Local News political news

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် အငြင်းပွားဖွယ်အရပ်ဆန်ဆန် စကားများ

ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် အငြင်းပွားဖွယ်အရပ်ဆန်ဆန် စကားများ

By ရန်ကုန်ခေတ်သစ်

ယခင် ကြံ့ခိုင်ရေးပါတီ အစိုးရဖြစ်စဉ်ကလည်း ပါးရိုက်အုန်းမြင့်၊ တရုတ်ကို ကြောက်နေရတယ်၊ ထမင်းတစ်နပ် လျှော့စား အစရှိသဖြင့် ကာလဒေသနှင့် မကိုက်ညီသော စကားများပြောဆို၍ အများပြည်သူများ ဝိုင်းဝန်း ရှုတ်ချခဲ့ရသော အစိုးရဝန်ကြီးများ ရှိခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင်လည်း ယင်းကဲ့သို့သော ဝန်ကြီးတချို့၊ ဝန်ကြီးချုပ်တချို့ ရှိနေသည်။

ယင်းအထဲတွင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းလည်း ပါဝင်ပြီး သူသည် မကြာခဏဆိုသလို အရပ်ဆန်ဆန် စကားများ ပြောဆိုလေ့ရှိကြောင်း NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာသည့် ဦးဝင်းသိန်း သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားဒီမိုကရေစီ ပါတီ၏ ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်သည်။

ဗုဒ္ဓဘာသာဝင်၊ ဗမာလူမျိုးဖြစ်ပြီး အသက် ၅၆ နှစ် အရွယ်ရှိ ဦးဝင်းသိန်း သည် ပညာအရည်အချင်း အားဖြင့် B.E (Mechanical) နှင့် A.G.T.I (Machine Tools) ဖြင့် ဘွဲ့ရရှိထားသူဖြစ်သည်။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး မိဘနှစ်ပါးဖြစ်သည့် ဦးစို နှင့် ဒေါ်သန်းကျင် တို့မှာလည်း တောင်သူလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ဇနီးဖြစ်သူ မှာ ဒေါ်စန်းစန်းမော် ဖြစ်ပြီး မောင်ဆက်ဝင်းမာန် အမည်ရှိ သားတဦး ရှိသည်။

ဝန်ကြီးချုပ်ဖြစ်ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ဒေသခံတချို့ ၏ ရာထူးမှ နုတ်ထွက်ပေးရေး ဆန္ဒပြမှုများကို ကြုံတွေ့ခဲ့ရသူလည်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဌာနများတွင် ဖော်ပြပါရှိသော လက်လှမ်းမီသည့် သူ၏ အငြင်းပွား စကားများကို ပြန်လည် တင်ပြ ပေးလိုက်ပါသည်။

လတ်တလော ရေပန်းအစားဆုံး သူ၏ စကားမှာ အောက်တိုဘာ ၅ ရက်နေ့ ၊ ပဲခူးတိုင်းဒေသကြီး၊ ဒမငယ်သစ်ချိုခြံ၊ လူထုတွေ့ဆုံပွဲတွင် ကျေးရွာ လူထက ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမများ နေထိုင်ရေးနှင့်ပတ်သက်၍ တင်ပြရာတွင် ပြောဆိုခဲ့သော စကားဖြစ်သည်။

ပညာရေးဝန်ထမ်းများအတွက် အိမ်ရာ မဆောက်လုပ်ပေးနိုင်သေးကြောင်း အဖြေပေးရန် ပြောဆိုစဉ် ပြောဆိုခဲ့သော ယင်းစကားကြောင့် လတ်တလော အကြီးအကျယ် ဝေဖန်ခံနေရသည်။

“ဝန်ထမ်းအိမ်ရာ မရှိတာကောင်းတယ်၊ ဆရာ၊ ဆရာတွေ ရပ်ထဲ ရွာထဲ နေတော့ ဒီက ရွာသူရွာသားတွေနဲ့ အိမ်ထောင်ကျ၊ အဲဒါမှ ပြန်ပြောင်းမသွားမှာ ပြန်ပြောင်းသွားရင် ဝန်ထမ်းလိုအပ်ချက်ရှိပြီ။လူငယ်လေးတွေကလည်း ဆရာမတွေကို ရည်းစားစကားလိုက်ပြောကြ၊ ဒါမှ ရွာမှာ မြဲမှာ” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက အခမ်းအနားတစ်ခုတွင် ဝန်ကြီးချုပ်က ဒေသခံများနှင့်တွေ့ဆုံစဉ် “နဂါးနီသီချင်းဆိုလို့ မချမ်းသာဘူး။ ခွပ်ဒေါင်းနဲ့မှ ချမ်းသာမှာ” ဟု ပြောဆိုခဲ့ပြီး ယင်းပြောဆိုမှုက သီချင်းကိုပါ ပြောင်းလဲသီဆိုသင့်သည်ဆိုသော လူမှုကွန်ရက်မှ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သေးသည်။

ယခုနှစ်အတွင်း ပဲခူးရေကြီးစဉ် သွားရောက် စစ်ဆေးမှုများ လုပ်ဆောင်သည့် အချိန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းအား ထွေ/အုပ် ဝန်ထမ်းတစ်ဦးက အသက်ကယ်ဝတ်စုံ(Life Jacket) ဝတ်ဆင်ရန်ပြောဆိုမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ “ငါ့အတွက်မလိုဘူး ငါသေရင် သေပါစေ ပြည်သူတွေကို ပေးလိုက်ပါ” ပြန်လည် တုံ့ပြန်ခဲ့သည်။ ယင်းသို့ ပြောဆိုမှုကြောင့် လူမှုကွန်ရက်တွင် ဝေဖန်မှုအမြင့်ဆုံး ခံခဲ့ရပြန်သည်။

“စင်ကာပူလိုကျော်အောင်လုပ်ပေးမယ်” ဆိုသော စကားသည်လည်း ပဲခူးတိုင်းအတွင်းရှိ ကျေးရွာတစ်ခုသို့ ကွင်းဆင်း စစ်ဆေးစဉ် ဒေသခံများ၏ တင်ပြချက်ကို နားထောင်ပြီးနောက် ပြောဆိုခဲ့ပြန်ရာ ယင်းပြောဆိုမှုမှာလည်း လူမှုကွန်ရက်တွင် အပေါက်ဆုံး စကားတစ်ခွန်းဖြစ်ခဲ့ပြန်သည်။

စဉ့်လုပ်ငန်းရှင်များ က ပြုလုပ်သည့် အခမ်းအနားတစ်ခု တက်စဉ်တွင်လည်း စဉ့်လုပ်ငန်းရှင်များ နယူးကလီးယားဓာတ်ပေါင်းဖို့ထုတ်လုပ်နိုင်ရန် ကြိုးစားကြပါ ပြောဆိုခဲ့ရာ ယင်းပြောဆိုမှုကြောင့် ဟာသတစ်ခုအဖြစ် ပြည်သူများအကြား ရေပန်းစားခဲ့ပြန်သည်။

၂၀၁၈ ခုနှစ် ရှစ်လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနားကို ပဲခူးတွင် ကျင်းပစဉ် ပဲခူးတိုင်းဝန်ကြီးချုပ် တက်ရောက် မိန့်ခွန်းပြောခဲ့ပြီး ယင်းသို့ မိန့်ခွန်းပြောစဉ် ” အဲဒီအချိန်ကာလက ကျောင်းသားတွေကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့လူတွေရှိခဲ့တယ်။ အဲဒါကတော့ ကွန်မြူနစ်တွေပဲ” ဆိုပြီး ပြောဆိုခဲ့ရာ နိုင်ငံရေးသမားများနှင့် ကျောင်းသားခေါင်းဆောင်များ ဒေါပွခဲ့ကြသည်။

အခြားသော စကားများဖြစ်သည့် ” Face book ဆိုတာမသုံးဘူး
သတင်းစာတောင် ကိုယ့်ရှေ့ရောက်မှယူဖတ်တာ”၊ “ဈေးရောင်းမကောင်းရင် အိပ်နေ အိပ်ရေးဝတယ် ။ ဒါမှမဟုတ် အမျိုးသမီးဈေးသည် တွေအနေနဲ့ ဈေးမရောင်းရရင် အတင်းပြောကြ၊ အချင်းချင်း သန်းရှာနေကြ” ဆိုသော စကားများ အပါအဝင် မြောက်မြားစွာသော အရပ်စကားများကို သူ ပြောဆိုခဲ့သဖြင့် လူမှုကွန်ရက်တွင် မကြာခဏဆိုသလို အဝေဖန်ခံခဲ့ရဆုံး ဝန်ကြီးချုပ် တစ်ပါး အဖြစ် ရပ်တည်နေသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဒေါက်တာမျိုးညွန့်ကမူ NLD ပါတီအနေဖြင့် လတ်တလော ပဲခူးတိုင်းဝန်ကြီးချုပ်၏ ကျောင်းဆရာမများနှင့်ပတ်သက်သော ပြောစကားအပေါ် အရေးယူရန် ရှိ၊ မရှိ မပြောနိုင်သေးဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com