All News Local News

ရခိုင်ပြည်နယ်မှ အပ တစ်နိုင်ငံလုံး ပိတ်ပင်ခံထားရသော ဗလီ ၂၀၀ နီးပါးရှိနေ

ရခိုင်ပြည်နယ်မှ အပ တစ်နိုင်ငံလုံး ပိတ်ပင်ခံထားရသော ဗလီ ၂၀၀ နီးပါးရှိနေ၊ ဗလီများ ပြန်လည်ဖွင့်လှစ်ခွင့်ရရေး အသုတ်လိုက် အစိုးရနှင့် တပ်မတော်ထံ တင်ပြ

ရန်ကုန် အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ်မှ အပ မြန်မာတစ်နိုင်ငံလုံးတွင် ဝတ်ပြု ဆုတောင်းခွင့် ပိတ်ပင်ခံထားရသော ဗလီ ၂၀၀ နီးပါးရှိနေပြီး လတ်တလော ပထမအကြိမ်အဖြစ် ဗလီ ၆၄ လုံး ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး အစိုးရနှင့် တပ်မတော်ထံ တင်ပြ တောင်းဆိုထားကြောင်း မြန်မာနိုင်ငံရှိ ဖျက်ဆီး/ပိတ်ပင်ခံ အစ္စလမ်သာသနိက အဆောက်အဦးများ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး ကော်မတီ(ယာယီ) ပြန်ကြားရေးတာဝန်ခံ ဦးမောင်မောင်မြင့်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပိတ်ပင်/ဖျက်ဆီးခံထားရသော ဗလီများ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေးအတွက် စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်၍ ဗလီစာရင်းကောက်ခံလျက်ရှိပြီး ရရှိထားသော စာရင်းများကို ပြည်ထောင်စုအစိုးရနှင့် တပ်မတော်ကို တင်ပြကာ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရေး တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် အောက်တိုဘာလအတွင်းက ဖျက်ဆီး ပိတ်ပံခံထားရသော ဗလီ ၆၄လုံးစာရင်းကိး အကြောင်းပြန်ကြားထားခြင်းမရှိသေးကြောင်း ဦးမောင်မောင်မြင့်က ရှင်းပြသည်။

“ကျွန်တော်တို့ဆီ အကြောင်းမပြန်သေးဘူးဗျ။ ကျွန်တော်တို့က ၆၄လုံးစာရင်းကို နိုင်ငံတော်သမ္မတ နိုင်ငံတော်အတိုင်ပင်ခံ ကာကွယ်ရေးဦးစီးချုပ် ပြည်ထဲရေးဝန်ကြီး သာသနာရေးဝန်ကြီးဆီ ပို့ထားတယ်ဗျ။ ဘာမှတော့အကြောင်း မပြန်သေးဘူး။ နောက်ထပ်လည်း ကျွန်တော်တို့ဆက်ပြီးတော့ စာရင်းတွေပြုစုနေတယ်။ နောက်ထပ် ၇၀ ၈၀လောက် စာရင်းထပ်ရထားတယ်။ တစ်နိုင်ငံလုံး ပိတ်သိမ်းထားတဲ့ ၁၄၀နဲ့ ၁၅၀ လောက်ရှိမယ်။ ကျွန်တော်တို့က နှစ်သုတ် ခွဲပြီးတော့ပေးတဲ့သဘောပေါ့။ ၆၄လုံးစာရင်းပေးလိုက်ပြီး နေရာတွေဘာတွေအတိအကျ ကျန်တာတွေကျစာရင်းပြုစုနေလို့မပြီးသေးလို့ ကျွန်တော်တို့ဆီမှာ စာရင်းဝင်တာကတော့ ၇၀ ၈၀လောက်စာရင်းဝင်နေပြီ။ တစ်နိုင်ငံလုံးပိတ်သိမ်းစာရင်းက ၂၀၀လောက်ရှိမယ်ထင်တယ်။ အဲဒါကရခိုင်ပြည်နယ်မပါဘူးနော်။ ရခိုင်ပြည်နယ်က စာရင်းကောက်လို့မရလို့ ဘာဖြစ်လို့လည်းဆိုတော့ တချို့ရွာလုံးကျွတ် မီးတွေကလောင်သွားတော့ လူတွေလည်းမရှိတော့ဘူးဆိုတော့ သူ့မှာစာရင်းကအတိအကျမရဘူးဖြစ်နေတာ ရခိုင်ပြည်နယ်မပါဘူး။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေပဲပါတယ်”ဟု ဦးမောင်မောင်မြင့်ကဆိုသည်။

ခေတ်အဆက်ဆက် ပိတ်ပင်ခံထားရသည့် အစ္စလမ်ဗလီများကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးလျှင် တိုင်းပြည်၏ ပုံရိပ်လည်းကောင်းမည်ဖြစ်ကာ တိုင်းပြည်တွင်းရှိ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ငြိမ်းချမ်းရေးတို့တွင်လည်းအထောက်အကူပြုမည် ဖြစ်၍ ပြန်လည်ဖွင့်လှစ်စေလိုကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ပထမအကြိမ်အဖြစ် တင်ပြထားသော ဗလီ ၆၄ လုံးစာရင်းမှာ မကွေးတိုင်းတွင် ၆လုံး၊ ကချင်ပြည်နယ်တွင် ၃လုံး ကရင်ပြည်နယ်တွင် ၁လုံး၊ မွန်ပြည်နယ်တွင် ၁လုံး၊ ရခိုင်ပြည်နယ်တွင် ၆လုံး၊ ရှမ်းပြည်နယ်တွင် ၃လုံး၊ မန္တလေးတိုင်းတွင် ၁၄လုံး၊ ပဲခူးတိုင်းတွင် ၁၃လုံး၊ ရန်ကုန်တိုင်းတွင် ၅လုံး၊ စစ်ကိုင်းတိုင်းတွင် ၁လုံး၊ တနင်္လာရီတိုင်းတွင် ၃လုံး၊ ဧရာဝတီတိုင်းတွင် ၃လုံး ဖြစ်ကြောင်း သိရှိရသည်။

Photo – ရိုက်တာ

www.khitthitnews.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts