All News Peace

မြန်မာပြည်ကို ဘယ်လိုနည်းနဲ့ ပြောင်းလဲကြမလဲ

သူ့အတွေးသူ့အမြင်

မြန်မာပြည်ကို ဘယ်လိုနည်းနဲ့ ပြောင်းလဲကြမလဲ

By ကိုတာ

Thought produced the nation, and it says that the nation has an extremely high value, a supreme value, which overrides almost everything else.The same may be said about religious. (David Bohm)

အတွေးအခေါ်က နိုင်ငံဆိုတာကို လုပ်တယ်။ပြီးတော့ နိုင်ငံဆိုတာက အလွန့်အလွန်ကို မြင့်မားတဲ့ တန်ဖိုးရှိတာ တခြားအရာအားလုံးထက် ကျော်လွန်တယ်လို့ပြောပြန်တယ်။ ဘာသာရေးဟာလည်း အဲသလိုပါပဲလို့ ဆိုတယ်။(ဒေးဗစ်ဘွမ်း)

စာဖတ်ပရိသတ်ကြီးခင်ဗျား –

မြန်မာပြည်ကြီး မပြောင်းတာက အတွေးအခေါ်၊ အမြင်၊ အယူအဆတွေက မပြောင်းလို့ပဲလို့ ညည်းနေကြတယ်။ တနေရာက ဆွမ်းကျွေးတခုမှာ သဘောထားအမြင် (mindset) ကို ပြောင်းလို့ရတယ်။

လူနှင့်ဆိုင်တဲ့ နည်းပညာ (ဆိုရှယ်တက်ခနိုလိုဂျီ) လို့ ခေါ်တယ်ဗျလို့ ကျွန်တော်ပြောတဲ့အခါ မယုံကြဘူး။ ကမ္ဘာမှာ ဒီနည်းကို သုံးကြတာတွေ ရှိတယ်။

ဂျာမနီက ကျန်းမာရေးစောင့်ရှောက်မှု စနစ်၊ အောက်စ်ဖမ်း ၊ ယူနီလီဗား၊ နစ်စန်း၊ ဇမ်ဘီယာက အိတ်ဒ်စပရိုဂရမ်၊ ဟူးလက်ပက်ကတ်၊ ရှဲလ် စတဲ့ ကုမ္ပဏီတွေမှာ။

တောင်အာဖရိက၊ ကိုလံဘီယာ၊ ဂွာတီမာလာစတဲ့ နိုင်ငံတွေမှာ…။

ကျွန်တော့်မှာတောင် အပြောင်းအလဲ ကိုယ်တွေ့ကိုယ်ကြုံရှိတယ်။ သို့သော် ကျွန်တော်က လမ်းပေါ်က လူဆိုတော့ ပြောဖို့တောင် အခက်ကြုံရ တယ်။

စနစ်(ဝါ)အဆောက်အအုံကြီးဆိုတာက အတွေးနဲ့လုပ်တာပဲ။ အောက်ပါပုံကိုရှုပါ။

အဆောက်အအုံ / စနစ် (Structure)

ဖြစ်စဉ် (Process)

အတွေး / ရှုမြင်ပုံ (Thought)

အပြောင်းအလဲဟာ အလွှာတိုင်းမှာ ဖြစ်ပျက်နေတာ။ အဆောက်အအုံ/စနစ် အပြောင်းအလဲဆီ ကနေ “ဖြစ်စဉ်”။ သည့်နောက် “အတွေး”။

အဲ “အတွေး” အပြောင်းအလဲဆီ ရောက်ဖို့က အလွန်သိမ်မွေ့တာ။ သို့သော် အဲဒီဆီကိုရောက်ပါမှ အမှန်တကယ်ပြောင်းလဲခြင်းကြီး ဖြစ်တယ်။

အဆောက်အအုံကို အာရုံစိုက်တယ်။ ပြန်ပြင်ဆင်တယ်။ (Restructuring လို့ခေါ်ပါတယ်။) ဒါမျိုးပဲ လုပ်ကြတာ များတယ်။ ခုလောလောဆယ်မှာ အဲဒီကိစ္စကိုပဲ ကောင်းစွာမလုပ်နိုင်ဘူး။

ဒုတိယက ဖြစ်စဉ်ကိုပြင်ဖို့ အသစ်ဒီဇိုင်းလုပ်တယ် (Redesigning)။ ဒီအပြောင်းအလဲက ပိုကျယ်ပြန့် တာပ။

သို့သော် အကယ်စင်စစ် ဘယ်သူ့အတွက်လဲ၊ ဘယ်ကိုသွားမလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်နေကြ သလဲ စသည်ဖြင့် ဘောင်ခတ်ခြင်း(Reframing) ကတော့ ပိုနက်ရှိုင်းတယ်။ ဒါက အတွေး (mindset) ကို ပြင်တာပါ။

အဆောက်အအုံကို ပြန်လည်ပြင်ဆင်တာက တုံ့ပြန်တဲ့အဆင့်ပဲ။ အဲသလောက်ပဲ။

ပြန်လည် ဘောင်ခတ်ခြင်းကတော့ ကိုယ့်အယူအဆတွေ၊ အတွေးအခေါ်တွေကို ပြန်လည်ဆင်ခြင်တဲ့အဆင့်။

ပြန်လည် ဘောင်ခတ်ခြင်းဆိုတဲ့ ထိုအဆင့်ကြီးကို ရောက်ခြင်းကိုသာ “သိမြင်ခြင်း” လို့ ခေါ်ရမယ်ထင်တယ်။

လူ့အဖွဲ့အစည်း၊ စနစ်၊ အင်စတီကျူးရှင်းအများစုဟာ Restructuring, Redesigning အဆင့်မှာ ရပ်နေတာပဲ များတယ်။ Reframing ကို မရောက်ဘူး။

အင်း … ကျုပ်တို့ဆီမှာ ပြောင်းမယ်သာ ပြောတယ်။ ဘယ်ကိုမှ မရောက်ဘူး

ရှုမြင်ပုံကို ဘယ်လိုပြောင်းမလဲဆိုရင် ပွင့်သွားအောင် လုပ်ရမတဲ့။ စိတ်ပွင့်၊ နှလုံးသားပွင့်၊ ဆန္ဒပွင့် (open mind, open heart & open will) ရမတဲ့။

ပထမ … ပထမ အဖွင့် ဖြစ်တဲ့စိတ်ပွင့်ခြင်း (open mind)ဟာ ကိုယ့်မှာ ဖြစ်ရှိနေတဲ့ အယူအဆ တွေကို သတိပြုမိလာတာ။ ဒါကြောင့် အရင်က မမြင်တဲ့အရာတွေ မထင်လင်းတဲ့အရာတွေကို ကြားလာ မြင်လာတာကို ခေါ်တာပဲ။

ဒုတိယ … အမြင်သစ်နဲ့မြင်လာရုံနဲ့ ရပ်လို့တော့မရဘူး။ အလုပ်မှ မဖြစ်သေးတာကိုး။

အလုပ်ဖြစ်ဖို့က ပုံမှန်အတွေ့အကြုံရဲ့ အပြင်ဘက်ကိုထွက်ဖို့ အတွေ့အကြုံအသစ်ရဖို့ လိုတယ်။ ထိုအခါ စိတ်ရဲ့သိခြင်းထက် ကျော်လွန်တဲ့ အမှန်တကယ် ခံစားခြင်း(ဝါ) နှလုံးသားနဲ့ ခံစားခြင်းအဆင့်ကို ရောက်တယ်။ နှလုံးသား ပွင့်တယ် (open heart) ကို ခေါ်တာပ။

တတိယ … လူတွေဟာ “ပြောင်းနေတဲ့ အဖြစ်ကြီး” (Shifting reality ကို ဆိုလိုပါတယ်) ထဲ ရောက်နေပြီး အရင်က မမြင်တာကို မြင်လာတယ်။

အဲဒီအဖြစ်အပျက်ကြီး ဖြစ်လာရခြင်းမှာ သူတို့လည်း ပါနေတယ်။

သူတို့ရဲ့ အခန်းကဏ္ဍ – သူတို့ကိုယ်တိုင်က အပြောင်းအလဲ မဖြစ်အောင် တားဆီးနေတာ ငြင်းဆန်နေတာ – ကိုလည်း မြင်လာတယ်ဆိုရင်တော့ တာတမံကြီး ကျိုးသွားပြီ။

အဲသလို အဖြစ်မျိုးက ကုမ္ပဏီတခုမှာလည်း ဖြစ်နိုင်တယ်။နိုင်ငံတခုမှာလည်း ဖြစ်နိုင်တယ်။

အဲသလို အဖြစ်မျိုး ၁၉၈၀ ခုနှစ်တွေမှာ တောင်အာဖရိကမှာ ဖြစ်ခဲ့ဖူးတယ်။ယခုအချိန်မှာတော့ ကမ္ဘာတလွှား နေရာတော်တော်များများမှာ ဥပမာ ကိုလံဘီယာမှာ ဖြစ်နေပြီ။

နက်နက်ရှိုင်းရှိုင်းထိ အမြင်ပြောင်းလဲခြင်းဟာ လူ့အသိုက်အမြုံကြီးတခုရဲ့ နေရာအတော်များများမှာ ဖြစ်လာဖို့လိုတယ်။

အာဏာပိုင်အသိုက်အဝန်းမှာလည်း ဖြစ်ဖို့လိုတာပေါ့။အနာဂတ်အတွက် စဉ်းစားကြရင် အတိတ်ရဲ့ အယူအဆတွေနဲ့တော့ မဖြစ်နိုင်ဘူးဆိုတဲ့ အမြင်မျိုး။

တောင်အာဖရိကမှာ လူဖြူကြီးစိုးရေးအမြင် (အပါသိုက်) နဲ့တော့ အနာဂတ် မရှိနိုင်ဘူးလို့ “လုံလောက်တဲ့အများစု” က မြင်ခဲ့ကြတယ်။

အနာဂတ်ကို မြင်ခြင်း (seeing into the future) ဟာ အခရာပဲ။

သို့သော် မြင်ရုံ သိရုံသက်သက်နဲ့ တော့လည်း မရဘူး။

သိမြင်ခြင်းအခြေခံတဲ့ “ပြောင်းလဲလိုသော ဆန္ဒကြီး” ဖြစ်လာဖို့ လိုတယ်။ဆန္ဒပွင့်ခြင်း (open will) လို့ ခေါ်မယ်။

ဒီတတိယအရွေ့က အခက်ဆုံးပဲ။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက တောင် အာဖရိကမှာ ဒီအဖြစ်ကြီး ဖြစ်ခဲ့တယ်။လူဖြူတွေရော လူမည်းတွေရောဟာ တို့ပြည်ကို တို့ချစ်တယ်ဆိုတဲ့ ပြည်ချစ်စိတ် – အစိုးရကို ချစ်ခြင်းမဟုတ်၊တိုင်းပြည်ကိုသာချစ်ခြင်း – ကို ရှာဖွေတွေ့ရှိခဲ့တယ်။

ပြီးတော့ လည်း အတူတကွဆောင်ရွက်ခြင်း (ဝါ) ပူပေါင်းဆောင်ရွက်ခြင်းဖြင့်သာ သာယာတဲ့ အနာဂတ် တိုင်းပြည်ကို တည်ဆောက်နိုင်မယ်လို့လည်း သိမြင်ခဲ့ကြသတဲ့။

ယခု ရင်ဆိုင်နေရတဲ့ ပြဿနာက လူတွေကို အဲသလို စိတ်ပွင့်၊ နှလုံးသားပွင့် … ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာပဲ။

သို့သော် လွယ်လှတယ်လို့ မဟုတ်ပေတဲ့ အဲဒီနည်းက ရှိတယ်။ယူနည်းပညာ (ဘိုလို U methodology) လို့ ခေါ်တယ်။ အကြမ်းဖျင်း အားဖြင့် ……

(၁) လူစုနဲ့ လုပ်တယ်။ လူပေါင်းစုံ ၂၀-၂၅ ယောက်အစုပဲ။လူပေါင်းစုံဆိုတာ အရေးကြီးတယ်။

အမြင်မတူကြတဲ့သူတွေ သို့သော် အရေးကြီးတဲ့ လူတွေဖြစ်ရတယ်။ Whole-system approach လို့ခေါ်တယ်။

(၂) နေရာလိုတယ်။ဆိတ်ငြိမ်တဲ့ နေရာ၊ လုံခြုံတဲ့ နေရာ၊ စိတ်ကိုလန်းဆန်းစေတဲ့ နေရာ၊ သုညာဂါရ ဆိုတာမျိုး။
နေရာမှာ ပါဝါရှိလို့ပဲ။ ဦးနုတို့ ဂျာကာတာနားက တောင်ပေါ်သွားလုပ်ကြသလို။ တောင်အာဖရိကမှာ ကိတ်တောင်းနား တောင်ပေါ်က မောင့်ဖလူအာမှာ လုပ်သလို။

(၃) အပြေအပြစ်ဖြစ်အောင် ထောက်ပံ့တဲ့သူ (facilitator) ဆိုတာလိုတယ်။ သူက ဒီကိစ္စမှာ လေ့ကျင့်ထားတဲ့ သူ။

(၄) အချိန်ကာလ … အများကြီးမဟုတ်ဘူး။ ၄ – ၅ ရက် ၁ ပတ်လိုတယ်။

(၅) ဘောင်ခတ်ခြင်း (Framing) လိုတယ်။

လက်တွေ့လိုအပ်ချက်က အထက်ပါ ငါးချက်ပဲ။

ထောက်ပံ့တဲ့သူဟာ အတွေ့အကြုံ အများကြီး ရှိတဲ့သူ။ အထူးလေ့ကျင့်ထားတဲ့သူ ဖြစ်ရတယ်။ကမ္ဘာမှာတော့ အော်တိုရှားမား၊ ပီတာဆန့်၊ ဒင်နီရယ် ခါနေမန်း စသည်ဖြင့်က စာအုပ်တွေ ရေးကြတယ်။

သူတို့မှာ တောင်အာဖရိက၊ ဂျာမနီ၊ အင်ဒိုနီးရှားမှာ စသဖြင့် အတွေ့အကြုံတွေလည်း ရှိတယ်။ နှစ်ပေါင်းများစွာ ကြာပြီ။ဆွေးနွေးပွဲတွေလုပ်ပြီး (ဆွေးနွေးပွဲဆိုတာထက် နှီးနှောပွဲ (ဒိုင်ယာလောဂ့်) ဆိုမှ ပိုမှန်မယ်။)

အမြင်ပြောင်းလဲမှုကြီး ဖြစ်အောင် လုပ်လို့ရတယ်လို့ ကျုပ်ကတော့ ယုံကြည်တယ်။သို့သော် ထိုနှီးနှောပွဲဟာ လွတ်လပ်တဲ့နေရာ (Free Space) နှင့် တန်းတူရည်တူ (Equity) အပေါ် အခြေခံရမယ်။ထိုနှစ်ချက်ကိုတော့ လိုက်နာရမယ်။

ဒေးဗစ်ဘွမ်းရဲ့ On Dialogue မှာ ကြည့်ပါ။

ပရိသတ်ကြီးခင်ဗျား –

Theory U, Presence စသဖြင့် စာအုပ်တွေရှိပါတယ်။ အသေးစိတ်ကတော့ ဖတ်ကြည့်မှရမယ်။
သို့မဟုတ် ယူ ပညာ ဆရာများကို ဖိတ်ပြီး စမ်းကြည့်ပါ။ စရိတ်နဲ့တန်ဖိုး (Cost-benefit) ကိုက်ပါတယ်။

ပြောင်းမယ်လို့ပြောရင် ပြောင်းလဲအောင်လုပ်တဲ့နည်းကိုတော့ ရှာကြံရမှာပ။ တတ်တဲ့သူတွေ ခေါ် လုပ်ရမှာပ။

အခုဟာက မဲရအောင်ကတော့ လုပ်တတ်တယ်။ မဲရအောင်လုပ်ပြီး အစိုးရဖြစ်တာက Electionism ပဲ။ ရွေးကောက်ပွဲဝင်ခြင်းမှာ အနိုင်ရခြင်းပဲ။

သို့သော်ပြောင်းလဲအောင်လုပ်ခြင်းက နောက် အရည်အချင်းတစ်မျိုးပဲ။ မတူဘူးရယ်။

ကျုပ်ဖော်ပြတဲ့စာအုပ်လေးတွေ လှန်လှောကြည့်စေချင်တယ်။နိုင်ငံ ဆိုတာက အတွေးအခေါ်နဲ့ လုပ်တာကို သတိထားကြရင်….။

Photo Credit – MOI

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts