All News Local News

နော်အုန်းလှ နှင့် ကရင်လူငယ် ၂ ဦး ရုံးထုတ် ဝန်းရံသူ ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ရဲက အမှုဖွင့်

နော်အုန်းလှ နှင့် ကရင်လူငယ် ၂ ဦး ရုံးထုတ် ဝန်းရံသူ ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ရဲက အမှုဖွင့်

ရန်ကုန်၊ အောက်တိုဘာ ၃

ရန်ကုန်မြို့တွင် ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပခြင်းကြောင့် ပုဒ်မ ၂၀ ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသော ဒေါ်နော်အုန်းလှ နှင့် ကရင်လူငယ် ၂ ဦးတို့၏ တရားရုံးထုတ်ကို ဝန်းရံသော နော်လားရီုးထူး ၊ မစိန်ထွေးနှင့် မဇာခြည်လင်းတို့ကို ကျောက်တံတားမြို့နယ်ရဲစခန်းက ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ကျောက်တံတားမြို့နယ်ရဲစခန်းက ရုံးထုတ် ဝန်းရံသူ ၃ ဦးကို ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားကြောင်း ဖုန်းဆက်အကြောင်းကြားပြီး ထွက်ဆိုချက် ပေးရန် ပြောဆိုကြောင်း ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံရသူ မစိန်ထွေးက ပြောသည်။

“ ဒီနေ့ ၁၁ နာရီခွဲက ရဲမှူးက ဖုန်းဆက်တယ်။ ပုဒ်မ ၁၉ နဲ့ တရားစွဲထားတယ်။ ဘယ်မှာနေလဲ မေးတယ်။ သူတို့ ဒီညနေ လာမယ်ပြောတော့ ကျမက မလာနဲ့ ။ ကျမ ခရီးသွားနေတယ်လို့ ပြောလိုက်တယ်။ အဓိက အန်တီ ဒေါ်နော်အုန်းလှနှင့် ကရင်လူငယ် ၂ ယောက်ကို ဝန်းရံတာ ပဲ ရှိတယ်။ တရားဝင် စာပို့ ၊ အကြောင်းကြားလို့ ၊ ဖုန်းနဲ့ အကြောင်းမကြားနဲ့ ၊ ကျမတို့ ရုံးကျတော့ တံခါးသော့ခတ်ထားတယ် ။ ကျမတို့ရုံးက လူတွေ ခရီးသွားနေကြတယ်။ ကျမနေတဲ့ အိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောတယ်။ လာအကြောင်းကြားတယ်တဲ့ ။ ဘယ်သူ ဘယ်သူတွေ တရားစွဲဆိုထားလဲ ဆိုတာမေးတော့ ကျမအပါအဝင် နောက်ထပ် ၂ ယောက်ပါ တရားစွဲဆိုထားတယ်လို ပြောတယ်။ ပုဒ်မ ၁၉ နဲ့ စွဲတယ်” ဟု ၎င်းကပြောသည်။

ရုံးထုတ်လာရောက်ဝန်းရံသူများကို တရားစွဲဆိုခြင်းသည် ဖိနှိပ် ၊ အနိုင်ကျင့် ခြိမ်းခြောက်ခြင်းဖြစ်ကြောင်း၊ တရားစွဲဆိုမှုအပေါ် ဥပဒေနှင့် အညီရင်ဆိုင်သွားမည်ဖြစ်ပြီး တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း မစိန်ထွေးက ပြောသည်။

“ ကျမ လုပ်ထားတာ အမှားမရှိဘူး။ ကိုယ်အဖွဲ့ ခေါင်းဆောင်မို့လို သွားဝန်းရံတယ်။ ဝန်းရံတဲ့အတွက် ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုတဲ့အတွက် တရားဥပဒေနဲ့ အညီ ရင်ဆိုင်ဖြေရှင်းမယ်။ တရားရုံးကိုလည်း အယုံအကြည်မရှိတဲ့အတွက် ပူးပေါင်းဆောင်ရွက်မှာ လည်း မဟုတ်ဘူး “ ဟု မစိန်ထွေးက ပြောသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ အရ မည်သူမဆို ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်း မရှိဘဲ စုဝေးခြင်း ( သို့မဟုတ်) စီတန်းလှည့်လည်ခြင်း ပြုကြောင်း ၊ ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ၊ မဟာဗန္ဓုလပန်းခြံ တွင် (၆၉ ) နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကျင်းပမှုဖြင့် ဒေါ်နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးတို့ကို ငြိမ်းစုစီ ဥပဒေပုဒ်မ – ၂၀ ဖြင့် ထောင်ဒဏ် ၁၅ ရက် ကျခံရန် ကျောက်တံတားမြို့နယ်တရားရုံးက ယမန်နေ့က ပြစ်ဒဏ်အမိန့်ချမှတ်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts