interview Peace political news

“ဒေါ်အောင်ဆန်းစုကြည် အစိုးရက ဘယ်လောက်ပဲ အဆင်ပြေပြေ စစ်တပ်က မအိုကေဘူးဆိုရင် အဲဒါပွဲပျက်ရော အကုန်လုံး ဆွေးနွေးထားသမျှတွေအကုန်လုံးဒါ ပျက်ပြီ “

“ဒေါ်အောင်ဆန်းစုကြည် အစိုးရက ဘယ်လောက်ပဲ အဆင်ပြေပြေ စစ်တပ်က မအိုကေဘူးဆိုရင် အဲဒါပွဲပျက်ရော အကုန်လုံး ဆွေးနွေးထားသမျှတွေအကုန်လုံးဒါ ပျက်ပြီ “

By မိုးယံခ/ ရန်ကုန်ခေတ်သစ်

ရခိုင်တပ်မတော် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့်ဆက်သွယ်မေးမြန်းချက်

လတ်တလော ရခိုင်ပြည်နယ် ဖြစ်ပွားနေသော တိုက်ပွဲများ၏ အခြေအနေ၊ ငြိမ်းချမ်းရေး အလားအလာများနှင့်ပတ်သက်ပြီး ရခိုင်တပ်မတော် AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကျိုင်းတုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအခြေအနေကဘယ်လိုရှိလဲ။

ဖြေ။ ။ ဆွေးနွေးပွဲကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းတဲ့အဖွဲ့တွေက ညှိနှိုင်းနေကျတယ်ဗျ။ ဘယ်အဆင့်ထိရောက်နေပြီလည်းဆိုတာကတော့ လောလောဆယ်လည်း ကျွန်တော်တော့ အသေအချာမပြောနိုင်သေးဘူးဗျ။

မေး။ ။ကျိုင်းတုံဆွေးနွေးပွဲကဖြစ်နိုင်ပါ့မလား။ တိုက်ပွဲတွေကပြင်းထန်နေတော့…။

ဖြေ။ ။ တကယ်စိတ်ရင်းစေတနာရှိရင်တော့ ဆွေးနွေးပွဲကဖြစ်နိုင်တာပေါ့။ ကျွန်တော်တို့ဒီ ညီနောင်မဟာမိတ် သုံးဖွဲ့ ဖက်ကတော့ ကျွန်တော်တို့က ဆွေးနွေးပွဲတွေပိုပြီးတော့ အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်အောင်ဆိုပြီးတော့ လွန်ခဲ့တဲ့ စက်တင်ဘာလ ၉ရက်နေ့ကစပြီးတော့ ကျွန်တော်တို့ ထိုးစစ်တွေကို ရပ်တန့်ထားတာပေါ့။ ကျွန်တော်တို့ဘက်က အဲလိုရပ်တန့်သလို မြန်မာစစ်တပ်ဘက်ကလည်းပဲ သူတို့အခုလုပ်နေတဲ့ ထိုးစစ်တွေကို ရပ်တန့် လိုက်မယ်ဆိုရင်တော့ တစ်ဦးနဲ့ တစ်ဦးယုံကြည်မှုတွေတည်ဆောက်တဲ့အခါ ပိုမိုပြီးတော့ကောင်းလာမှာပေါ့။
အခုတိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ဟာက မြန်မာစစ်တပ်ဖက်က ထိုးစစ်တွေကို မရပ်ဘဲနဲ့ ဆက်ပြီးတော့ အင်အားအလွန်အကျွံသုံး ထိုးစစ်ဆင်တဲ့အတွက်ကြောင့် မို့လို့ တိုက်ပွဲတွေက ဆက်ဖြစ်နေတာ တကယ်လို့ မြန်မာစစ်တပ်က သူတို့ရဲ့ ထိုးစစ်တွေကို ရပ်တန့်လိုက်မယ် ဆိုရင်တော့ မြေပြင်မှာ အခုဖြစ်နေတဲ့တိုက်ပွဲတွေ အများကြီး ရပ်တန့်သွားမယ့် အနေအထားရှိတယ်။

ကျွန်တော်နောက်တစ်ခုပြောချင်တာကတော့ တိုက်ပွဲတွေ ဘယ်လောက်ပဲရှိနေရှိနေ ကျွန်တော်တို့ ဒီတိုက်ပွဲတွေရှိနေလို့ပဲ ပြဿနာတွေရှိနေတယ် တိုက်ပွဲတွေရှိနေတယ်။ အဲတာကြောင့်မို့ ကျွန်တော်တို့မလွဲမသွေ ဆွေးနွေးကျရမှာပေါ့။ နိုင်ငံတိုင်းမှာပဲ ဘယ်နေရာမှာမဆိုပြန်ပြီးတော့ ကြည့်လိုက်ပါ ဆွေးနွေးရင်းတိုက် တိုက်ရင်းဆွေးနွေးပေါ့။ အဲလိုအနေအထားမျိုးရှိတယ်။ ဒါပေမယ့်လို့ တိုက်ပွဲတွေကို ရပ်ထားပြီးတော့ ဆွေးနွေးလို့ရှိရင်တော့ နှစ်ဖက်ကြားမှာပိုပြီးတော့ အဆင်ပြောနိုင်တာပေါ့။ တစ်ဖက်နဲ့တစ်ဖက် အသေအကျေ တိုက်တာထက် နှစ်ဖက်ကြားမှာ တိုက်ပွဲတွေကိုရပ်ပြီးတော့ ဆွေးနွေးတဲ့အနေအထားကို မြန်မာစစ်တပ်က ဖန်တီးမယ်ဆိုရင်တော့ ဒါပိုပြီးတော့ အဆင်ပြေနိုင်တာပေါ့။

မေး။ ။ ဟိုတစ်နေ့က ရန်ကုန်ခေတ်သစ်နဲ့ အင်တာဗျူးမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက AA တပ်ဖွဲ့ဝင် ၁၅ဝကျော်ကျဆုံးတယ်လို့ပြောတယ်။အဲဒါ တကယ်လား..။

ဖြေ။ ။ ဒါကတော့ ပြောမယ်ဆိုရင် သူတို့ဖက်နေပြီးတော့ အခြေအမြစ်မရှိ ပြောတဲ့ဟာ မျိုးပဲဖြစ်မယ်ဗျ။ သူတို့ဖက်ကနေပြီးတော့ ကျဆုံးမှုတွေများနေတဲ့ဟာကို ဖုံးဖိဖို့အတွက်အဲလို ကြိုးပမ်းဖို့ ကြိုးပမ်းချက်တစ်ရပ်လို့ပဲမြင်တယ်။ ဒီနေ့မနက် ကျွန်တော်တို့ထုတ်ပြန်ချက်ထဲမှာလည်း ကိန်းဂဏန်းအသေအချာ ထည့်ထားတာရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ အောက်တိုဘာ ၁၁ရက်ကနေ ၁၆ရက်နေ့ထိ ၅ရက်တာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာတော့ ဗမာစစ်တပ်ဖက်နေပြီးတော့ တပ်ရင်းမှူးလို့ယူဆရတဲ့ အရာရှိကြီးအဆင့်တွေအပါအဝင် ၄၁ ဦးကျဆုံးတာရှိတယ်။ နောက်ဒဏ်ရာရတဲ့သူတွေလည်း တော်တော်များများရှိတယ်။

ဘာကြောင့်လဲဆိုရင် သူတို့က ထိုးစစ်ဆင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ အကျအဆုံးများတာ ဒါကတော့ စစ်ရေးမှာတော့ သဘာဝပဲလို့ပြောလို့ရတယ်။ နောက်တစ်ခုရှိတာက ဒီတိုက်ပွဲတွေကြားထဲမှာ ကျွန်တော်တို့ဘက်ကလည်းထိခိုက်ကျဆုံးမှုတချို့တော့ရှိတာပေါ့။ အဲဒါကြောင့်မို့ ကျွန်တော်တို့ကဒီတစ်ဖက်နဲ့ တစ်ဖက်ကြားမှာ ပိုပြီးတော့ တကယ်ငြိမ်းချမ်းရေးကို ရဖို့ဆိုရင်တော့ အခုဖြစ်နေတဲ့ ထိုးစစ်တွေကိုတော့ဒါ ရပ်တန့်ဖို့လိုတယ်။

ကိုယ့်ဖက်က အကျအဆုံးများပြီးတော့ ဒီမခံချင်စိတ်တွေနဲ့နေပြီးတော့ တစ်ဖက်နဲ့ တစ်ဖက်ကြားမှာ အမုန်းပွားမယ့် စကားမျိုးတွေကို မပြောဖြစ်ဖို့တော့လိုတာပေါ့။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဝင်းဇော်ဦးတို့ပြောတာရှိတယ်။ သတင်းထောက်တစ်ယောက်ကမေးတယ်။ အဲဒီမှာဒီလက်နက်ကြီးတွေနဲ့ပစ်တယ်ပေါ့။ ဗမာစစ်တပ်ဖက်ကနေပြီးတော့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။

ဒီဟာတွေကနေပြီးတော့ ရမ်းသမ်းပစ်တာ အဲလိုမေးတဲ့အခါကျတော့သူက ဘာပြောလည်းဆိုတော့ လက်နက်ကြီးနဲ့ ပစ်တာတော်သေးတာပေါ့။ ကျွန်တော်တို့က လေယာဉ်နဲ့တောင် ဗုံးကြဲဖို့ဆိုတာအဲတာမျိုး အဲလိုမျိုး ကလေးကုလားဆန်တဲ့ သူတို့ရဲ့ဒေါသကို ထိန်းမနိုင်ချုပ်မနိုင် အဲလိုမျိုးပြောတဲ့ဟာတွေရှိတယ်။ ဒီဟာတွေကပြောမယ်ဆိုရင်တော့ လူကြီးလူကောင်းမဆန်ဘူးပေါ့ဗျာ။ အဲတာမျိုးတွေဆိုရင်ဒါ အမုန်းပွားစေတဲ့ စကားမျိုးတွေဖြစ်တယ်။ အဲတာကြောင့်မို့ ကျွန်တော်တို့ကတော့ အဲဒီကိစ္စမျိုးတွေကို နှစ်ဖက်လုံးက ရှောင်ရှားဖို့လိုတာပေါ့။

မေး။ ။ AAဖက်က ထိခိုက်ကျဆုံးမှု စာရင်းကိုကော ထုတ်ပြန်သွားဖို့ရှိလား။

ဖြေ။ ။ ကျွန်တော်တို့ကတော့ အခါအားလျော်စွာ ထုတ်ပြန်တာရှိတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့က ဒီကိစ္စက ကိန်းဂဏန်း အတိအကျတော့ ထုတ်ပြန်ဖို့မရှိသေးဘူး။

မေး။ ။ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်ဖက်က စစ်ရာဇဝတ်မှုတွေကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာ အဖွဲ့အစည်းကိုတင်မယ်ဆိုတာက ဘယ်လိုပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကျွန်တော်တို့ ဗမာစစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်လို့ရထားတဲ့ အထောက်အထား အခိုင်အမာရထားတဲ့ ဟာတွေဟူသမျှကို အခုရှိတဲ့ UN Fact Finding Mission (FFM) အပါအဝင် တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိန်ဆက်ဆောင်ရွက်နေတာရှိတယ်။

တချို့ဟာတွေက ကျွန်တော်တို့ပို့ပြီးသွားပြီဗျ နှစ်ရက်သုံးရက်လောက်မှာ ဥပမာ ရွှေလိုင်ရွာထဲမှာ လက်နက်ငယ်တွေနဲ့ နေပြီးတော့ သူတို့ရွာသားတွေကို ပစ်ခတ်သတ်ဖြတ်တဲ့အတွက်ကြောင့်မို့လို့ အဲမှာ ရွာသားတစ်ယောက်သေပြီးတော့ နောက်တစ်ဦး ဒဏ်ရာရသွားတာရှိတယ်။ နောက်ပြီးတော့ ဘူးသီးတောင်ဖက်မှာလည်းပဲ ရခိုင်ရွာတင်မကဘူး။ သူတို့ မွတ်စလင် ရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိပစ်တာရှိတယ်။ ဒီဟာတွေကပြောမယ်ဆိုရင် ရွာသားတွေကို သေစေလိုတဲ့ ဆန္ဒတင်မကဘူး။

လူမျိုးရေး အဓိကရုဏ်းတွေ မဖြစ်ဖြစ်အောင် ဗမာစစ်တပ်က ဖန်တီးနေတာ ဒီဟာတွေကိုလည်း ကျွန်တော်တို့ အထောက်အထား အခိုင်အမာနဲ့ ရွာသားတွေကို အင်တာဗျူးတွေအသေအချာလုပ်ပြီးတော့ကျွန်တော်တို့စုဆောင်းပြီးတော့မှ နိုင်ငံတကာကသိအောင်တင်ပြဖို့ အတွက်လုပ်နေတာရှိတယ်။

မေး။ ။ ဒါတွေကို ပြည်သူတွေကိုချပြသွားဖို့ရှိလား။

ဖြေ။ ။ ဒီဟာကတော့ ကျွန်တော်တို့ အချိန်အတိုင်းအတာတစ်ခုမှာ ထုတ်ပြန်သင့်ရင်လည်းထုတ်ပြန်မှာပေါ့။

မေး။ ။ ငြိမ်းချမ်းရေးအလားအလာကဘယ်လိုရှိလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးအလားအလာကတော့ ပြောမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး တကယ်ရချင်လိုရင်တော့ အခုလက်ရှိရှိနေတဲ့ မြန်မာစစ်တပ်ဟာ အစိုးရထိန်းချုပ်မှုအောက်ကိုရောက်ဖို့လိုတယ်ဗျ။ မြန်မာစစ်တပ်ကိုပြောမယ်ဆိုရင် အစိုးရကထိန်းချုပ်လို့မရဘူး။ ပါလီမန်(လွှတ်တော်) ကလည်း ထိန်းချုပ်လို့မရဘူး။ အဲဒါကြောင့်မို့ အစိုးရက ငြိမ်းချမ်းရေးအတွက် ဘယ်လောက်ပဲ ကြိုးပမ်းကြိုးပမ်းပေါ့။ ဆိုလိုတာကတော့ နိုင်ငံရေးသမားတွေရဲ့ ဦးဆောင်မှုအောင်မှာ စစ်တပ်ကမရှိဘူး။ တိုင်းပြည်မှာနေပြီးတော့ အစိုးရနှစ်ခုလိုဖြစ်နေတယ်။ ဆိုတော့ ကျွန်တော်တို့ကအဲဒါကြောင့်မို့လို့ ကျွန်တော်တို့အခါအားလျော်စွာလည်းပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် တကယ် အစိုးရဖက်နေပြီးတော့ တာဝန်ယူပြီးတော့ ဆွေးနွေးမယ့် အဖွဲ့အစည်းက ဗမာစစ်တပ်လား ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရလား။ အဲဒါကိုမသဲမကွဲဖြစ်နေတယ်။ တချို့ကိစ္စတွေမှာ ကျွန်တော်တို့က NRPC နဲ့ညှိနှိုင်းဖို့အဆင်ပြေပေမယ့် စစ်တပ်နဲ့ထိုင်လိုက်ရင် အကုန်လုံးပွဲပျက်ကုန်ရော ဒီဟာမျိုးတွေမဖြစ်သင့်ဘူး။ ဥပမာ ဖိလစ်ပိုင်တို့ဘာတို့မှာ ငြိမ်းချမ်းရေးရသွားတယ်။ အဲဒီမှာ သူကသမ္မတပြောရင်ပြီးတယ်။

ဖိလစ်ပိုင်မှာ ဒူတာဒေးက အိုကေဆို အိုကေတယ်။ စစ်တပ်ကဘာမှပြောပိုင်ခွင့်မရှိတော့ဘူး။ အခုက ဗမာပြည်မှာ အဲလိုမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ဘယ်လောက်ပဲ အဆင်ပြေပြေ စစ်တပ်က မအိုကေဘူးဆိုရင် အဲဒါပွဲပျက်ရော အကုန်လုံး ဆွေးနွေးထားသမျှတွေအကုန်လုံးဒါ ပျက်ပြီ အဲတာမျိုးတွေဖြစ်နေတယ်။ အဲတာကြောင့် ဗမာပြည်မှာ ငြိမ်းချမ်းရေးရချင်လို့ဆိုရင် အဓိကသော့ချက်ကတော့ ဗမာစစ်တပ်ဟာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကိုရောက်ဖို့လိုတယ်။ ဆိုလိုတာကတော့ နိုင်ငံရေးသမား တိုင်းပြည်ကိုဦးဆောင်နေတဲ့ နိုင်ငံရေးသမားတွေရဲ့ ထိန်းချုပ်မှုအောက်မှာ စစ်တပ်ကနေပြီးတော့ နိုင်ငံရေးဦးဆောင်မှု ခံယူဖို့လိုတယ်။ အခုကနေပြီးတော့ သူတို့ကနေပြီးတော့ နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍမှာ စစ်တပ်ကနေပြီးတော့ ဦးဆောင်ကမယ်ဆိုတဲ့ဟာဖြစ်နေတယ်။ ဒီအတွေးအခေါ်ကိုယ်က တိုင်းပြည်အတွက် အန္တရာယ်ကြီးပေါ့ဗျ။ အဲဒါမျိုးတွေကတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။

မေး။ ။ ဒုတိယအကြိမ်ဆွေးနွေးပွဲလုပ်ဖို့ကို အစိုးရဖက်က ရက်သတ်မှတ်ဖို့ ပြောတာတွေရှိလား။

ဖြေ။ ။ အခုချိန်ထိဘာမှမရှိသေးဘူးဗျ။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ဖြည့်စွက်ပြီးတော့ ပြောချင်တာကတော့ အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ပြည်တွင်းစစ်က နှစ်ပေါင်း၇ဝရှိနေပြီ ။ အဲဒီနှစ် ၇ဝကျော်အတွင်းမှာ ပြည်သူလူထုတစ်ရပ်လုံး အားလုံးကနေပြီးတော့ ဆင်းရဲသွားပြီ ဆိုတော့ ကောင်းစားတဲ့အုပ်စုက စစ်ခေါင်းဆောင်တွေပဲရှိတယ်။ အဲတာကြောင့်မို့လို့ မြန်မာပြည်မှာ တကယ်ငြိမ်းချမ်းရေးရချင်တယ်ဆိုရင်တော့ ဒီစစ်ခေါင်းဆောင်တွေကိုယ်နှက်က သူတို့ရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲဖို့လိုတယ်။ ဆိုလိုတာက တိုင်းပြည်အပေါ်မှာ စေတနာရှိဖို့လိုတယ်။

သူတို့ဒီလောက်ချမ်းသာနေပြီး တိုင်းပြည်ဒီလောက်မွဲပြာကျနေပြီ ဆိုတဲ့ဟာကို သူတို့ကိုယ်နှက်ကလည်းပဲ ဒါငါတို့ကတော့ ဒီလိုမျိုးမတရားမလုပ်သင့်တော့ဘူးဆိုတဲ့ အတွေးအခေါ်မျိုးဖြစ်လာဖို့လိုတယ် တစ်ချက် နောက်တစ်ချက်က အဲလိုသူတို့ဖက်ကမပြောင်းနိုင်ဘူးဆိုရင် ပြည်သူလူထုနဲ့ အစိုးရကပေါင်းပြီးတော့မှ အဲဒီစစ်တပ်ကိုပြောမယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးလုပ်နိုင်ဖို့လိုတယ်။ အတွေးအခေါ်အရကော စစ်တပ်ရဲ့ဖွဲ့စည်းပုံအရပါ ပြောင်းလဲနိုင်ဖို့လိုတယ်။ ဒီစစ်တပ်ကိုမပြောင်းလဲနိုင်ဘူးဆိုရင် မြန်မာပြည်ကငြိမ်းချမ်းရေးရဖို့ဆိုတာကတော့ သိပ်မသေချာဘူးဗျ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com