All News Local News

သမိုင်းဝင် ဝန်ကြီးများရုံးအတွင်းတွင် SPA လုပ်ငန်းပါဝင်နေသည့် Dé Béau Wellness Centre Myanmar ပိတ်သိမ်းရန် စာပို့ထားဟု လွှတ်တော်ကိုယ်စားလှယ်ပြော

သမိုင်းဝင် ဝန်ကြီးများရုံးအတွင်းတွင် SPA လုပ်ငန်းပါဝင်နေသည့် Dé Béau Wellness Centre Myanmar ပိတ်သိမ်းရန် စာပို့ထားဟု လွှတ်တော်ကိုယ်စားလှယ်ပြော

ရန်ကုန်၊ အောက်တိုဘာ ၂၉

အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့် သမိုင်းဝင်ဝန်ကြီးများရုံးတွင် SPA လုပ်ငန်းများပါဝင်သည့် Dé Béau Wellness Centre Myanmar ကို ပိတ်သိမ်းရန် ဗိုလ်တထောင်မြို့နယ် စည်ပင်သာယာရေးကော်မတီက စာပေးပို့ထားကြောင်း ဗိုလ်ထောင်မြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက
ပြောဆိုသည်။

“ကျွန်တော် လွှတ်တော်ဥက္ကဋ္ဌကို စာတင်ထားတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းလွှတ်တော်အနေနဲ့ ကွင်းဆင်းဖို့စာတင်ထားတယ်။ အခုဥက္ကဋ္ဌကြီးကလည်း မွန်ပြည်နယ်သွားနေတယ်ဆိုတော့ တစ်ရက်နှစ်ရက်လောက်တော့ စောင့်ရမယ်ထင်တယ်။ မြို့နယ်က စည်ပင်သာယာ အုပ်ချုပ်ရေးမှူးအနေနဲ့တော့ ပိတ်သိမ်းဖို့စာသွားပေးပို့ထားတယ်။ သူကတော့လကုန်ထိတော့ စာထဲမှာပါတယ်လို့ပြောတယ်။ ကျွန်တော်တို့က ဝန်ကြီးများရုံးထဲမှာ SPA တွေ BAR တွေဖွင့်ဖို့ဆိုတာ မသင့်တော်ဘူးလေ။ ဒါကတော့ သမိုင်းဝင်နေရာကြီးဖြစ်နေတာကို ကျွန်တော်တို့ကတော့ဆက်ပြီးတော့ မလုပ်ဖို့တော့ တားမြင့်သွားမှာပါမှာ”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ထူးကဆိုသည်။

Dé Béau Wellness Centre Myanmar ဖွင့်လှစ်ခွင့်ကို အနော်မာကုမ္ပဏီက တခြားသောကုမ္ပဏီများနှင့်ချိတ်ဆက်ကာ လုပ်ဆောင်သည့် သဘောဖြစ်နိုင်ကြောင်း၊ အနော်မာကုမ္ပဏီသည် ဝန်ကြီးများရုံးကို ပြင်ဆင်ခွင့်ရရှိထားသော ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။

“ဒီအပေါ်ကိုအမြင်ကတော့ SPAတို့ BARတို့လုံးဝမရှိစေချင်ဘူး။ တခြားသော ရိုးရာပစ္စည်းနဲ့ဆိုင်တဲ့ ရောင်းချတာတွေဖြစ်ဖြစ် KFC တို့လိုမျိုးဖြစ်ဖြစ် ဒီလိုကုမ္ပဏီတွေလုပ်ရင်တော့လည်း တစ်မျိုးပေါ့။ SPA တို့ BARတို့ကျတော့ လုံးဝမသင့်တော်တဲ့အတွက်ကြောင့် ကန့်ကွက်သွားမယ်”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

သမိုင်းဝင်ဝန်ကြီးများရုံးတွင် SPA လုပ်ငန်းများပါဝင်သည့် Dé Béau Wellness Centre Myanmar ဖွင့်လှစ်မှုကို လူမူကွန်ရက်စာမျက်နှာတွင် ပြည်သူများက မလုပ်ဆောင်သင့်သော လုပ်ရပ်အဖြစ် ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိသည်။

ရန်ကုန်ခေတ်သစ်က Dé Béau Wellness Centre Myanmar ၏ ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားသည်။

Dé Béau Wellness Centre စင်ကာပူနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး Dé Béau Wellness Centre Myanmar ဖွင့်ပွဲအခမ်းအနားကို ဝန်ကြီးများရုံး အလယ်ဘလောက်တွင် အောက်တိုဘာ၊ ၂၆ရက် နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း၊ ဖွင့်ပွဲအခမ်းအနားကို စင်ကာပူသံရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည်သည့်တော်များ၊စင်ကာပူအနုပညာရှင်များ၊အကယ်ဒမီ အိန္ဒြာကျော်ဇင်နှင့်ထက်ထက်ထွန်းတို့ တက်ရောက်ခဲ့ကြောင်း Dé Béau Wellness Centre Myanmar၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com