China Watch interview political news

ဒေါ်လာ ၈ ဘီလီယံ သုံးမယ့် ကူမင်း- မန္တလေး ရထားလမ်း ပဋိပက္ခဖြစ်တဲ့ တိုင်းရင်းသားဒေသတွေ ဖြတ်သန်းမှာမို့ သတိထားရမယ့် စီမံကိန်းလို့ဆို

ဒေါ်လာ ၈ ဘီလီယံ သုံးမယ့် ကူမင်း- မန္တလေး ရထားလမ်း ပဋိပက္ခဖြစ်တဲ့ တိုင်းရင်းသားဒေသတွေ ဖြတ်သန်းမှာမို့ သတိထားရမယ့် စီမံကိန်းလို့ဆို

By ရန်ကုန်ခေတ်သစ်

မူဆယ်- လားရှိုး- မန္တလေး ၊ ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှု အတွက် လုပ်ငန်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ( MOU ) ကို ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာ ၂၂ ရက်နေ့တွင် မြန်မာ့မီးရထား နှင့် CREEC (China Railway Eryuan Engineering Group Co., Ltd.) တို့ လက်မှတ်ရေးထိုးခဲ့ပြီး လေ့လာမှုများ ဆောင်ရွက်လျက်ရှိသည်။ ယင်းရထားလမ်း စီမံကိန်းသည် တိုက်ပွဲများ ဖြစ်ပွားနေသည့် ပဋိပက္ခ ဒေသများသို့ ဖြတ်သန်းသွားရန် ရှိနေရာ သတိထားရမည့် စီမံကိန်းဟု သုံးသပ်မှုများ ရှိနေသည်။ ရန်ကုန်ခေတ်သစ်က ယင်းစီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကို ဆက်သွယ်မေးမြန်းထားသည်။

ဦးခိုင်ဝင်း
ဒါရိုက်တာ၊ သိန္နီအုပ်ချုပ်စီမံမှုအဖွဲ့

BOT ပုံစံနဲ့ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမယ်လို့ သိရတယ်။ ဒီဟာက အစိုးရဘက် ၊ NLD အစိုးရလက်ထက် ပြန်လုပ်တဲ့ဟာ ၊ အရင်တုန်းက  MoU ထိုးခဲ့တယ်။ ပြီးတော့ ပျက်သွားခဲ့တယ်။  အခု ပြန် လက်မှတ်ထိုးပြီးတော့ ဆန်းစစ်လေ့လာမှု ပြန်လုပ်တယ်။ ဒီရထားလမ်းစီမံကိန်းက  ကုန်သွယ်ရေးအတွက် အရေးပါတယ်ဆိုတာ မှန်တယ်။   ကုန်သွယ်ရေးအတွက် အရေးကြီးတယ်။

 ဒီရထားလမ်း အကောင်အထည်ဖော်တဲ့အခါ စနစ်တကျဖြစ်ဖို့ အစိုးရက  စည်းမျဉ်းစည်းကမ်းတွေ လုပ်နေတယ်လို့ မြင်တယ်။ အစပိုင်းရှိတော့ အားနည်းချက်တွေ ဘာတွေ ရှိသလဲဆိုတော့ ကျနော်တို့  ကောင်းကောင်းမသိဘူး။ သို့သော်အားနည်းချက်ကတော့  ဘာဖြစ်နိုင်လဲဆိုတော့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေ ဖြစ်သွားမှာဖြစ်တဲ့အတွက် ဒီစီမံကိန်းကြီး အောင်မြင်ဖို့က  ပဋ္ပိပက္ခ တွေနဲ့ သွားပြီးဆိုင်တယ်။ အထူး သတိထားလုပ်ရမယ့် စီမံကိန်းဖြစ်နေတယ်။  ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားဒေသတွေကို ဖြတ်သွားရမယ်။ လက်ရှိ ဒီနယ်မြေ ပြင်ဦးလွင်မှာ  လာပြီး ပစ်ခတ်မှုတွေ ဖြစ်တယ်။ ဒီလမ်းကြောင်းမှာ ဖြစ်နေတယ်ဆိုတော့ ပိုပြီးဂရုစိုက်လုပ်ရမယ့် စီမံကိန်းဖြစ်တယ်။

 လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ ကုန်သွယ်ဖက်က တရုတ်နိုင်ငံဖြစ်နေတယ်။ မြန်မာနိုင်ငံရဲ့ ပြည်ပနဲ့ ကုန်သွယ်မှု စုစုပေါင်း ၂၆ ဘီလီယံ ဒေါ်လာမှာ ၉ ဘီလီယံဒေါ်လာကျော်လောက်က တရုတ်နိုင်ငံနဲ့ အပြန်အလည်ကုန်သွယ်ရေးပမာဏာ တန်ဖိုး ဖြစ်နေတယ်။ နောက်တစ်ခုက နယ်စပ်ဖြတ်ကျော်ကုန်သွယ်ပြီး သွားတာက တရုတ်နဲ့ ကုန်သွယ်ရေး။ ကျန်တာက ပင်လယ်ကနေ သင်္ဘာ နဲ့ လာတယ်။ ကုန်တင်ကားတွေနဲ့ ပို့တာက ပိုပြီးတော့  များနေတယ်။

မူဆယ် – မန္တလေး ရထားလမ်း  ပိုကောင်းသွားမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံကအဓိကထွက်တဲ့  ပျက်စီးလွယ်တဲ့ ကုန်ပစ္စည်း ၊ စိုက်ပျိုးရေး ထွက်ကုန်တွေ တွေက ပိုပြီး မြန်မြန်ဆန်ဆန် တရုတ်ပြည်အတွင်းထဲအထိ ရောက်သွားနိုင်တယ်လို့ ကျနော် သုံးသပ်တယ်။  ဒီထဲကနေ စိုက်ပျိုးရေးထွက်ကုန်တွေက ဈေးကွက် ကျယ်ပြန့်လာမယ်။ ကုန်စည်သယ်ယူပို့ဆောင်မှု စရိတ်တွေကလည်း  သက်သာသွားမယ်။ အထဲလိုင်းအထိ ပိုပြီး ချိတ်ဆက်နိုင်မယပြပေါ့ ။ အဲဒီလိုအကျိုးစီးပွားတွေ ရှိမယ်။

လမ်းဖောက်တဲ့အချိန်မှာ ပြည်တွင်းက အလုပ်သမားတွေကို သုံးမလား၊ ဘယ်လောက်သုံးမလဲ ။ပြည်တွင်းမှ  ဘာရှိလဲ ၊ ဒီရထားလမ်းဖောက်တဲ့အခါ ၊ ရထားလမ်းဖောက်တဲ့နေရာမှ သုံးမယ် လိုအပ်တဲ့ ပစ္စည်းတွေ  ၊ အဲ့ပစ္စည်းတွေအတွက်  ကျနော်တို့ဆီမှ သွင်းနိုင်တဲ့ဟာ  ရှိနိုင်မလား ၊ ကျောက်လောက်ပဲ သွင်းနိုင်မလား ၊ သူတို့ဆီက အလုပ်သမားတွေကိုပဲ  သုံးမလား ၊ ကျနော်တို့ဆီက အလုပ်သမား ဘယ်လောက်သုံးနိုင်မလဲ ၊ ဒါတွေကတော့  စာချုပ်ကို တွေ့မှ သိရမယ်ဟာတွေ ဖြစ်နေတယ်။  လက်ရှိအစိုးရကတော့ ဒါကို ဂရုစိုက်နေတယ်။ သေချာပြင်ဆင်ပြီးတော့ လုပ်နေတယ်လို့ မြင်တယ်။ စည်းမျဉ်းစည်းကမ်းတွေ ထုတ်တယ်။ လူထုနဲ့ တွေ့ဆုံမှုတွေ လုပ်တယ်။

 ဒေါက်တာ ရန်မျိုးသိမ်း
နိုင်ငံရေးလေ့လာသုံးသပ်သူ

 
မူဆယ် – မန္တလေး ရထားလမ်း အကောင်အထည်ဖော်လာမယ်ဆိုရင် မြန်မာနိုင်ငံ နှင့် တရုတ်ပြည်သူသမ္မတနိုင်ငံအကြားမှာ ကုန်စည်ဖလှယ်မှု ၊ စီးဆင်းမှုတွေကို ပိုပြီးကောင်းလာစေနိုင်မယ်လို့ မြင်တယ်။ ဒါပေမဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့နေရာမှ  မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ကုမ္ပဏီကြားမှ  တန်းတူရည်တူ ရှိရှိ ၊  နှစ်ဖက်အကျိုးအမြက်ရနိုင်တဲ့ ပုံစံမျိုး ဖြစ်ဖို့လိုပြီးတော့ ဒေသခံတိုင်းရင်းသားတွေနဲ့  ညှိနှိုင်းပြီးတော့ လိုအပ်တဲ့ မြေယာလျော်ကြေး  ထိထိရောက်ရောက်ပေးပြီးတော့ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ မြင်တယ်။

 ဒီရထားလမ်းကတော့ ဒေသဖွံဖြိုးရေး ၊ လမ်းပန်းဆက်သွယ်ရေးအတွက်တော့  ပိုပြီးကောင်းသွားစေနိုင်တယ်။ သို့သော်တစ်ဖက်က အကျိုးအမြတ်ခွဲဝေတဲ့နေရာ ၊ ဒီစီမံကိန်းက အစိုးရ နှင့် တရုတ်ကုမ္ပဏီအကြား အကျိုးအမြတ်ခွဲဝေတာ ၊ ဒီစီမံကိန်းရဲ့ အကျိုးအမြတ်ကို ဒေသခံပြည်သူ့လူထုက ဘယ်လောက်အထိ ခံစားရမလဲ ။ ဒီရထားလမ်းကို အကြောင်းပြုပြီးတော့  ဒေသခံပြည်သူ့လူထုရဲ့ ဘဝတွေ ဘယ်လောက်အထိမြှင့်တင်ပေးနိုင်မလဲ ၊ ဒါတွေကတော့ အစိုးရပိုင်း ၊ လွှတ်တော်ကိုယ်စားလှယ် ၊ အရပ်ဖက် အဖွဲ့အစည်းတွေအပိုင်းက ဝိုင်းပြီး ကြည့်ရမယ်လို့ မြင်တယ်။

နောက်တစ်ဖက်က ဒီလို့ကုန်စည်စီးဆင်းမှုနဲ့ အတူ  စီးပွားရေးလုပ်ငန်းတွေ ၊ လူတွေက မြန်မာနိုင်ငံထဲကို အလုံးအရင်း ဝင်လာနိုင်တာလဲ ဖြစ်နိုင်တယ်။   အဲ့ဒီအခါ  ဒါတွေကို ဥပဒေ ၊ နည်းဥပဒေတွေနဲ့ အညီ စိစစ်ပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။

 ဒီစီမံကိန်းအကောင်အထည်ဖော်နိုင်ဖို့က နောက်အစိုးရလက်ထက် ၂၀၂၀ ကျော်လောက်မှပဲ အကောင်အထည်ဖော်နိုင်မယ်လို မြင်တယ်။ လက်ရှိအစိုးရလက်ထက်မှတော့ ဖြစ်နိုင်ခြေဆန်းစစ်ကတော့  ၊ ညှိနှိုင်းဆွေးနွေးတာတို့ ထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပြီးတော့ နောက်ဆုံးသဘောတူညီချက် လက်မှတ်ရေးထိုးပြီး  နောက်အစိုးရလက်ထက်ကျမှ အကောင်အထည်ဖော်လာနိုင်မယ်လို့ မြင်ပါတယ်။

ဦးအောင်မင်း
မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်

လမ်းပန်းဆက်သွယ်ရေးပိုင်းက နိုင်ငံအတွက်တော့ ခရီးတစ်ခုကို လျှင်မြန်စွာ ရောက်မယ်။  ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကောင်းသွားမယ်ထင်ပါတယ်။ ခရီးသွားလုပ်ငန်းဖွြံဖိုးတိုးတက်ရေးဆိုတာ တကယ်လိုအပ်တဲ့အရာလေ။  ကောင်းသွားမှာ ။ အခုတော့ လေ့လာဆန်းစစ်တဲ့အဆင့်ပဲ ရှိသေးတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com