All News Local News

နေပြည်တော် ဗစ်တိုးရီးယားအမှု ၈ ကြိမ်မြောက် ရုံးချိန်းအထိ သံသယ အောင်ကြီးနှင့်ပတ်သက်၍ အပြစ်ရှိကြောင်း သက်သေ ထွက်ဆိုချက် မပေါ်ပေါက်သေး

နေပြည်တော် ဗစ်တိုးရီးယားအမှု ၈ ကြိမ်မြောက် ရုံးချိန်းအထိ သံသယ အောင်ကြီးနှင့်ပတ်သက်၍ အပြစ်ရှိကြောင်း သက်သေ ထွက်ဆိုချက် မပေါ်ပေါက်သေး

ရန်ကုန်၊ အောက်တိုဘာ ၁၀

နေပြည်တော် ၊ Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော ဗစ်တိုးရီးယားအမှုတွင် သံသယတရားခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံရသော ကိုအောင်ကြီးနှင့်ပတ်သက်၍ အောက်တိုဘာ ၉ ရက်နေ့ ၊ ၈ ကြိမ်မြောက် ရုံးချိန်းအထိ တရားခံအဖြစ် အပြစ်ရှိကြောင်း သက်သေထွက်ဆိုချက် မပေါ်ပေါက်သေးကြောင်း သံသယတရားခံ အောင်ကြီး၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောဆိုလိုက်သည်။

“ ဒီနေ့ ရုံးချိန်းမှာ သုံးသပ်ချက်ကတော့ အမှုတစ်ခုမှာ တစ်ဆင့်ပြီး တစ်ဆင့်တိုင်းမှာ တရားလိုဘက်က တရားခံ အပြစ်ရှိကြောင်း သက်သေပြဖို့ တာဝန်ရှိတယ်။ ရုံးချိန်းတိုင်း သူက ပြနေရမယ်။ အရင်ရုံးချိန်းတွေမှလည်း တရားခံ အပြစ်ရှိကြောင်း အချက်အလက်မပေါ်ဘူး။ ပြီးခဲ့တဲ့ ရုံးချိန်းမှာလည်း တရားခံအပြစ်ရှိကြောင်း အချက်အလက် မပေါ်တဲ့အပြင် တရားခံ အပြစ်မရှိကြောင်း ၊ ကာယကံရှင် ( ကလေးမလေး) က ထွက်ဆိုထားတာလေ။ အခုက တရားခံအဖြစ် အပြစ်ရှိကြောင်း အတိအကျ ပြောဆိုချက်မရှိဘူးး။ အပြစ်ရှိကြောင်း ဘယ်သူမှ သက်သေထွက်ဆိုချက် မရှိဘူး။ ကိုအောင်ကြီးအပေါ်မှာ အပြစ်ရှိကြောင်း သက်သေထွက်ဆိုချက် မရှိဘူး “ ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ယမန်နေ့ ၈ ကြိမ်အဖြစ် ရုံးချိန်းစစ်ဆေးမှုတွင် ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် ၏ ယောင်္ကျား ၊ ဒု ရဲအုပ် ရန်နောင်စိုး အပါအဝင် Wisdom Hill ကျောင်းကားယာဉ်မောင်း နှစ်ဦးတို့အား စစ်ဆေးမေးမြန်းခဲ့ကြောင်း ၊ ကိုအောင်ကြီးအား အာမခံပေး၊ မပေး ကို လာမည့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီနေ့က ဒေါ်ဥမ္မာလှိုင်ရဲ့ အမျိုးသား ဒု ရဲအုပ် ရန်နောင်စိုး ကို စစ်တယ်။ ဒု ရဲအုပ် ရန်နောင်စိုးကတော့ ကိုအောင်ကြီး မောင်းတဲ့ ကားပိုင်ရှင် အနေနဲ့ ထွက်ဆိုတယ်။ ကိုအောင်ကြီးကို ဘယ်နေ့က အလုပ်ခန့်တယ်။ နောက်နေ့ကျတော့ ကိုအောင်ကြီးကို ဘယ်ခေါ်သွားပြီး ဘယ်ကို ပြတယ် ။ သိပ်တော့ ထူးခြားမှု မရှိဘူး။ ကားမောင်းသမား ၂ ယောက်ကလည်း ဖြစ်တဲ့နေ့က ကားပျက်တော့ နဂိုကားမောင်းသမားကို စစ်တယ် ။ ဖြစ်တဲ့ နေ့က ပြောင်းသွားတဲ့ ဗစ်တိုးရီးယားလေးကို လိုက်ပို့ရတဲ့ နောက်ကား ၊ အဲ့နှစ်ခု ပါပဲ ။ ဒီနေ့က ကိုအောင်ကြီးနှင့် ပတ်သက်ပြီး ငြိစွန်းတာ ၃ ယောက်စလုံး ထွက်ဆိုမပေးနိုင်ဘူး။ ပြီးတော့ အမှုနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား မရှိဘူး။ အာမခံကိစ္စလည်း ကျနော်တို့ လျှောက်လဲချက် ပေးတယ်။ ဥပဒေအရာရှိကတော့ ကန့်ကွက်တယ်။ ဒီနေ့ လျှောက်လဲချက်ကို နှုတ် ၊ စာကော ရေးသားပါတယ်။ လာမည့် ၂၃ ရက်နေ့မှ အာမခံပေး ၊ မပေး ဆုံးဖြတ်မှာ ။ ဒီနေ့ ရုံးချိန်းမှတော့ အာမခံ နုတ်မယ် ၊ မနုတ်ဘူး ကိစ္စ ၊ နောက်တစ်ခု ဒု ရဲအုပ် အောင်နိုင်စိုး စစ်တဲ့အကြောင်း ၊ သူက ကားပိုင်ရှင်အနေနဲ့ လာအစစ်ခံတယ်။ ကျန်တဲ့ ကားမောင်းသမား နှစ်ယောက်ကလည်း အဲ့နေ့ ကားပျက်တဲ့အကြောင်း လာပြောပြတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

နေပြည်တော် ဗစ်တိုးရီးယားအမှုတွင် စွပ်စွဲခံရသူ ကိုအောင်ကြီးသည် တရားခံ မဟုတ်ပါက ရဲတပ်ဖွဲ့အနေဖြင့် အပြည့်အဝတာဝန်ခံရမည်ဖြစ်ကြောင်း စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သော သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုထားသည်။

နေပြည်တော်ဒက္ခိဏသီရိ ခရိုင်တရားရုံးတွင် ဗစ်တိုးရီးယားအမှုကို စစ်ဆေးနေသည်မှာ ရုံးချိန်း ၈ ကြိမ်ရှိနေပြီး လာမည့် အောက်တိုဘာ ၂၃ ရက်နေ့တွင် ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com