ဥပဒေက ဝမ်ပေါင်မှ တရုတ်နိုင်ငံသားကို ကာကွယ်ပေးနေလားဟု ဒေသခံများ အော်ဟစ်( ရုပ်/သံ)

ဥပဒေက ဝမ်ပေါင်မှ တရုတ်နိုင်ငံသားကို ကာကွယ်ပေးနေလားဟု ဒေသခံများ အော်ဟစ်( ရုပ်/သံ)
ရန်ကုန်၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း ၂ဝ၁၆ခုနှစ်တွင် တရုတ်နိုင်ငံပိုင် ဝမ်ပေါင် ကုမ္ပဏီမှ တရုတ်နိုင်ငံသားတစ်ဦး မောင်းနှင်လာသောကားသည် ဝက်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်းကို ဝင်တိုက်သွားပြီး မောင်းပြေးသောကြောင့် အဆိုပါကျေးရွာက ရွာသား၇ ဦးက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ရသော ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
ကားမောင်နှင်ခဲ့သော တရုတ်နိုင်ငံသားက ၎င်းကို ရွာသားများဝိုင်းဝန်းရိုက်နှက်သည်ဟုဆိုကာ ပုဒ်မ ၃၂၃၊ ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇တို့ဖြင့် အမှုဖွင့်ခဲ့ပြီး ၄ နှစ်နီးပါး အကြာ ယနေ့ အောက်တိုဘာလ ၉ရက်နေ့ တွင်ဆားလင်းကြီးမြို့နယ်တရားရုံးက ဝိုင်းဝန်းဖမ်းဆီးသူ ၇ဦးကို တစ်ဦးလျှင် ပုဒ်မတစ်ခုစီအတွက် ဒဏ်ငွေ ၃သောင်းကျပ်(သို့မဟုတ်) ထောင်ဒဏ်၁၅ရက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ဝက်မှေးကျေးရွာသူ မဖြူဖြူဝင်းကဆိုသည်။
တရုတ်နိုင်ငံသားက ပုဒ်မ ၃၂၃၊ ပုဒ်မ ၄၄၇တို့ဖြင့်တရားစွဲဆိုထားသူများမှာ မသွဲ့သွဲ့ဝင်း၊ ကိုနိုင်မိုး ၊ကိုဇော်ဦး တို့ဖြစ်ပြီး၊ ပုဒ်မ ၄၂၇ နှင့် ပုဒ်မ ၄၄၇ တို့ဖြင့်စွဲခံရသူများမှာ ဦးမောင်မောင်ကြီး၊ ဦးသန်းဝင်း၊ ဦးလှစန်း၊ ကိုမြင့်ဦး တို့ဖြစ်သည်။
တရုတ်နိုင်ငံသားကို မသွဲ့သွဲ့ဝင်းက ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ပြန်လည်တရားစွဲဆိုခဲ့ပြီး ယင်းတရုတ်နိုင်ငံသားကို ဆားလင်းကြီးတရားရုံးက ငွေဒဏ်တစ်သိန်းချမှတ်ခဲ့ကြောင်း သိရှိရသည်။
ဝမ်ပေါက်ကုမ္ပဏီသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီဖြစ်ပြီး မြေသိမ်းမှုများကြောင့် ဒေသခံများနှင့် ပဋိပက္ခများ တင်းမာစွာ ဖြစ်ပွားလျက်ရှိသည်။
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ