All News Local News

ပြန်ကြားရေးဝန်ကြီးအဆက်ဆက် ပြည်သူ့ဘဏ္ဍာဖြုန်းတီးနေသလား တရားခွင်တွင် Eleven အယ်ဒီတာချုပ် မေးခွန်းထုတ်

ပြန်ကြားရေးဝန်ကြီးအဆက်ဆက် ပြည်သူ့ဘဏ္ဍာဖြုန်းတီးနေသလား တရားခွင်တွင် Eleven အယ်ဒီတာချုပ် မေးခွန်းထုတ်

ရန်ကုန် အောက်တိုဘာ ၄

ပြန်ကြားရေးဝန်ကြီးဌာနက Eleven သတင်းဌာနကို ၂၀၁၄ ခုနှစ် ကတည်းက တရားစွဲဆိုထားပြီး အောက်တိုဘာလ ၃ ရက်နေ့ရုံးချိန်းတွင် ပြန်ကြားရေးဝန်ကြီးအဆက်ဆက်သည် ပြည်သူ့ဘဏ္ဍာဖြုန်းတီးနေသလားဟု Eleven အယ်ဒီတာချုပ် ဦးကျော်ဇောလင်းက တရားခွင်တွင် မေးခွန်းထုတ်လိုက်ကြောင်းသိရှိရသည်။

Eleven က ပြန်ကြားရေးဝန်ကြီးဌာန၏ ဒေါ်လာတစ်သန်းတန် ပုံနှိပ်စက်ဝယ်ခြင်းအပေါ် တိုင်းပြည်ဘဏ္ဍာနစ်နာကြောင်းရေးသားခဲ့မှုကြောင့် ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်တွင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန် ၅ နှစ် နီးပါးကြာမြင့်လာသည်အထိ အမှုမှာ မပြီးပြတ်သေးကြောင်း၊ အောက်တိုဘာလ ၃ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် အမှုကို စစ်ဆေးခဲ့ပြီး Eleven အယ်ဒီတာချုပ် ဦးကျော်ဇောလင်းက သက်သေ အဖြစ် ထွက်ဆိုခဲ့ကြောင်း၊ ယင်းသို့ သက်သေ ထွက်ဆိုရာတွင် တိုင်းပြည်ဘဏ္ဍာ အမှန်တကယ် နစ်နာနေကြောင်း သက်သေပြသည့်အနေဖြင့် တရားခွင်တွင် မေးခွန်းထုတ်ထွက်ဆိုခြင်းဖြစ်ကြောင်း The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးကျော်ဇောလင်းက ပြောသည်။

ကမ္ဘာ တစ်ဝှမ်း ပုံနှိပ်မီဒီယာလုပ်ငန်းများကျဆုံးနေချိန်တွင် ပြန်ကြားရေးဝန်ကြီး အဆက်ဆက်သည် နိုင်ငံခြားက ဒေါ်လာ၁သန်းတန် ပုံနှိပ်စက်များဝယ်ယူပြီး ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းများလုပ်ကိုင်နေကာ ပုဂ္ဂလိကပိုင် ဒေါ်လာ၅သိန်းတန် ပုံနှိပ်စက်ထက် အရည်အသွေးကောင်းမွန်ခြင်းမရှိသည့်အတွက် ပြည်သူ့ဘဏ္ဍာများ နစ်နာမှုရှိမရှိ မေးခွန်းထုတ်ကြောင်း ဦးကျော်ဇေလင်းကပြောဆိုခဲ့ခြင်းဖြစ်သည်။

“အခုချိန်ထိလည်း ဝန်ကြီး ၄ဆက်ပေါ့။ ၂၀၀၉ခုနှစ် ဦးကျော်ဆန်းလက်ထက်က ဝယ်ခဲ့တဲ့ပုံနှိပ်စက် ၁သန်းကျော်တယ်ဆိုပြီး ကျွန်တော်တို့ရေးခဲ့တယ်။ ဦးအာင်ကြည် ဦးရဲထွဋ် အခုလက်ရှိဒေါက်တာဖေမြင့် လက်ထက်ထိ ကျွန်တော်တို့၂၀၁၈အထိ ပုံနှိပ်စက်ဝယ်ယူမှုတွေ ပြန်ကြားရေးကနေ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းကနေ ဝယ်ယူတာတွေရှိတယ်။ ဝယ်ယူတဲ့နေရာမှာ ပြည်သူ့ဘဏ္ဍာ မနစ်နာရအောင် ကျွန်တော်တို့မီဒီယာကျင့်ဝတ်နဲ့အညီရေးခဲ့တယ်။ ကျွန်တော်တို့ရရှိတဲ့အချက်အလက်ပေါ်မူတည်ပြီးတော့ရေးတယ်။ အခုကမ္ဘာမှာကြည့်လိုက် ဘယ်သတင်းစာမှ အောင်မြင်ပြီးတော့ သတင်းလုပ်ငန်းတွေ အဆင်ပြေတယ်ဆိုတာမရှိဘူး။ သတင်းမီဒီယာတွေတည်းမှာမှ အထူးသဖြင့်ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းတွေကျဆင်းနေတယ်။ print ပိုင်းကျနေတဲ့အချိန်မှာ ဘယ်ပုဂ္ဂလိက မီဒီယာမှဒီအချိန်မှာ ဒေါ်လာသန်းနဲ့ချီတဲ့ပုံနှိပ်စက်တွေကိုမဝယ်ဘူး။ အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကဝယ်တဲ့ပုံနှိပ်စက်တွေနဲ့ ပတ်သက်လို့ရှိရင် ဒီလိုအခြေအနေမျိုးမှာ မဝယ်ယူသင့်ဘူးဆိုတာကို ကြိုတင်ပြီးတော့ထောက်ပြထားတာဖြစ်တယ်။ ကျွန်တော်တို့အိမ်နီးနားချင်းနိုင်ငံတွေမှာပဲကြည့်လိုက် ပုံနှိပ်မီဒီယာ သတင်းစာတွေရပ်နားသွားရပြီ ရပ်နားသွားတဲ့သတင်းစာတွေပဲ ရှိတယ်။ ပုံနှိပ်စက်အသစ်ဝယ်ပြီးတော့ ပုံနှိပ်မီဒီယာထုတ်လုပ်မှုအပိုင်း အားကောင်းနေပါတယ် ဆိုတဲ့နိုင်ငံမရှိဘူး။ ကျွန်တော်တို့လည်းမတွေ့ဖူးဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်းမရှိဘူး။ ဒါကြောင့် ပြည်သူတွေနစ်နာမယ်ဆိုတဲ့ ထောင့်ကနေပြီးတော့ ကျွန်တော်တို့ကရေးခဲ့တာ”ဟု ၎င်းကဆိုသည်။

ဦးသိန်းစိန်သမ္မတမဖြစ်မှီ စစ်အစိုးရလက်ထက် ၂၀၀၉ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်စက်ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းပုံနှိပ်စက်သည် ယူရို ၇၃၅၀၀၀သုံးစွဲ၍ ဝယ်ယူခဲ့သောပုံနှိပ်စက်ဖြစ်ကြောင်း ထိုကာလတွင် မြန်မာနိုင်သည် စီးပွားရေးပိတ်ဆို့မှုရှိသည့်အတွက် အမေရိကန်ဒေါ်လာနှင့် မပေးချေဘဲ ယူရိုဖြင့်ပေးဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုခေတ်ကာလတွင် ၁ယူရိုလျှင် အမေရိကန်ဒေါ်လာ ၁ သမ ၃၆ဒေါ်လာပေါက်ဈေးရှိကြောင်း ဦးကျော်ဇောလင်းကဆိုသည်။

“ဝန်ကြီးဒေါက်တာဖေမြင့်ကိုလည်း ကျွန်တော်ပြောချင်တယ်။ သူသည်ပုံနှိပ်လုပ်ငန်းကောင်းကောင်းသိတယ်။ ဝန်ကြီးဆိုရင်ရောဝယ်မလား။ ကိုယ့်ပိုက်ဆံနဲ့ဆိုဝယ်ကြမလား။ ကျွန်တော်ကိုယ်တိုင်လည်းအခွန်ထမ်းနေတဲ့ပြည်သူတစ်ယောက်ပါ ဒီဘဂျတ်ငွေတွေအလေအလွင့်မဖြစ်အောင်ကျွန်တော်တို့ကစေတနာနဲ့ပြောနေတာဖြစ်တဲ့အတွက် ဒီရပ်တည်ချက်နဲ့ပဲကျွန်တော်တို့က ရင်ဆိုင်လာခဲ့တယ်။ ဒီအမှုကတော်တော်လည်းကြာပြီ မဆိုင်တဲ့သူတွေကိုလည်း ဒီအမှုထဲထည့်စွဲထားတယ်။ ဦးရဲထွဋ်လက်ထက်က စွဲထားတဲ့အမှုအခုထိမပြတ်သေးဘူး။ ဒါပေမယ့်ကျွန်တော်တို့ကပြည်သူ့ဘဏ္ဍာ နစ်နာနိုင်တယ်ဆိုတဲ့အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ကမဝယ်သင့်ဘူး။ မဖြစ်သင့်ဘူး။ စိစစ်သင့်တယ်။ ချွေတာသင့်တယ်။ ဒီလိုအခြေအနေမျိုးမှာဒါကိုပြောတာ ဒီလိုအခြေအနေမျိုးမှာ သေသေချာချာ မစိစစ်မချိင့်ချိန်ဘဲ ဗုံးပေါလအောလုပ်တာကို အစိုးရတာဝန်ရှိသူတွေ သမ္မတ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ လက်ခံမယ်လို့ကျွန်တော်မထင်ဘူး”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

အမှုရုံးချိန်းကို လာမည့်အောက်တိုဘာလ ၁၇ရက်သို့ပြန်လည်ချိန်းဆိုခဲ့ပြီး အဆိုပါရုံးချိန်တွင် Eleven က အစိုးရဝန်ကြီးဌာနအချို့၏ ဘတ်ဂျတ်အရှုံးပေါ်နေသည့်စာရင်းများနှင့် ပုံနှိပ်စက်နှင့်ပတ်သက်သည့် စာရွက်စာတမ်းအထောက်အထားများအား တရားရုံးသို့ထပ်မံတင်ပြသွားရန်ရှိကြောင်း သိရှိရသည်။

Photo Credit – Eleven

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts