All News China Watch Local News

လှိုင်သာယာတွင် တရုတ်ပိုင် Unitedtex အထည်ချုပ်စက်ရုံမှ အလုပ်သမား ၄၀၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြနေ

လှိုင်သာယာတွင် တရုတ်ပိုင် Unitedtex အထည်ချုပ်စက်ရုံမှ အလုပ်သမား ၄၀၀ ကျော် သပိတ်စခန်းဖွင့် ဆန္ဒပြနေ

ရန်ကုန်၊အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ် ၊ စက်မှုဇုန် ( ၁) ၊ ပန်းပဲခေါင်မောင်ခက်လမ်း ရှိ တရုတ်နိုင်ငံသားပိုင် Unitedtex Overseas Garment စက်ရုံတွင် လုပ်ကိုင်နေသော အလုပ်သမား အင်အား ၄၀၀ ကျော်ခန့်က အလုပ်သမားအခွင့်အရေး ရရှိရေး စက်ရုံရှေ့တွင် သပိတ်စခန်း ဖွင့်တောင်းဆိုလျက်ရှိပြီး သပိတ်စခန်း ၁၅ ရက်ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

အလုပ်သမားသပိတ်သည် စက်တင်ဘာ ၂၅ ရက်နေ့ စတင်ခဲ့ပြီး အလုပ်သမား ၄၀၀ ကျော်ခန့်က စက်ရုံရှေ့တွင် အလုပ်သမားများအတွက် ရက်မှန်ကြေး ၁ သောင်းကျပ် တိုးမြှင့်ခံစားခွင့်ပေးရန် ၊ အလုပ်သမားများ ဥပဒေပါ ခွင့်ရက်များ ခံစားပါက အလုပ်ရှင်က လုပ်ခလစာများ ဖြတ်တောက်ခြင်း မပြုလုပ်ရန် ၊ အလုပ်သမားများ၏ ကျွမ်းကျင်မှု အဆင့်အလိုက် သတ်မှတ်ထားသော လစာ အသီးသီး ခံစားခွင့်ပေးရန် ၊ လုပ်သက်ခွင့် (၁၀)ရက်ကို အလုပ်သမားများ လုပ်သက် ( ၁) နှစ်ပြည့်ပြီး လာမည့် (၃) လအတွင်း ခွင့်ရက်များ ခံစားခွင့်ရရှိရန် ဥပဒေနှင့်အညီဆောင်ရွက်ပေးရန် စသော အချက် ၁၃ ချက်ကို တောင်းဆိုထားပြီး လုပ်ငန်းရှင်ဘက်က လိုက်လျောခြင်း မရှိသောကြောင့် သပိတ်စခန်းဖွင့် တောင်းဆိုထားခြင်းဖြစ်ကြောင်း သပိတ်စခန်း ဦးဆောင်သူ ကိုအောင်ကိုကိုဇော်က ဆိုသည်။

“ အဓိကတောင်းဆိုချက်က ကျနော်တို့ဆီမှာ သာရေးနေရေးစရိတ် ဆိုတာ မရှိဘူး ။ရှားပါးစရိတ် ထောက်ပံ့ကြေးဆိုတာ မရှိဘူး။ အဲ့တော့ ကျနော်တို့က နာရေးခွင့် ပေးပါ တောင်းတော့ မပေးတာ တစ်ချက်ပေါ့ ။ သက်ဆိုင်ရာကို ညှိနှိုင်းတာ ၇ ကြိမ် ရှိပြီ ။ သပိတ်ဖွင့်တာ က ၂၆ ရက်က စဖွင့်တာ ။ ဒီနေ့ဆိုရင် ၁၅ ရက် ရှိတယ်။ အခုထိ တောင်းဆိုတာ မရသေးဘူး။ သက်ဆိုင်ရာ နှင့် အလုပ်ရှင်ဘက်ကလည်း လာရောက်ဆွေးနွေးတာ မရှိဘူး။ အလုပ်ရှင်ဘက်ကတော့ ဘယ်အချိန် တောင်းတောင်း မပေးနိုင်ဘူးတဲ့ ၊ စက်ရုံထဲမှာလည်း တခြားအလုပ်သမားတွေလည်း ရှိသေးတယ်။ အဲဒါကို သူတို့ဘက်က တင်းခံနေတာ။ မပေးဘူးဘဲ ငြင်းနေတယ်။ ထွေအုပ်ဆီလည်း စာပို့ထားတယ်။ ထွေအုပ်ကလည်း အကြောင်းကြားမယ်ဆိုပြီး အခုချိန်အထိ အကြောင်းမကြားသေးဘူး။ လွှတ်တော်ကိုယ်စားလှယ်ကတော့ တစ်ကြိမ်တော့ ညှိနှိုင်းဖူးတယ်။ အဆင်မပြေဘူး။ ကျနော်တို့ သီတင်းကျွတ်ပိတ်ရက်အထိ စက်ရုံရှေ့မှာပဲ ရှိနေမှာ ။ သီတင်းကျွတ်အထိ ကျနော်တို့ တောင့်မခံနိုင်ဘူးဆိုပြီး သူတို့က လုပ်ချင်တာ လုပ်နေတာ။ ဒီကိစ္စကို အမြန်ဆုံးအောင်မြင်ချင်တယ်။ လုပ်အား နဲ့ ငွေအား မညီမျှတာတွေ ဖြစ်နေတယ်။ ဖြစ်နေတဲ့အတွက် မရချင်း တောင်းဆိုမယ်လို့ အားလုံးက ဆုံးဖြတ်ထားကြတယ်။ ဘာကြောင့်လဲဆိုတော့ တချို့စက်ရုံတွေက ကျနော်တို့လောက် မလုပ်ရဘူး။ ကျနော်တို့ထက် လစာကောင်းနေတယ်။ ကျနော်တို့ စက်ရုံမှာက တခြားစက်ရုံတွေထက် ပိုလုပ်နေရပြီး လစာက သူများစက်ရုံထက် ပိုမရဘူး။ အဲ့လိုပုံစံမျိုးဖြစ်နေတယ် “ ဟု ၎င်းက ဆိုသည်။

အလုပ်ရှင် နှင့် အလုပ်သမား ဆွေးနွေးညှိနှိုင်းပြောဆိုရာတွင် အလုပ်သမားများ၏ လုပ်ခ လစာ ၊ ကျွမ်းကျင်ကြေး တိုးမြှင့်ပေးရေး ကိစ္စ နှင့်ပတ်သက်ပြီး လုပ်ငန်းရှင်ဘက်က တောင်းဆိုချက်မလိုက်လျောဘဲ ပြတ်ပြတ်သားသား ငြင်းဆိုနေကြောင်း သိရှိရသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များ နှင့် လုပ်ငန်းခွင့် ပြဿနာများကို ညှိနှိုင်းဆွေးနွေးရန် အသိပေးအကြောင်းကြားစာအား စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် လှိုင်သာယာမြို့နယ် ၊ အလုပ်ရုံ နှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ၊ အလုပ်သမား ညွန်ကြားရေးဦးစီးဌာနသို့ ထံ တင်ပြထားသော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်ပိုင် အထည်ချုပ်စက်ရုံသည် ၂၀၁၄ ခုနှစ် စတင်ကာ အလုပ်သမား ၆၀၀ ကျော်ခန့် စတင်လည်ပတ်လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံ တစ်ခုဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com