All News Local News Peace

ဖမ်းဆီးထားသော မီးသတ်တပ်ဖွဲ့ဝင် ၁၉ဦးလုံးကို ပြန်လွှတ်ပေးမည်ဟု AA တရားဝင်ထုတ်ဖော်ပြောဆို

ဖမ်းဆီးထားသော မီးသတ်တပ်ဖွဲ့ဝင် ၁၉ဦးလုံးကို ပြန်လွှတ်ပေးမည်ဟု AA တရားဝင်ထုတ်ဖော်ပြောဆို

ရန်ကုန်၊အောက်တိုဘာ ၂၉

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA)က ဖမ်းဆီးခေါ်ဆောင်ထားသော မီးသတ်တပ်ဖွဲ့ဝင် ၁၉ဦးကို မကြာမီ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ ပြန်လွှတ်ပေးနိုင်ခြင်းမရှိသေးကြောင်း AA ပြန်ကြားရေးတာဝန်ခံခိုင်သုခက ပြောဆိုသည်။

ဖမ်းဆီးခံထားရသော မီးသတ်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၁ရက်နေ့က ပြင်ဦးလွင် ဗဟိုမီးသတ်သင်တန်းကျောင်းတွင် အခြေခံမီးသတ်သင်တန်းတက်ရောက်ပြီး မန္တလေးက စစ်တွေသို့ ပြန်လာစဉ် မြောက်ဦးမြို့အရောက်တွင် အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပြန်လွှတ်ပေးဖို့ ရှိပါတယ်။ နယ်မြေလုံခြုံရေးအခြေအနေတွေကြောင့် လတ်တလောပြန်မလွှတ်သေးတာပါ။ ဘယ်တော့လောက် ပြန်လွှတ်မလဲဆိုတာကိုတော့ အတိအကျပြောလို့မရဘူး။ သူတို့ကိုဖမ်းဆီးရတဲ့အကြောင်းအရင်းကတော့ သူတို့သွားတဲ့နယ်မြေမှာ တပ်မတော်နဲ့ ကျွန်တော်တို့ ထိပ်တိုက်တွေ့တာ တွေရှိတယ်။ တပ်မတော်က ဒီလို မီးသတ်ဝတ်စုံတွေနဲ့ လှုပ်ရှားတာတွေ ရှိတယ်လို့ကျွန်တော်တို့ သတင်းရတဲ့အတွက်ကြောင့် ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်တာပါ” ဟု ခိုင်သုခကဆိုသည်။

ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှူး ဦးခင်မောင်ရီက မီးသတ်တပ်ဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်ရေးကို စောင့်မျှော်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ယမန်နေ့က ပြောဆိုထားသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားသူများထဲတွင် အေရှားဝေါဆောက်လုပ်ရေး ကုမ္ပဏီဝန်ထမ်း ၈ဦးလည်း ပါဝင်ကာ ၎င်းတို့သည် ပန်းရံဆရာများနှင့် အရပ်သားပြည်သူများဖြစ်သည့်အတွက် ချက်ချင်းပြန်လည်လွှတ်ပေးခဲ့ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AAတိုက်ပွဲများဖြစ်ပွားလျက်ရှိသောကြောင့် နှစ်ဖက်အဖွဲ့အစည်းကြား သတင်းပေးသူ၊တပ်ဖွဲ့ဝင်ဟုစွပ်စွဲကာ အရပ်သားပြည်သူတချို့ကို ဖမ်းဆီးစစ်ဆေးမှုများရှိပြီး ထိုသို့ ဖမ်းဆီးထားချိန်အတွင်း သေဆုံးမှုများလည်း ရှိနေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts