိုင်ရှင်လို့ မယူဆဘူးဆိုရင်လည်း သူယူဆတဲ့လူပေးပေါ့ဗျာ တိုင်းဒေသကြီးအစိုးရအနေနဲ့ ကျွန်တော်ဘယ်သူ့ပေးပါလို့ ပြောချင်တာမဟုတ်ဘူး။ သို့သော် သူ့လက်ထဲမှာ သူ့ပစ္စည်းမှ မဟုတ်တာ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဟာမှမဟုတ်တာ။ လယ်သမား ပစ္စည်းလယ်သမားဆီကိုပြန်ပေးလိုက်ပေါ့။

 အဲဒီတော့ တချို့ကပြောနေတာတွေလည်းရှိပါတယ်။ သိန်းတစ်ရာလည်းမနည်းပါဘူးဆိုပြီး သိန်းတစ်ရာနည်းတယ်မနည်းဘူးမပြောနဲ့ ။ ဒီပိုက်ဆံ နိုင်ငံတော် ပိုက်ဆံ ပြည်သူလူထုရဲ့ ပိုက်ဆံ အစိုးရလျှော်တာမဟုတ်ဘူး။ ပြည်သူလူထုရဲ့ အခွန်တွေကိုကောက်ပြီးတော့ လျှော်တာ။  

အဲဒီတာ့ ပြည်သူလူထုတစ်ရပ်လုံး သုံးစွဲခွင့်ရှိတဲ့ ကိစ္စရပ်တွေမှာပဲ ဒီလျှော်ကြးကိုလျှော်ရမယ်။ ဒါမူအရ ကျန်တဲ့မြေတွေကတော့ ပိုင်ရှင်တွေလက်ထဲကို ဒီပစ္စည်းပြန်ကိုပေးရမယ်။ ကျွန်တော်တို့ အခုတောင်းဆိုနေတာသည် ကျွန်တော်လည်း Facebook ပေါ်မှာရေးပါတယ်။

လယ်သမားတောင်းဆိုနေတာသည် အစိုးရသနားမှ ပိုက်ဆံသိန်းတစ်ရာကို ရမယ် သူတောင်းစားတောင်းဆိုနည်းအတိုင်းတောင်းဆိုနေတာ မဟုတ်ပါဘူး။ သူပိုင်ရှင်ဖြစ်တဲ့သူက သူ့ပစ္စည်းသူပြန်တောင်းနေတာ ပေးလိုက်ပေါ့ဗျာ အဖြေကရှင်းရှင်းလေး။ ဘာဖြစ်လို့ လှည့်ပတ်နေတာလည်း ကျွန်တော်ပြောတာ အဲလိုလှည့်ပတ်နေတာကို ကျွန်တော်တို့က လက်မခံတော့ဘူး။ အခုလည်း၃နှစ်ကျော်လာပြီ အစိုးရသက်တမ်းဆိုရင် ၃နှစ်ကျော် ၄နှစ်တောင်ပြည့်တော့မယ်။

ဒီလိုအခြေအနေမျိုးမှာ ပြန်ပေးသင့်တဲ့အချိန်မျိုးမှာ ပြန်ပေးပါ ဘာလို့ မရိုးမသားလုပ်နေတာလည်း လယ်သမားကို လျှော်ကြေးပေးမယ်ဆိုတော့ သူ့ဟာသူ ရောင်းချင်လည်းရောင်းမယ် မရောင်းချင်လည်းမရောင်းဘူး။ တချို့လည်းပြောတယ်ပေါ့။ ဒီလယ်တွေနဲ့ ပတ်သက်လို့ လယ်သမားတွေက ပြန်ရောင်းထားတယ်။

အဲဒါသူ့ကိစ္စလေ။  ၂ဝ၁၂ လယ်ယာမြေဥပဒေအရ လယ်သမားသည်မြေကို ပေါင်းနှံခြင်း၊ ရောင်းချခြင်း၊ ခွဲစိတ်ခြင်း၊ အမွေပေးခြင်း၊ သူလုပ်ခွင့်ရှိတယ်။ အဲဒါသူ့ကိစ္စလေ။ မဟုတ်တာတွေ ကျွန်တော်တို့နဲ့ တွေ့တော့ လျောက်ပြောနေတယ်။ ဦးဖြိုးမင်းသိန်းကိုယ်တိုင်အဲလိုပြောတယ်။

အဲဒီလယ်တွေက လယ်သမားတွေကပြန်ရောင်းထားတာ ပြန်ရောင်းထားလည်း လယ်သမားကိစ္စလေဗျာ။ ကျွန်တော်တို့ ကိစ္စမဟုတ်ဘူးလေ။  ကျွန်တော်တို့ကိစ္စက ပိုင်ရှင်က ပိုင်ရှင်အစစ်တိုင်းပြန်ပေးလိုက်ပေါ့။ ဒါမှမဟုတ်ရင် ဒီလူကိုပိုင်ရှင်လို့မယူဆရင် နောက်တစ်ယောက်ကို ပေးပေါ့။ တိုင်းဒေသကြီးအစိုးရယုံကြည်တဲ့ အဖွဲ့တစ်ယောက်ကိုပေးပေါ့။ ဒီလူကတော့ အရင်အစစ်လို့ယူဆရင် အဲလူကိုပေးပေါ့။

အခုက ဘယ်သူမှမပေးဘူး။ ဘယ်သူမှ မပေးလို့တော့ မရဘူးလေဗျာ။ တစ်ယောက်ယောက်ကိုပေးပေါ့။ ဒီဘက်အဖွဲ့မယုံကြည်ရင် ဒီဘက်အဖွဲ့ကိုပေး။ တချို့အပြိုင်လျှောက်ထားတဲ့မြေတွေတော့ရှိပါတယ်။ ဖြေရှင်းဖို့အတွက်လည်းကျွန်တော်တို့ကို ဖွဲ့ထားတာ သို့သော် မပေးဘဲနဲ့ တိုင်းဒေသကြီးအစိုးရကိုင်ထားမယ်ဆိုတဲ့ ကိစ္စကတော့ ခုနကကျွန်တော်ပြောသလို ဦးမြင့်ဆွေ လက်ထက်မှာ လုပ်သွားတဲ့ကိစ္စတွေရှိတယ်။ ရှိတဲ့အတွက် ကျွန်တော်တို့က အများကြီးစိုးရိမ်တယ်။ ဒီလိုမျိုး ဘယ်သူ့ကိုချပေးခဲ့မယ်ဆိုတာ ပြောမရဘူး။ ချပေးသွားနိုင်တယ်လို့ယူပါတယ်။

မေး။               ။ နောက်ဆုံး နိဂုံးချုပ် ဘာပြောချင်ပါလဲ။

ဖြေ။               ။ အခုကျွန်တော်တို့တောင်းဆိုနေတာက နိုင်ငံတော်မူဝါဒနဲ့ အညီ လယ်ယာမြေတွေကို မူလပိုင်ရှင်လက်ထဲကို ပြန်ပေးပါလို့ ပြန်ပေးပါလို့ ကျွန်တော်တို့ကတောင်းဆိုနေတာ မည်သူ့ကိုလျော်ကြေးဘယ်လောက်ပေး ။

ဘယ်မြေကို သိမ်းလိုက်။ ဘယ်မြေကိုတော့ အစိုးရအဖွဲ့က ယူထားလိုက် ဘယ်မြေကိုတော့ ကုမ္ပဏီကိုချပေးလိုက်ဆိုပြီး ပွဲစားအလုပ်ကို လုပ်နေတာမဟုတ်ပါဘူး။ အဲဒီတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ပြတ်ပြတ်သားသားပြောချင်ပါတယ်။ လူများမြေတွေကို မယူထားပါနဲ့ ပြန်ပေးပါ။

 အချိန်မဆွဲပါနဲ့ နှောင့်နှေးကြန့်ကြာအောင် မလုပ်ပါနဲ့ ပွဲစားအလုပ်လည်းမလုပ်ပါနဲ့ ဘာကြောင့်လည်းဆိုတော့ ကုမ္ပဏီကို လုပ်ပိုင်ခွင့်တစ်ခုချပြီးတော့ လယ်သမားကို ဘယ်လောက်လျှော်လိုက်မယ်ဆိုတဲ့ ပွဲစားအလုပ်က အစိုးရအလုပ်မဟုတ်ပါဘူး။ အစိုးရသည် အစိုးရအကျင့်ကို ကျင့်ပါ ပွဲစားအကျင့်မကျင့်ပါနဲ့ ဒါပဲပြောလိုပါတယ်။    

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com