All News China Watch Local News

မြန်မာ့ပိုင်နက် နမ့်ခမ်းမြို့နယ်တွင် တရုတ် ၄ ဦး ဝင်ရောက်၍ ပေ ၆၀ ခန့် မြောင်းတူးဖော်မှု နေပြည်တော်က တိုက်ရိုက်ကိုင်တွယ်ရန် တောင်းဆို

မြန်မာ့ပိုင်နက် နမ့်ခမ်းမြို့နယ်တွင် တရုတ် ၄ ဦး ဝင်ရောက်၍ ပေ ၆၀ ခန့် မြောင်းတူးဖော်မှု နေပြည်တော်က တိုက်ရိုက်ကိုင်တွယ်ရန် တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၁၈

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်၊ မြန်မာပိုင်နက် နမ့်ခမ်းမြို့နယ် နယ်မြေအတွင်းသို့ တရုတ်နိုင်ငံသား ၄ ဦး ဝင်ရောက်၍ ပေ ၆၀ ခန့် မြောင်းတူးဖော်မှုကို ပြည်ထောင်စုအစိုးရက တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးရန် အဖွဲ့အစည်း ၄ ခုနှင့် ပြည်သူများကအောက်တိုဘာလ ၁၇ ရက်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ကြသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မြို့နယ်တောင်သူလယ်သမားများအသင်း၊ လူမှုညီညွတ်ရေးအသင်း၊ ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း၊ နမ့်ခမ်းမြို့နယ်မှ ရပ်မိရပ်ဖများက အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကြေညာချက်တစ်ရပ်ထုတ်ပြန်၍ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် ထပ်မံကျူးကျော်မှုများမပြုလုပ်ရန်၊ ယင်းသို့ပြုလုပ်ခြင်းအပေါ်ကန့်ကွက် ရှုတ်ချကြောင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရက အမြန်ဆုံးလာရောက်ကိုင်တွယ်ဖြေရှင်းရေး တောင်းဆိုထားသည်။

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ နောင်ခမ်းကျေးရွာအုပ်စု နောင်ခမ်းကျေးရွာအနီး နယ်နမိတ်မှတ်တိုင် BP57 နှင့် BP58 အကြားရှိ နောင်တောင်းမြို့အဝင်လမ်းဘေး တစ်နေရာတွင် အောက်တိုဘာ ၉ ရက်နေ့က တရုတ်နိုင်ငံသား အရပ်ဝတ်လူ ၄ ဦး ခန့်က ပေ ၆၀ ခန့်ကျူးကျော်ကာမြေများလာရောက်တူးဖော်မှု ဖြစ်ပွားခဲ့ကြောင်း ရှေးဟောင်းအမွေအနှစ် နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုင်းအောင်ဝင်းကဆိုသည်။

“အခုဝင်လာတာကတော့ ဘာလုပ်ဖို့လည်းတော့မသိဘူး။ ပေ ၆ဝလောက်သူတို့က ကျူးကျော်ပြီးတော့ ဝင်လာတာ ကျွန်တော်တို့လည်းသိတာနဲ့ ချက်ချင်းသွားတားတာ ကျွန်တော်တို့မှာ နယ်နိမိတ်မျဉ်းတွေရှိတယ်။ ကျွန်တော်တို့ အမိမြေကို အဆုံးအရှုံးမခံနိုင်ဘူး။ ကျွန်တော်တို့ နိုင်ငံက သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေကလည်း ကွင်းဆင်းပြီးတော့ လာစစ်ဆေးသင့်တယ်လို့ယူဆတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ ၂ဝ၂ဝ နောက်ပိုင်းမှာ နယ်နိမိတ်စည်း ပြန်တိုင်းဖို့ရှိတယ်လို့ပြောတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ တရုတ်တွေကတော့ လူပါးဝတာပေါ့။ အဲလိုဖြစ်တာက ကျွန်တော်တို့ မြို့နယ်တစ်ခုတည်းဖြစ်တာမဟုတ်ဘူး။ တခြားမြို့နယ်တွေမှာလည်းဖြစ်တယ်။ ကျွန်တော်အမြင်ပြောရရင် နယ်ခြားမှတ်တိုင်တွေကရှိနေပြီးသားပဲဟာ သူတို့သိရဲ့သားနဲ့ တမင်သက်သက် လုပ်တာပဲလို့ ကျွန်တော်သုံးသပ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ နောက်ပိုင်းဒီလိုတွေလာလုပ်ရင်လည်း ကာကွယ်သွားမှာပဲ”ဟု ၎င်းကဆိုသည်။

ထိုသို့ကျူးကျော်ဝင်ရောက်လာမှုနှင့် ပတ်သက်ပြီး နမ်းခမ့်မြို့နယ်အုပ်ချုပ်ရေးမှူးကအောက်တိုဘာလ ၁ဝရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ပြည်ပဆက်ဆံရေးဌာန ဌာနမှူးထံ ကန့်ကွက်စာပေး ပို့ပေးခဲ့ပြီးနောက်ပိုင်း လက်ရှိချိန်ထိ ဆက်လက်တူးဖော်ရေးလုပ်ငန်းများ မလုပ်ဆောင်တော့ကြောင်း ဦးစိုင်းအောင်ဝင်းကဆိုသည်။

ယင်းသို့ တရုတ်နိုင်ငံက မြန်မာပိုင်နက်ကို လာရောက်ကျူးကျော်ခြင်းသည် နမ်းခမ်းမြို့နယ်တွင် ဒုတိယကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာတုန်းကလည်း လက်နက်ကိုင်ဆောင်ထားသော တရုတ်စစ်ယူနီဖောင်းဝတ်ဆင်ထားသူများက မြန်မာပိုင်နယ်နိမိတ်တွင် တရုတ်နိုင်ငံအလံ လာရောက်စိုက်ထူသော လုပ်ရပ်များရှိကြောင်း ရှေ့ဟောင်းအမွေအနှစ် နှင့် သမိုင်းဝင်နေရာများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်းထံမှ သိရသည်။

Photo- (Representational Image)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts