All News Local News Peace

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ခံတပ်နေရာများအဖြစ် အသုံးပြုနေဟု AA နှင့် တပ်မတော် အပြန်အလှန် စွပ်စွဲ၊ ကျေးရွာများတွင် AA ပြည်သူ့စစ်များ ဖွဲ့စည်းထားဟုဆို

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ခံတပ်နေရာများအဖြစ် အသုံးပြုနေဟု AA နှင့် တပ်မတော် အပြန်အလှန် စွပ်စွဲ၊ ကျေးရွာများတွင် AA ပြည်သူ့စစ်များ ဖွဲ့စည်းထားဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းတွင် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲများတွင် ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များကို ခံတပ် တပ်စွဲနေရာများအဖြစ် အသုံးပြု၍ တိုက်ပွဲ ဆင်နွှဲလျက်ရှိကြောင်း ရခိုင်တပ်မတော် AA နှင့် တပ်မတော်တို့က နှစ်ဖက် အပြန်အလှန်စွပ်စွဲနေကြသည်။

အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်သည့် AA ၏ ထုတ်ပြန်ချက်တွင် တပ်မတော်သည် လက္ကာရွာအတွင်းရှိ စာသင်ကျောင်း၊ လူနေအိမ်များ၊ ကန်ဘောင်နံဘေးကို ခံတပ်သဖွယ်အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။

အနောက်ပိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကမူ AA သည် ဘုန်းကြီးကျောင်းများတွင် တွင်းတူး၍ ခံတပ် အဖြစ် အသုံးပြုကြောင်း၊ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင် AA များယာယီ နေထိုင်နေကြကြောင်း ၎င်းက ဆိုသည်။

“လက္ကာကျေးရွာအတွင်းမှာ ဘုန်းကြီးကျောင်းတွေမှာ ကျင်းတူပြီးတော့ AAက ၅၀ ကျော်လောက်ရှိတယ်။ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ ယာယီနေတာပေါ့။ ကျနော်တို့ တပ်လာမယ်ဆိုတာသိတော့ ကြိုစောင့်နေတာ။ လက္ကာရွာရဲ့ အရှေ့ဘက်တောင်ကြောမှာဆိုရင် သူတို့ သင်တန်းကျောင်းပေါ့။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလောက်က တစ်ခါ ရှင်းထားပြီးပြီ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုသည်။

RFA မြန်မာပိုင်း၏ အောက်တိုဘာလ ၁၉ ရက်နေ့ သတင်းတစ်ပုဒ်တွင်မူ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကုန်းတန်း (ခေါ်) ရက်ခုန်းတိုင်ကျေးရွာရှိ အစိုးရ စာသင်ကျောင်းနှင့် ကျေးရွာစာသင်ကျောင်းများတွင် တပ်မတော်စစ်ကြောင်းတစ်ခုက အကာအကွယ်ယူပြီး ယာယီစခန်းချခဲ့ကြောင်း ကျေးရွာသားများကို ကိုးကား၍ သတင်းဖော်ပြခဲ့ပြီး တပ်မတော်က မဟုတ်မှန်ဟု ငြင်းဆိုထားသည်။

AA က ကျေးရွာများကို စည်းရုံးထားပြီး AA အာဏာရလာပါက ကောင်းစားမည်ဟု ကျေးရွာများကို ပြောဆို စည်းရုံး ထားကြောင်း၊ AA ပြည်သူ့စစ်များ ကျေးရွာများတွင် ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ရွာတွေမှာ ပြည်သူ့စစ်တွေ ဖွဲ့ထားတာ။ နှစ်ပတ်တန်သည် ၃ ပတ်တန်သည် သင်တန်းပေးပြီး ပြည်သူ့စစ်ပုံစံ ဖွဲ့ထားတာပေါ့။ AA ကိုထောက်ခံတဲ့သူတွေပေါ့။ မထောက်ခံတဲ့သူတွေလည်းရှိပါတယ်။ မထောက်ခံတဲ့သူတွေက ကျနော်တို့ကို သတင်းတွေ ပေးတာပေါ့။ အခု တော်တော်များများ တိုင်းရင်းသားတွေက သိလာကြပြီ။ ရေရှည်မှာတော့ အနိဌာရုံတွေဖြစ်နေတာဆိုတော့ ။တိုက်ပွဲတွေ ထပ်ဖြစ်ဦးမယ်။ ပန်းမြောင်းရဲ့ အရှေ့ဘက်မှာလည်း ထပ်ဖြစ်ဦးမှာ။ အဲဒီနားက ရွာတွေကလည်း တော်တော်များများ သူတို့ဘက်ကို ပါတာပေါ့။ AA အာဏာရမယ်ဆိုရင် သူတို့ ကောင်းစားမယ်ဆိုတာမျိုးနဲ့ စည်းရုံးထားတာ။ သူတို့ အာဏာရရင် ရခိုင်ပြည်ကြီးကို သူတို့ လုပ်လို့ရမယ်ပေါ့။ ကောင်းစားမယ်ပေါ့။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မယ်ပေါ့” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ရှင်းပြသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက AA၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို လက်ရှိ အခြေအနေများနှင့်ပတ်သက်၍ ဆက်သွယ် မေးမြန်းရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိသေးပေ။

Photo Credit – travel.jumia.com

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts