All News Local News Peace

မီးသတ် ၁၉ ဦးနှင့် ခရီးသည် ၁၂ ဦးကို AA က စစ်ဆေးနေဆဲဟု ခိုင်သုခပြော၊ မြောက်ဦး အိုးထိန်ကျေးရွာ ကျောင်းထိုင်ဆရာတော် AAနှင့်ပတ်သက်မှုမရှိဟုဆို

မီးသတ် ၁၉ ဦးနှင့် ခရီးသည် ၁၂ ဦးကို AA က စစ်ဆေးနေဆဲဟု ခိုင်သုခပြော၊ မြောက်ဦး အိုးထိန်းကျေးရွာ ကျောင်းထိုင်ဆရာတော် AAနှင့်ပတ်သက်မှုမရှိဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောက်ဦး-စစ်တွေ ကားလမ်း၊ ကံကြီးကွေ့ မိုင်တိုင်အမှတ် ၁၂၇ အနီးတွင် အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်း ရွှေပြည်သစ် ခရီးသည်တင်ယာဉ်နှင့် လိုက်ပါလာသည့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနှင့် ခရီးသည် ၁၂ ဦးတို့ကို AAက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆုသိည်။

“စစ်ဆင်ရေး ဧရိယာထဲမှာ မသင်္ကာစရာ လှုပ်ရှားသွားလာမှုတွေရှိရင်တော့ လုံခြုံရေးအရ လိုအပ်တဲ့အရေးယူ စစ်ဆေးမှုကတော့ ရှိနိုင်ပါတယ်။ သူတို့ကို ကျွန်တော်တို့ စစ်ဆေးနေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုလုပ်မလဲဆိုတာကတော့ ဘာမှမပြောနိုင်သေးဘူး”ဟု ခိုင်သုခက ပြောဆိုသည်။

ရွှေပြည်သစ်ခရီးသည်တင်ယာဉ်နှင့် လိုက်ပါလာသော ရခိုင်ပြည်နယ်၊ မီးသတ် ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမြင့်ဇော် ၊ သင်တန်းဆင်းမီးသတ်တပ်ဖွဲ့ဝင် တပ်သား ၁၈ ဦး၊ အရပ်သား ၁၂ ဦး စုစုပေါင်းခရီးသည် ၃၁ ဦးတို့ ကို အောက်တို ဘာ ၁၁ ရက် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် မြောက်ဦး မြို့နယ်၊ ကံကြီးကွေ့ မိုင်တိုင် ၁၂၇ အရောက် AA အဖွဲ့အင်အား ၁၀ ဦးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင် AA နှင့် တပ်မတော်တို့က မသင်္ကာသူများကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး တပ်မတော်ဘက်က ဖမ်းဆီးထားသော အိုးထိန်းကျေးရွာ ကျောင်းထိုင်ဆရာတော်နှင့် အရပ်သား ၂ ဦးမှာ AA နှင့်ပတ်သက်မှု လုံး၀ မရှိဟု ခိုင်သုခက ပြောဆိုသည်။

အိုးထိန်းကျေးရွာ ကျောင်းထိုင်ဆရာတော်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ဒေသခံ ဦးမြင့်မောင်တို့သည် မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာ ကျောင်းထိုင်ဆရာတော်ကို ဆွမ်းစားပင့်ရန်သွားရောက်စဉ် ကျောက်တော်-မြောက်ဦး အဝေးပြေးလမ်းမပေါ်ရှိ လင်းမြွေတောင် အရောက်တွင် တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ခိုင်သုခက “အဲဒါ မဟုတ်ဘူးဗျ ကျွန်တော်သိသလောက်တော့ သူတို့ဆက်သွယ်တာလည်းမရှိဘူး။ အဲဒီ ဘုန်းကြီးကနေပြီးတော့ သူတို့မှာ အလှူရှိတဲ့အတွက်ကြောင့်မို့လို့ နောက်တစ်ရွာကိုဘုန်းကြီးသွားပင့်တာ အဲတာလမ်းမှာ စစ်ဆေးရေးဂိတ်ကနေပြီးတော့ စစ်ဆေးပြီးတော့ မသင်္ကာလို့ ဖမ်းတာလို့ပဲ ကျွန်တော်တို့ သိရသည်။ ကျွန်တော်တို့နဲ့ကတော့ ဘာမှပတ်သက်မှုမရှိဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပတ်သက်တယ် ဆိုပြီးတော့ ဖမ်းတာတွေကတော့ များတယ်ပေါ့။ တပ်မတော်က ခေတ်အဆက်အဆက် လုပ်လာတဲ့ လုပ်နည်းလုပ်ဟန် နည်းလမ်းဟောင်းကြီးအတိုင်းပဲဆက်ပြီးတော့ သွားနေတယ်လို့ပဲ ကျွန်တော်ကတော့ အဲလိုပြောချင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိကာလသည် အင်တာနက် ခေတ်ဖြစ်သောကြောင့် ဖုံးကွယ်မရတော့ကြောင်း၊ရခိုင်ပြည်နယ်အတွင်း အင်တာနက်လိုင်းများကို ပိတ်ပင်ခြင်းသည် တပ်မတော်၏ လုပ်ရပ်များ ပေါ်ကုန်နိုင်သည့်အတွက် ပိတ်ပင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာဖိအားများကြောင့် လက်ရှိချိန်တွင် အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း၊ အင်တာနက်လိုင်း ပိတ်ထားသော်လည်း ပြည်သူလူထုများက မြေပြင် အခြေအနေများကို ရသည့် နည်းလမ်းဖြင့် တင်နေသည်ကို တွေ့ရကြောင်း၊ လက်ရှိချိန်တွင် အတင်းအဓ္ဓမဝင်ခံခိုင်း ဖမ်းဆီးနှိပ်စက်မှုများပြီး ပုဒ်မအမျိုးမျိုးတပ်၍ စွဲဆိုထားသော တရားစွဲဆိုမှု ၁၀၀ ကျော်ရှိပြီးဖြစ်ကြောင်း၊ ရခိုင်အမျိုးသားရေးလှုပ်ရှားမှုကိုလူငယ်များ မပါဝင်နိုင်စေရန် နှိပ်ကွပ်ခြင်းဖြစ်သည်ဟု ခိုင်သုခကဆက်လက်ပြောဆိုသည်။

တပ်မတော်ဘက်ကမူ အိုးထိန်းကျေးရွာ ဆရာတော်ဖမ်းဆီး စစ်ဆေးမှုနှင့်ပတ်သက်၍ AA နှင့်ပတ်သက်ဆက်နွယ်နေ၍ ဖမ်းဆီးခြင်းဖြစ်သည်ဟု စက်တင်ဘာလ ၂၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသွားသည်။

“သူ့ကိုမဖမ်းခင်ညမှာ လင်းမြွေတောင်မှာ တိုက်ပွဲဖြစ်တယ်။ အဲ့ကနေ ဆိုင်ကယ်နှစ်စီးတွေ့တယ်။ အဲဒီဆိုင်ကယ်နှစ်စီးရဲ့ ဘေးမှာ မိုင်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေတွေ့တယ်။ အဲမကြာခင်မှာပဲ ဆရာတော်နဲ့ ကားပေါ်မှာ သုံးယောက်ပါတယ်။ ဆရာတော်ရယ် နောက် လူနှစ်ယောက်ရယ် အဲဒီသူတွေရောက်လာတာရှိတယ်။ အဲပစ္စည်းတွေကဒီမှာရှိတယ်။ အဲတာနဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးစစ်ဆေးတယ်။ ဖမ်းဆီးစစ်ဆေးတဲ့ထဲမှာ တိတိကျကျ ခိုင်ခိုင်မာမာပြောရမယ်ဆိုရင် ဖမ်းဆီးစစ်ဆေးတဲ့ထဲမှာ တစ်ဦးသည် AA တပ်ဖွဲ့ဝင်ဖြစ်တယ်။ စစ်ပြောချက်လည်းရရှိပြီးသားဖြစ်တယ်”ဟု ၎င်းကဆိုသည်။

Photo Credit – AA

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts