All News Local News Peace

ရခိုင်စစ်ဘေးဒုက္ခသည်များကို ကူညီမည့် ပခုက္ကူတက္ကသိုလ်ကျာင်းသားများကို မင်းပြားထွေ/အုပ် တားမြစ်

ရခိုင်စစ်ဘေးဒုက္ခသည်များကို ကူညီမည့် ပခုက္ကူတက္ကသိုလ်ကျာင်းသားများကို မင်းပြားထွေ/အုပ် တားမြစ်

ရန်ကုန်၊ အောက်တိုဘာ ၂၀

ရခိုင်စစ်ဘေးဒုက္ခသည်များကို ကူညီရန် သွားရောက်သည့် ပခုက္ကူတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ၅ ခုမှ ကျောင်းသားများကို မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်များထံ သွားရောက်ခြင်းမပြုရန် တားမြစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စစ်ဘေးသင့် ဒုက္ခသည်ပြည်သူများကို ကူညီရန် သွားရောက်သည့် ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂ ၅ ခု ၏ ယာဉ်ကို အမ်းမြို့နယ်တွင် အာဏာပိုင်များက တားဆီးထားသော်လည်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ နှင့် ရခိုင်အမျိုးသားပါတီANP ၏ ကူညီမှုဖြင့် မင်းပြားမြို့ထွက်ခွာခဲ့ကြောင်း၊ မင်းပြားမြို့သို့ ရောက်ရှိသော အခါ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးက စစ်ဘေးရှောင်များထံ သွားခွင့်မပေးဘဲ သွားရောက်ပါက တာဝန်မယူကြောင်း၊ မြို့ပေါ်တွင်ပင် ကူညီရေးပစ္စည်းများကို လှူဒါန်းခဲ့ရန် ပြောဆိုကြောင်း ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုသက်မောင်မောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဟိုဘက်ကို ဒုက္ခသည်တွေဆီကို ဆက်သွားရင် စက်လှေတွေနဲ့ သွားရမှာ။ အဲဒါ ထွေအုပ်က သွားလို့မရဘူး။ သွားရင်လည်း တာဝန်မယူဘူးပေါ့။ အဲဒီတော့ အခုက မြို့ပေါ်မှာပဲ ပစ္စည်းတွေ ဒီမှာပဲ လှူခဲ့ရမယ့် အခြေအနေပါ” ဟု ကိုသက်မောင်မောင်က ပြောဆိုသည်။

ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူနည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ပခုက္ကူကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပခုက္ကူပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ၊ ချင်းကျောင်းသားများ သမဂ္ဂ(ပခုက္ကူ) စုစုပေါင်း ကျောင်းသားသမဂ္ဂ ၅ ခု စုပေါင်း၍ စစ်ဘေးရှောင် ဒုက္ခသည်များကို သွားရောက်ကူညီကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်းနိုင်ရေးအတွက် ပခုက္ကူတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ၉ ဦး လိုက်ပါသော ကူညီရေး ယာဉ်သည် အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ပခုက္ကူမြို့မှ စတင်ထွက်ခွာခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ရခိုင်ပြည်နယ် အမ်းမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ အမ်းမြို့နယ် အရောက်တွင် အာဏာပိုင်များက ယာဉ်ကို သွားလာခွင့်မပေးတော့ဘဲ တားဆီးခဲ့ကြောင်း၊ ယင်းနောက် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှ၏ ခွင့်ပြုချက်ဖြင့် အမ်းမြို့သို့ သွားရောက်ခဲ့သော်လည်း အမ်းမြို့နယ်တွင် ထပ်မံ၍ တားဆီးခံရခြင်းဖြစ်သည်။

Photo Credit – ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts