All News Local News

တရားခံပြသက်သေနှစ်ဦးစစ်ဆေးပြီးလျှင် ကရင်နီလူငယ် ၆ ဦးကို အမိန့်ချမှတ်မည်

တရားခံပြသက်သေနှစ်ဦးစစ်ဆေးပြီးလျှင် ကရင်နီလူငယ် ၆ ဦးကို အမိန့်ချမှတ်မည်

ရန်ကုန်၊ အောက်တိုဘာ ၉

ကယားပြည်နယ်အစိုးရက နိုင်လွတ်လုံပုဒ်မ၁ဝဖြင့်တရားစွဲဆိုထားသော ကရင်နီလူငယ်၆ဦးအမှုကို အောက်တိုဘာလ ၈ရက်နေ့က လွိုင်ကော်မြို့နယ် တရားရုံးတွင် ရုံတင်စစ်ဆေးခဲ့ပြီး တရားခံပြသက်သေနှစ်ဦး စစ်ဆေးရန်သာ ကျန်ရှိတော့ပြီး ယင်းသက်သေနှစ်ဦး စစ်ဆေးပြီးလျှင် အမိန့်ချမှတ်မည့်ရက်သတ်မှတ်သွားမည် ဖြစ်ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မမှုအန်းဂျေလာက ပြောဆိုသည်။

ကရင်နီလူငယ်၆ဦး၏ ၁၅ ကြိမ်မြောက် ရုံးထုတ်တွင် စွပ်စွဲခံရသူများဘက်မှ တရားခံပြသက်သေ၂ဦးဖြစ်သည့် ကယားပြည်နယ် ပြည်နယ်လွှတ်တော် ဦးသဲရယ် နှင့် ဖိလစ်စိုးအောင် တို့ (၂)ဦးကိုစစ်ဆေးခဲ့ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂထံမှ သိရှိရသည်။

“အခြေအနေကတော့ ဒီတိုင်းပဲ ခံပြသက်သေနှစ်ဦးကို စစ်ဆေးတာပဲရှိတယ်။ သက်သေခံနှစ်ဦးပဲ စစ်ဆေးပဲကျန်တော့တာ နောက်တစ်ပတ်စစ်မယ့် ခံပြသက်သေထဲမှာ ကျွန်မကိုယ်တိုင်ပါဝင်တာပေါ့။ ကျွန်မရယ်နောက်တစ်ယောက်က မနော်ဖောဝါးပေါ့။ နောက်တစ်ပတ်ရုံးချိန်းက သီတင်းကျွတ်ရုံးပိတ်ရက်နဲ့ ခံနေတဲ့အတွက်ကြောင့် လာမည့် ၁၇ရက်နေ့ကို စစ်ဆေးသွားမယ်ပေါ့။ အဲတာပြီးရင် အမိန့်ချမှာကိုပဲ စောင့်ကြည့်ရမှာပေါ့။ လောလောဆယ်ကတော့ မှတ်ချက်ပေးစရာမရှိသးဘူး။ အမိန့်ချမှတ်မှုအပေါ်ကိုပဲ စောင့်ကြည့်ရမှာပေါ့”ဟု မမှုအန်းဂျေလာကဆိုသည်။

ကရင်နီလူငယ်၆ဦးကို ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူခြင်းကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအလ်ဖောင်းရှိုနှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ ကရင်နီအမျို းသားသစ္စာဖောက်များ တိုင်းရင်းသားများသွေးစည်း ချစ်ကြည်ရေး၏ ရန်သူများ ကျေးဇူးကန်းသူများအဖြစ်သတ်မှတ်ကြေညာခြင်းနှင့် ပတ်သက်ပြီး နိုင်လွတ်လုံ ပုဒ်မ ၁ဝဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

နိုင်လွတ်လုံ ပုဒ်မ ၁ဝသည် အမြင့်ဆုံး ထောင်ဒဏ် ၇နှစ်မှ အနိမ့်ဆုံး ထောင်ဒဏ် ၃နှစ်ထိ ချမှတ်နိုင်ပြီး ငွေဒဏ်အားဖြင့် ၁ဝသိန်းကျပ်ထိ ပေးဆောင်ရမည်ဖြစ်ကာ ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။

Photo Credit – PKPF

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com