All News Local News Peace

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို တပ်မတော်အပေါ် ဝေဖန်မှုဖြင့် ထောင်ဒဏ်ချမှတ်နေမှုများ အယူခံတက်ရန်မရှိ

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို တပ်မတော်အပေါ် ဝေဖန်မှုဖြင့် ထောင်ဒဏ်ချမှတ်နေမှုများ အယူခံတက်ရန်မရှိ

ရန်ကုန်၊ အောက်တိုဘာ ၂

တပ်မတော်ကနိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က)ဖြင့် ဗိုလ်ကြီးဟောင်းဦးနေမျိုးဇင်ကို တရားစွဲဆိုမှုများကြောင့် ချမှတ်ထားသော ထောင်ဒဏ်များနှင့် ပတ်သက်ပြီး အယူခံတက်ရန် အစီအစဉ်မရှိကြောင်း ဦးနေမျိုးဇင်း၏ ရှေ့နေ ဦးရောဘတ်စန်းအောင်ကဆိုသည်။

လက်ရှိချိန်တွင် ဦးနေမျိုးဇင်မျိုးကို ပုဒ်မ ၅ဝ၅(က)ဖြင့် တိုက်ကြီးမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်၊ ဝါးခယ်မ မြို့နယ် တရားရုံးက ထောင်ဒဏ် တစ်နှစ်၊ ခင်ဦး မြို့နယ် တရားရုံးက ထောင်ဒဏ် ၂နှစ်ချမှတ်ထားကြောင်းသိရသည်။

“ တစ်နှစ်အတွင်းမှာ ဖြစ်ပွားတဲ့အမှုတွေကို တစ်ပေါင်းတည်း မစစ်ဆေးတာလည်း ဥပဒမှာ လိုအပ်ချက်တစ်ရပ်ပဲ ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းမကျတာကလည်း နိုင်ငံသားတစ်ယောက်အနေနဲ့ နစ်နာတယ်။ တစ်ပေါင်းတည်းကျခံရမှာပေါ့ဗျာ။ အဲဒီတော့ လူတစ်ယောက်ကို ဥပဒေနဲ့ အညီဆုံးဖြတ်တယ်ဆိုပေမယ့်လို့ အများပြည်သူအမြင်မှာကျတော့ လွဲမှားစရာတွေဖြစ်လာတယ်။ အမှန်ကတော့ ရဲသတင်းတပ်ဖွဲ့က လုပ်ရမယ့် အလုပ်တွေ တပ်မတော်က ဝင်လုပ်နေရတယ်ဆိုတော့ တပ်မတော်အပေါ် အထင်အမြင်လွဲမှားမှုတွေဖြစ်စေနိုင်တာပေါ့။ ပြည်သူလူထုအနေနဲ့ တပ်မတော်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ရေးကို ဆောင်ရွက်နေတဲ့အချိန်မှာ တပ်မတော်က ဒို့ပြည်သူကို စွဲနေတာပဲလို့ ထင်သွားမယ်။ အဲလိုဆိုမကောင်းဘူးပေါ့။ အယူခံတက်ဖို့ကတော့ တိုင်ပင်ထားတာတွေမရှိပါဘူး။ သူလည်းတက်မှာ မဟုတ်ပါဘူး”ဟု ဦးရောဘတ်စန်းအောင်ကဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ ခင်ဦးမြို့နယ်တရားရုံးက ဦးနေမျိုးဇင်ကို ထောင်ဒဏ်၂နှစ် ထပ်မံချမှတ်လိုက်ပြီး ယင်းသို့ချမှတ်မှုသည် မတရားမှု ဖြစ်ကြောင်း ဦးနေမျိုးဇင်က ပြောဆိုသည်။

“ဒီကနေ့မြန်မာနိုင်ငံ အနာဂတ်ရဲ့ ကောင်းချင်းဆိုးချင်း အလားအလာဟာ တပ်မတော် စစ်မှုထမ်းနဲ့ စစ်ဗိုလ်ချုပ် တပ်မတော် ခေါင်းဆောင်တွေရဲ့ ပြည်သူ အပေါ်သစ္စာစောင့်သိမှု မဏ္ဍိုင်အတိုင်းအတာပေါ်မှာ မူတည်ပါလိမ့်မယ်။ မိမိတို့ လက်နက်ကိုင်ထားတဲ့သစ္စာစောင့်သိမှုဟာ အမှန်တရားလို့ခေါ်တဲ့ အမှန် ကိုယ်ကျင့်သီလမှန်ကန်ကောင်းမွန်ချင်နဲ့ တရား တရားမျှတခြင်းကို ခံယူကျင့်သုံးတည်ဆောက်ခြင်းဆိုတဲ့ အမှန်တရားမပါတဲ့ သစ္စာစောင့်သိမှုဟာ ပြည်သူကာကွယ်ရေး တပ်မတော်သားတစ်ယောက်ရဲ့ သစ္စာစောင့်သိမှု မျိုးမဟုတ်ဘူး။ ဓားပြ သောင်းကျန်းသူ ပြန်ပေးဂိုဏ်တစ်ခုရဲ့ သစ္စာစောင့်သိမျိုးပဲဖြစ်လိမ့်မယ်။ အဲတော့ ခိုင်းတဲ့အတိုင်း ခိုင်းတဲ့ အမိန့်အတိုင်းလုပ်တာ သတ္တိမဟုတ်ဘူး။ ခံယူထားတဲ့အမှန်တရားတိုင်းလုပ်ရဲတာမှ သတ္တိလို့ တပ်မတော်သားတွေကို အကြံပေးခဲ့ချင်တယ်။ သတ္တိစစ်စစ်မှန်မှန်ရှိတဲ့ ပြည်သူ့စစ်သားတွေဖြစ်ပါစေ အာဏာရှင်ခိုင်းဖက် ကျွန်ဘဝက အမြန်ဆုံး လွတ်မြောက်ပါစေ ဖွဲ့စည်းပုံအခြေခံဥပဒေလည်း အမြန်ဆုံးပြင်ဆင်နိုင်ပါစေ ကမ္ဘာ့အစိုးရတွေလည်း လက်ရှိမြန်မာနိုင်ငံရဲ့ အာဏာရှင်တွေရဲ့ ဆိုးရွားရက်စက် ယုတ်မာမှုတွေကို ဖော်ထုတ်ပြီးတော့ ကမ္ဘာ့ဥပဒေနဲ့ အညီ အရေးယူနိုင်ပါစေလို့ ကျွန်တော်ပြောခဲ့ချင်ပါတယ်”ဟု ၎င်းကဆိုသည်။

ဦးနေမျိုးဇင်သည် ၂ဝဝ၈ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဟောပြောသည့် ပွဲများတွင် တပ်မတော်အကြီးအကဲများကို သစ္စာဖောက်ဟု ပြောဆိုအတွက် တပ်မတော်အကြီးအကဲ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း၊ တပ်မတော်သားများ၏ စွမ်းဆောင်ရေးလုပ်ချင်ကိုင်ချင်စိတ် ထိခိုက်စေသည်ဟုဆိုကာ တပ်မတော်က ပုဒ်မ ၅၀၅ (က) ဖြင့် မြို့နယ်များတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Photo Credit – Nay Myo Zin Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts