All News Local News

မန္တလေးတက္ကသိုလ် Food Courtကိစ္စ ဒုဝန်ကြီးဦးဆောင်သောအဖွဲ့ စုံစမ်းစစ်ဆေးနေမှု ၂လကျော်သည်အထိ အဖြေမထွက်မှု ကျောင်းသားများ သတိပေး

မန္တလေးတက္ကသိုလ် Food Courtကိစ္စ ဒုဝန်ကြီးဦးဆောင်သောအဖွဲ့ စုံစမ်းစစ်ဆေးနေမှု ၂လကျော်သည်အထိ အဖြေမထွက်မှု ကျောင်းသားများ သတိပေး

ရန်ကုန်၊ အောက်တိုဘာ ၁၉

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းပိုင်မြေအား မသမာမှုပြုလုပ်ကာ Food Court ဆောက်လုပ်ခွင့်ပေးသည့်အပေါ် ပညာရေးဒုဝန်ကြီးဦးဝင်းမော်ထွန်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အချိန်၂လကျော်သည်အထိ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်နိုင်ခြင်းမရှိသည့်အပေါ် ပြင်းထန်သော သောလှုပ်ရှားမှုများပြုလုပ်သွားမည်ရှိကြောင်း သပိတ်မှောက်ကျောင်းသားများက သတိပေးပြောဆိုလိုက်သည်။

အဆိုပါစုံစမ်းစစ်ဆေးရေးကော်မတီသည် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် Food Court ဆောက်လုပ်ခဲ့သူတို့ကို ယင်းကော်မတီက စစ်ဆေးမှုများပြုလုပ်ပြီးဖြစ်သော်လည်း စစ်ဆေးရေး အစီရင်ခံစာထုတ်ပြန်ခြင်းမရှိသေးဘဲ ထိုသို့ ထုတ်ပြန်ခြင်းမရှိသေးကြောင်း၊ သပိတ်မှောက်ကျောင်းသားများက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မေးမြန်းရာတွင် အစီရင်ခံစာကို သမ္မတရုံးသို့ တင်ပြထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ဒုဝန်ကြီး ဦးဝင်းမော်ထွန်းကို မေးမြန်းရာတွင် အစီရင်ခံစာသည် ဆိုလိုရင်းပျောက်နေသည့်အတွက် ပြန်လည်ရေးနေကြောင်း သမ္မတရံုံးကိုမတင်ပြရသေးဟု ကွဲလွဲစွာပြောဆိုခဲ့ကြောင်း သပိတ်မှောက်ဦးဆောင်ကော်မတီဝင် မယမင်းသူကဆိုသည်။

“အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ရှိချိန်မှာ နိုင်ငံတော် သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်းပင်ခံရုံးကိုစာတင်သွားဖို့ရှိတယ်။ အဲဒီဟာမှ မထူးခြားဘူးဆိုရင် ပိုပြီးတော့ ပြင်းထန်တဲ့ လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားပါ့မယ်။ ဘယ်လိုလှုပ်ရှားမှုမျိုးလည်းဆိုတာတော့ ပြောလို့တော့မရသေးဘူး။ ညီမတို့က ဒီချိန်မှာချပြလိုက်ရင် တားဆီးတာတို့ ဘာတို့လုပ်မှာဖြစ်တဲ့အတွက်ကြောင့် ညီမတို့ ကြိုပြောဖို့မရှိသေးဘူး။ အချိန်သတ်မှတ်ပြီးတော့ မလုပ်ရင်ဘာဆက်လုပ်မယ်ဆိုတာမျိုး အဲတာတွေတော့ မချရသေးဘူး။ ဒါပေမယ့် အားလုံးအစည်းအဝေးပြန်လုပ်ပြီးတော့ အချိန်သတ်မှတ်တာတွေလုပ်ဖို့တော့ရှိတယ်။ ဒီကြားထဲမှာ ညီမတို့ သပိတ်ဦးဆောင်ခဲ့တုန်းကပါဝင်တဲ့သူတွေပြန်ခေါ်ပြီးတော့ အစည်းအဝေးပြန်လုပ်ဖို့တော့ရှိတယ်” ဟု မယမင်းသူကဆိုသည်။

ယမန်နေ့ အောက်တိုဘာ ၁၈ရက်နေ့က မန္တလေးတက္ကသိုလ် ပင်မဆောင်တွင် သပိတ်မှောက်ကျောင်းသားများကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးအဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးတို့က သမ္မတရုံးသို့တင်ပြထားသည့်ကိစ္စအား ရှင်းလင်းပွဲတွင် မပြောကြားရန် တားမြစ်ခဲ့ကြောင်း သပိတ်မှောက် ကျောင်းသားများကရှင်းလင်းပွဲတွင်ပြောဆိုသည်။

“ဒုဝန်ကြီးက တရားဝင် အစီရင်ခံစာမတင်ရသေးဘူးလို့ပြောတယ်။ ပညာရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီးကျတော့ တင်ပြီးပြီပြောတယ်။ ကွဲလွဲနေတာပေါ့။ သမ္မတရုံးကို တင်ပြတဲ့ကိစ္စကို ညီမတို့ကို သတင်းစာရှင်းလင်းပွဲမှာ ထည့်မပြောဖို့သူတို့ကတားတယ်။ အဲတာကို ပြောမယ်ဆိုရင် နောင်ဆိုငါ့ဆီကဘာတစ်ခုမှကြားဖို့မမျှော်လင့်နဲ့လို့ ဒုဝန်ကြီးကပြောတယ်။ အဲဒီလိုဖြစ်နေတာတွေက မရိုးသားတာလို့ပဲ ညီမတို့ကမြင်တယ်”ဟု မယမင်းသူကဆိုသည်။

Food Court ကိစ္စ ကျောင်းသားများ သပိတ်မှောက် ဆန္ဒပြစဉ်က “မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၊စစ်ဆေးအရေးယူပေးရေး”၊ “ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သောစုံစမ်းစစ်ဆေးရေးအဖွဲ့အားအယုံအကြည်မရှိ”၊ “မန္တလေးတက္ကသိုလ်အားအသုံးချ၍ ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိ”၊ “နိုင်ငံတော်သမ္မတ ညွှန်ကြားချက် နှင့်တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော အုပ်ချုပ်ရေးအဖွဲ့အား စိစစ်အရေးယူပေးရေး”၊ “ကျောင်းတွင်းစီမံကိန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာချပြရေး” “မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အား တာဝန်မှ အမြန်ဆုံးရပ်ဆိုင်းပေးရေး”၊ “ပညာရေးဝန်ကြီးက အမြန်ဆုံးလာရောက်ဖြေရှင်းပေးရေး” စသောအချက်များတောင်းဆိုခဲ့ပြီး ပညာရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးခဲ့ခြင်းကြောင့် ခေတ္တသပိတ်ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo Credit – Oway Channel

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com