All News Local News

လူထုနှင့်တွေ့ဆုံနေသော တပ်ကိုယ်စားလှယ်များသည် ဥပဒေအရ မဲဆန္ဒနယ် မရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆို

လူထုနှင့်တွေ့ဆုံနေသော တပ်ကိုယ်စားလှယ်များသည် ဥပဒေအရ မဲဆန္ဒနယ် မရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆို

By ဇော်မင်း(ပျော်ဘွယ်) /ရန်ကုန်ခေတ်သစ်

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ဥပဒေများအရ မဲဆန္ဒနယ် မရှိသူများဖြစ်ပြီး လက်ရှိ လူထုနှင့် တွေ့ဆုံနေမှုများနှင့်ပတ်သက်၍ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေအရ မဲဆန္ဒနယ် မရှိသူများဟုသာ ဖြေဆိုလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုလိုက်သည်။

ဇွန်လအတွင်း ပျော်ဘွယ်မြို့နယ်သို့ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်အတူ လာရောက်ခဲ့သည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုး ဟောပြောခဲ့မှုသည် လွှတ်တော်ဥပဒေများအရ မဲဆန္ဒနယ်မရှိဘဲ လာရောက်မှုဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာ ၂၂ ရက်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ၊တွင်းရွာကျေးရွာ တွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့ လာရောက်စဉ် ယင်းအဖွဲ့နှင့်အတူ ပျော်ဘွယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (ဗိုလ်မှူးဟောင်း) ဦးအောင်ထွန်းဖြူ နှင့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ လိုက်ပါခဲ့ပြီး ယင်းလိုက်ပါမှု အပေါ် NLD ပါတီက UEC သို့ တိုင်ကြားခဲ့သည်။

“ကျွန်တော်တို့ ကော်မရှင်အဖွဲ့ဝင်ကိုတော့ နောင်ဒါတွေမလုပ်ဖို့ ရှောင်ရှားဖို့ သတိပေးထားပါတယ်၊ သူတို့ကတော့ မဲဆန္ဒနယ်မရှိဘူးခင်ဗျား ၊ သူတို့သွားခွင့်ရှိလားဆိုတာကတော့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေနဲ့ပဲ ဆိုင်တာပေါ့၊ သူတို့မှာ မဲဆန္ဒနယ်မရှိဘူးလေ၊ ကျွန်တော်တို့နဲ့ဆိုင်တဲ့ ကော်မရှင်အဖွဲ့ဝင် ကိုတော့ သတိပေးထားပါတယ်၊ လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ဆိုင်တယ်လေ၊ တပ်မတော်လွှတ်တော် ကိုယ်စားလှယ်တွေ ဆင်းနေတာနဲ့ပတ်သက်ပြီးတော့ မဲဆန္ဒနယ်မရှိဘူးပေါ့၊ ဥပဒေထဲမှာတော့ မဲဆန္ဒနယ်မရှိဘူးလို့ပြောချင်ပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

ပျော်ဘွယ်မြို့နယ် တွင်းရွာတွင် ဇွန်လ ၂၆ ရက်နေ့က တပ်မတော်နယ်လှည့်ဆေးကုသမှုအဖွဲ့ လာရောက်ခဲ့ပြီး၊ ရွာသူရွာသားများအား ဆေးကုသမှုမပြုလုပ်မီ မြို့နယ်ကော်မရှင်အဖွဲ့ဝင် ဦးအောင်ထွန်းဖြူမှ မြို့နယ်ကော်မရှင် အဖွဲ့ဝင်ဖြစ်ကြောင်း မိတ်ဆက်ပြီး အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့သဖြင့် ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လိုအပ်သလို အရေးယူပေးရန် မြို့နယ်၊ခရိုင်၊ တိုင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြအစီရင်ခံစာ ပေးပို့တိုင်ကြားခဲ့သည်။

တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ တွင်းရွာသို့ မလာရောက်မီ မြို့နယ်ကော်မရှင်အဖွဲ့ဝင် (ဗိုလ်မှူးဟောင်း) ဦးအောင်ထွန်းဖြူနှင့် တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့သည် ဇွန်လ ၂၀ ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖ(၅)ဦးခန့် ခေါ်ယူတွေ့ဆုံပြီး တွင်းရွာလိုအပ်ချက်များကို မေးမြန်းခဲ့ကာ ကတ္တရာလမ်းခင်းပေးရန်နှင့် ဆေးကုသမှုပြု လုပ်ပေးရန် တင်ပြခဲ့ကြောင်း၊ ဇွန်လ ၂၅ ရက်နေ့တွင် ၎င်းတို့(၂)ဦးထပ်မံလာရောက်ခဲ့ပြီး ဇွန်လ (၂၆)ရက်နေ့ တွင် တပ်မတော်နယ် လှည့်ဆေးကုသမှုအဖွဲ့ လာရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂၆ ရက်နေ့ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ တွင်းရွာသို့ ရောက်ရှိသောအခါ ပြည်သူ(၂၅၀)ခန့် ကို ပျော်ဘွယ်မြို့နယ်ကော်မရှင်အဖွဲ့ဝင် (ဗိုလ်မှူးဟောင်း) ဦးအောင်ထွန်းဖြူ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်၍ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးနှင့် မိတ်ဆက်ပေးခဲ့သည်။

တပ်မတော်နယ်လှည့်ဆေးကုသသည့် အစီအစဉ်တွင် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက ကျေးရွာပြည်သူများကို လွှတ်တော်တွင် ဧည့်စာရင်းဥပဒေ ဖျက်သိမ်းခြင်းကို ကန့်ကွက်ခဲ့ကြောင်း၊ ဧည့်စာရင်း ဥပဒေကိုဖျက်သိမ်းသည့်အတွက် အိမ်တစ်အိမ်တွင် တံခါးမရှိ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ဖြစ်သွားကြောင်း၊ မုတ်ဆိတ်နှင့်ကုလားများ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်နေကြကြောင်း နှင့် ကလေးသူငယ်ဥပဒေများအကြောင်း ပြောကြားခဲ့ပြီး ဗီဒီယို၊ဓါတ်ပုံမှတ်တမ်းများ ရိုက်ကူးခြင်းများကိုလည်း တားဆီးခဲ့ကြောင်း သိရှိရသည်။

NLD က ရိုက်ကူးထားသော တပ်မတော်နယ်လှည့်ဆေးကုသမှု ဗီဒီယို မှတ်တမ်းနှင့် ဓါတ်ပုံများကို မြို့နယ်၊ခရိုင်၊တိုင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့များထံသို့ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် ဇူလိုင်လဆန်းပိုင်းက တင်ပြပေးပို့ခဲ့သည်။

လက်ရှိအချိန်တွင် ပျော်ဘွယ်မြို့နယ်အတွင်း တပ်မတော်လွှတ်တော်ကိုယ်စားလှယ်များ ၎င်းတို့ မဲဆန္ဒနယ်များမရှိပဲ လာရောက်နေခြင်းများသည် လွှတ်တော်ဆိုင်ရာဥပဒေများနှင့် ကိုက်ညီမှုမရှိသည့်အတွက် တွေ့ရှိပါက မှတ်တမ်းများရယူကာ လွှတ်တော်သို့ ကန့်ကွက်စာပေးပို့သွားမည်ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးချိုက ပြောသည်။

“သူတို့က လုပ်ပိုင်ခွင့်မရှိဘူးထင်တယ်၊ သူ့နယ်မြေအလိုက် လွှတ်တော်ကိုယ်စားလှယ်တွေ ရှိပြီးသားလေ၊ ဒါ စည်းကျော်ဘောင်ကျော်လုပ်တာပေါ့၊ လွှတ်တော်စည်းကမ်းမှာလည်း မပါဘူးလေ၊ သူတို့တပ်တွင်းမှာ လုပ်ရင်တော့ တစ်မျိုးပေါ့၊ ဒါက လွှတ်တော်စည်းကမ်းနဲ့လဲ မညီဘူးလေ၊ သူတို့ ဆင်းနေတာကတော့ အခြေခံဥပဒေမှာ ဘာကို ရည်ညွန်းပြီး ပြင်တာတော့ ဝါဒဖြန့်တယ်၊ လွှတ်တော်မှာ ဘာရည်ရွယ်ချက်နဲ့ ဘာတွေတင်ပြခဲ့တယ် ဆိုတာမျိုးတွေ မပြောဘဲနဲ့ ပြင်ချင်တဲ့ ဥပဒေပုဒ်မတွေက ဘယ်လိုရည်ရွယ်ပြီးပြင်တာ ဘယ်သူအတွက် ပြင်တာဆိုတာမျိုး ဝါဒဖြန့်ကြတယ်”ဟု ပျော်ဘွယ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးချိုက ပြောသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts