All News Local News

ရန်ကုန်တိုင်းရှိ ကျူးကျော်များအတွက် ငွေကျပ် ၆၄ ဘီလီယံ လွှတ်တော်က ချပေးခဲ့သော်လည်း ဘာမှ ဖြစ်မလာဘဲ ကုမ္ပဏီ ၂ ခုကို ခွဲပေးခဲ့ဟုဆို

ရန်ကုန်တိုင်းရှိ ကျူးကျော်များအတွက် ငွေကျပ် ၆၄ ဘီလီယံ လွှတ်တော်က ချပေးခဲ့သော်လည်း ဘာမှ ဖြစ်မလာဘဲ ကုမ္ပဏီ ၂ ခုကို ခွဲပေးခဲ့ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၄

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျူးကျော်များ နေထိုင်ရန် အတွက် ငွေကျပ် ၆၄ ဘီလီယံကို ဖြည့်စွက်ရန်ပုံငွေအဖြစ် ရန်ကုန်တိုင်းအစိုးရထံ ချထားပေးခဲ့သော်လည်း ဘာမှ ဖြစ်မလာဘဲ ကုမ္ပဏီကြီး ၂ ခုကို ခွဲဝေပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ အတွင်းရေးမှူးလည်းဖြစ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်လည်းဖြစ်သူ ဦးကျော်ဇေယျက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့်သီးသန့် ဆက်သွယ်မေးမြန်းချက်တွင် ဦးကျော်ဇေယျက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကျူးကျော်သူတွေ နေဖို့ ကျပ်ငွေ ၆၄ ဘီလီယံ ချထားပေးပြီးသား ။ ဒါက ၂၀၁၆ – ၂၀၁၇ ဖြည့်စွက် ရန်ပုံငွေမှာ ၊ အဲဒါကြီး နှစ်ခုကို သူတို့က အဲ့ငွေ ကျပ်ငွေ ၆၄ ဘီလီယံကို မသုံးဘဲ ကုမ္ပဏီ ၂ ခုကို ခွဲပြီးတော့ လုပ်ပစ်တာ ။ အဲဒီအိမ်ရာစီမံကိန်းကို ကျနော်တို့ မတွေ့ရသေးဘူး” ဟု လွှတ်တော်အမတ် ဦးကျော်ဇေယျက ပြောဆိုသည်။

ကျူးကျော်များအတွက် ဘတ်ဂျက်ချထားပေးခဲ့သော်လည်း လက်ရှိ အချိန်အထိ ဘာမှ ဖြစ်မလာ၍ ဖြစ်လာမည်ဟုလည်း မထင်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“အခု အဆင်ပြေနိုင်လား မေးတော့ အဆင်မပြေနိုင်ဘူး။ ဒါက ပြောရတာ ဒီစီမံချက် က ကျူးကျော်တွေအတွက် ၊ သူတို့ လုပ်တာက အကောင်အထည်မဖော်နိုင်သေးဘူး ။ ပေါ်လာနိုင်ဖို့ ရန်ကုန်တိုင်းဒေသ အဖွဲ့ ဆောင်ရွက်နေတဲ့အပေါ် စီးပွားရေး ကော်မတီအနေနဲ့ ၊ အန်ကယ့်အနေနဲ့ ကြည့်ရရင်တော့ ပေါ်လာစရာအကြောင်းကို မရှိတော့ဘူး။ ဒီအတိုင်းဆိုရင် မျောနေတဲ့သဘော။ အဲ့လောက်ပဲ” ဟု ဦးကျော်ဇေယျက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော်များကို စမတ်ကတ်များထုတ်ပေးပြီး ပြန်လည် နေရာချထားမှု အစီအစဉ်များ အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ဖူးသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်တိုင်းအစိုးရ၏ သဘောထားမှတ်ချက်ရရှိရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။

မြို့ပြဆင်းရဲသားများ ကွန်ရက်(ကျူးကျော်)မှ ဦးကဲဇာကမူ လက်ရှိအချိန်အထိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောဆိုထားမှုများ အကောင်အထည်ပေါ်လာခြင်းမရှိကြောင်း၊ ကျူးကျော်များကို စမတ်ထုတ်ပေးခြင်းနှင့် တဲပေါ်မှ တိုက်ပေါ် တင်မည်ဆိုသော ပြောဆိုမှုမှာလည်း အိမ်နီးချင်း နိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သော သင်ခန်းစာများအရ လက်တွေ့မကျ ကြောင်း ပြောဆိုသည်။

“သူပြောထားတာတွေတော့ တစ်ခုမှ ဖြစ်မလာသေးဘူး” ဟု ဦးကဲဇာက ဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရနှင့် အဖွဲ့အစည်းတစ်ခုပူးပေါင်း၍ ကျူးကျော်များအတွက် စီမံချက် တစ်ခုလုပ်ဆောင်နေသည်ဟု သိရှိထားကြောင်း၊ သို့ရာတွင် အသေးစိတ် အချက်အလက်များကို မသိရှိရသေးကြောင်း ဦးကဲဇာက ဆက်လက်ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးကျော် ၄ သိန်းခွဲ နီးပါးရှိနေပြီး ၁ သိန်းခွဲခန့်မှာ လှိုင်သာယာတွင် နေထိုင်ကြောင်း မြို့ပြဆင်းရဲသားများကွန်ရက်( ကျူးကျော်) ထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts