Local News Peace political news

တပ်မတော်၏ ပြင်းထန်သော ထိုးစစ်ကို မြောက်ပိုင်း ၃ ဖွဲ့ တုံ့ပြန်မည်ဟု AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံပြောဆို

တပ်မတော်၏ ပြင်းထန်သော ထိုးစစ်ကို မြောက်ပိုင်း ၃ ဖွဲ့ တုံ့ပြန်မည်ဟု AA အဖွဲ့ ပြန်ကြားရေးတာဝန်ခံပြောဆို

ရန်ကုန်၊ အောက်တိုဘာ ၂၉

တပ်မတော်က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်သော AA ရခိုင်တပ်မတော်၊ MNDAA ကိုးကန့် တပ်ဖွဲ့၊ TNLA ပလောင်တပ်ဖွဲ့တို့ကို ပြင်းထန်သော ထိုးစစ်များ ဆင်နွှဲနေသည့်အတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က မကြာမီ တုံ့ပြန်မည်ဖြစ်ကြောင်း AA အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မြန်မာစစ်တပ်က နေ့တိုင်းထိုးစစ်တွေလုပ်နေတယ်။ မနေ့က မင်းပြားဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်တာတွေရှိတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချိန်ပြည့်ပစ်ခတ်နေတာတွေရှိတယ်။ ရမ်းပြီးတော့ နေ့စဉ်နဲ့ အမျှပစ်ခတ်နေတော့ ရွာတွေထဲ ကိုကျည်ကျလို့ ဒေသခံတွေ ထွက်ပြေးနေရတာတွေရှိတယ်။ အရပ်သားပြည်သူတွေလည်း ထိခိုက်တာတွေ ရွာတွေမှာမနေရဲတော့ဘူး။ ကျွန်တော်တို့ဖက်က ငြိမ်းချမ်းရေးအတွက် တစ်ဖက်သက် အပစ်ရပ်တယ်ဆိုပြီးတော့ ကြေညာထားတာရှိတယ်။ တပ်မတော်ဖက်က ထိုးစစ်တွေကိုမရပ်ဘူး။ နေ့စဉ်နဲ့အမျှ ပိုပိုဆိုးဆိုးလာတယ်။ သူတို့ထိုးစစ်တွေကို ကျွန်တော်တို့က ခုခံတိုက်ခိုက်နေရတာပေါ့။ အဲလိုနေ့စဉ်နဲ့ အမျှတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက် ကျွန်တော်တို့ ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း သူတို့ထိုးစစ်တွေ အမြန်ဆုံးရပ်တန့်ဖို့အတွက် လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်”ဟု AAပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယနေ့ တွင် ကြေညာချက်တစ်ရပ်ကိုလည်း ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်တွင် ပြည်တွင်းစစ်မီးများ ပိုမိုပြင်းထန်စွာတောက်လောင်နေခြင်းနှင့် မိဘပြည်သူလူထုများ စစ်ဘေးဒဏ်ပိုမို ခံစားနေရခြင်းများကို ရပ်တန့်အဆုံးသတ်နိုင်ရန်အတွက် တပ်မတော်၏ ညီနောင်သုံးဖွဲ့အပေါ် ပြုလုပ်နေသော ထိုးစစ်များကို အမြန်ဆုံးရပ်တန့်ပြီး စစ်မှန်သော စိတ်ဆန္ဒနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် ထိုးစစ်များကိုမရပ်တန့်ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲများမှာ တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း ဖော်ပြထားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်မှု နှင့်ပတ်သက်၍ မေးမြန်းရန် ရန်ကုန်ခေတ်သစ်က ဆက်သွယ်သော်လည်း ဖုန်းဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမရှိပေ။ ရန်ကုန်ခေတ်သစ်သတင်းဌာနသည် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို အမြဲလိုလို ဆက်သွယ်သော်လည်း မည်သူကမှ တာဝန်ခံ ဖြေဆိုခြင်းမပြုပေ။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ရက်နေ့ကလည်း ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးယင်းနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ စုစုပေါင်း ၁၅ဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ- သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရုတ်တရက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး နောင်ချိုမြို့နယ် ဂုတ်တွင်းရဲစခန်းကိုလည်း တိုက်ခိုက်ခဲ့ကြသည်။

Photo Credit – Reuters

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts